RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။
နော်ဝေ နိုဘယ်ဆုရွေးချယ်ကော်မတီက ချီးမြှင့်သည့် ၂၀၂၆ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို တောင်အာဖရိကနိုင်ငံမှ နာဗာနီသမ် “နာဗီ” ပိလေး (Navanethem “Navi” Pillay) ရရှိခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၉ ရက်) ထုတ်ပြန်ထားသည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သည့် နာဗီပီလေးကို ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အပြစ်ပေးနိုင်ရေးအတွက် တရားမျှတမှုကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နာဗီပီလေးသည် လက်ရှိ၌ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ယာယီတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများဖြင့် ဂမ်ဘီယာမှ တရားစွဲဆိုထားသော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အမှု၌လည်း အထူးယာယီတရားသူကြီးအဖြစ် ပါဝင်နေသူဖြစ်သည်။

၂၀၂၆ ခုနှစ်အတွက် နိဘယ်ဆုရှင်များကို ယခု အောက်တိုဘာ (၅) ရက်နေ့မှ (၁၂) ရက်နေ့အထိ နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာနေခြင်းဖြစ်သည်။
ဆေးပညာဆိုင်ရာနိုဘယ်ဆုအတွက် အမေရိကန်စိတ်ရောဂါကုနှင့် အာရုံကြောဆိုင်ရာ ဆရာဝန် Karl Deisseroth နှင့် ဂျာမနီ သိပ္ပံပညာရှင် Peter Hegemann ၊ Georg Ngel တို့က ဇီဝကမ္မဗေဒနှင့် ဆေးပညာနိုဘယ်ဆု ရရှိထားသည်။ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုအတွက် အမေရိကန်မှ Francis Haizen က ရရှိထားပြီး ဓာတုဗေဒဆိုင်ရာနိုဘယ်ဆုအတွက် ပြင်သစ်မှ Henri B. Kagan နှင့် ဂျပန်မှ Kenso Soai တို့က ရရှိထားသည်။
ထို့ပြင် စာပေဆိုင်ရာ နိုဘယ်ဆုအတွက် ကနေဒါနိုင်ငံသူ ကဗျာဆရာမ Anne Carson က ရရှိထားပြီး ရှေးဟောင်းစာပေရိုးရာများနှင့် ခေတ်ပြိုင်စာပေများကို ဆန်းသစ်စွာဖြင့် အပြန်အလှန်ချိတ်ဆက်ပြီး စာပေပုံစံသစ်များကို ဖန်တီးပေးနိုင်ခဲ့သည့်အတွက် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။