RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။
မကွေးတိုင်း မြိုင်မြို့နယ် ဝက်ပုတ်ရွာ၌ စစ်အုပ်စု အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်း (၁၂) လောင်းကို (၃) နှစ်ကျော်အကြာ အောက်တိုဘာ (၄) ရက်၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း – မြိုင်က ထုတ်ပြန်ထားသည်။
မြိုင်မြို့နယ် ဒေသအဖွဲ့အစည်းများက ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်း (၁၂) လောင်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လဆန်းပိုင်းက မြိုင်မြို့နယ်အတွင်း ကျေးရွာများကို စစ်အုပ်စုနှင့် လက်အောက်ခံ ပျူစောထီးအဖွဲ့များက စစ်ကြောင်းထိုးချိန် ဖမ်းဆီးခံရသည့် ဒေသခံပြည်သူများဖြစ်ကြောင်း သိရသည်။
စစ်အုပ်စု၏ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခံရသူများသည် ဂွေးကုန်ရွာမှ ပြည်သူ (၅) ဦး၊ မကျီးကုန်းရွာမှ ပြည်သူ (၁) ဦး၊ သံချောင်းရွာမှ ပြည်သူ (၁) ဦးနှင့် မကျည်းကန်ရွာမှ ပြည်သူ (၁) ဦးတို့ဖြစ်ကြောင်း ဒေသအဖွဲ့အစည်းများ ရှာဖွေတွေ့ရှိခဲ့သည့် မှတ်တမ်းများအရ သိရကြောင်း အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း – မြိုင်က ဖော်ပြထားသည်။

မြိုင်မြို့နယ် ကျေးရွာများ ပြည်သူ (၁၂) ဦးသည် ၂၀၂၃ ဇွန်လ (၉) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဇွန်လ (၁၁) ရက် နံနက် (၁၀) နာရီဝန်းကျင်၌ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဝက်ပုတ်ကျေးရွာကို ဒေသကာကွယ်ရေးအဖွဲ့များက ၂၀၂၄ ခုနှစ်အတွင်း တိုက်ခိုက်သိမ်းယူပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန် သိမ်းဆည်းရရှိခဲ့သည့် မှတ်တမ်းစာရွက်စာတမ်းများအရ သိရခြင်းဖြစ်သည်။
ဝက်ပုတ်ရွာကို ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းယူပြီးနောက် သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူ (၁၂) ဦး၏ ရုပ်အလောင်းများကို ၂၀၂၄ ခုနှစ်ကတည်းက ရှာဖွေနေခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုနှစ် အောက်တိုဘာ (၄) ရက်နေ့၌ ဒေသခံအမျိုးသားတစ်ဦးက မှိုရှာထွက်ချိန် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာကို တွေ့ရှိခဲ့ခြင်းကြောင့် ရှာဖွေတူးဖော်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်အုပ်စု အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားသည့် ရုပ်အလောင်းများကို မြေကျင်း (၂) ခု၌ တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ကြိုးတုတ်၊ မျက်နှာကို အဝတ်စည်းထားကာ သတ်ဖြတ်မြှုပ်နှံထားခဲ့ခြင်းဖြစ်ကြောင်း၊ အလောင်းများကို ပြန်လည်တူးဖော်ချိန် ၎င်းတို့နှင့်အတူ မှတ်ပုံတင်၊ ကျောင်းသားကတ်နှင့် မွေးစာရင်း အစရှိသည့် စာရွက်စာတမ်းအချို့ကိုလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် အများအပြားရှိခဲ့ပြီး စစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အောက်တိုဘာ (၂) ရက်နေ့အထိ အရပ်သားပြည်သူ (၈၄၇၇) ဦးအထိ သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။