မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့မှုကို ချက်ချင်းရပ်တန့်ရန် မလေးရှားကို ကုလသမဂ္ဂ ပြော

RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။

မလေးရှားအစိုးရ တာဝန်ရှိသူများအနေဖြင့် မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့မှုကို ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံတကာဥပဒေထုံးတမ်းစဉ်လာများကို လေးစားလိုက်နာရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Kelley E. Currie က တောင်းဆိုထားသည်။

မလေးရှား ထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများထဲမှ (၅၀၀၀) ကို နေရပ်ပြန်ပို့ရန် စစ်အုပ်စုတာဝန်ရှိသူများနှင့် မလေးရှားအစိုးရကြား သဘောတူညီမှုရရှိခဲ့ပြီးနောက် ပထမအသုတ်အနေဖြင့် မြန်မာဒုက္ခသည် (၁၄၇၆) ဦးကို ပြီးခဲ့သည့် စက်တင်ဘာ (၂၉) ရက်က နေရပ်ပြန်ပို့မှု စတင်ခဲ့ခြင်းဖြစ်သည်။

“အမျိုးသမီးတွေနဲ့ ကလေးတွေပါအပါအဝင် မြန်မာနိုင်ငံသား (၅၀၀၀) ကို နေရပ်ပြန်ပို့ဖို့ မြန်မာစစ်တပ်အာဏာပိုင်တွေနဲ့ သဘောတူညီမှုရယူခဲ့တဲ့ မလေးရှားအစိုးရရဲ့လုပ်ဆောင်မှုအပေါ် ကျွန်မအနေနဲ့ အတော်လေးစိုးရိမ်မကင်းဖြစ်ရပါတယ်။ မလေးရှားအစိုးရအနေနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့ လိုအပ်သလို ဒုက္ခသည်များကို အတင်းအကြပ် နေရပ်ပြန်ပို့တာကို ရပ်တန့်ဖို့ တောင်းဆိုပါတယ်”ဟု Kelly E. Currie က ပြောကြားထားသည်။

နေရပ်စွန့်ခွာလာရသည့် ဒုက္ခသည်များအနေဖြင့် မိခင်နိုင်ငံသို့ ပြန်ပို့ခံရချိန် အသက်အန္တရာယ် သို့မဟုတ် ညှင်းပန်းနှိပ်စက်မှုတို့ဖြင့် ရင်ဆိုင်ရနိုင်ပါက ၎င်းတို့က အတင်းအကြပ် နေရပ်ပြန်ပို့ခြင်းမလုပ်ဆောင်ရန် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်တွင် ဖော်ပြထားပြီး ယင်းစာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသည့် နိုင်ငံများလည်း လိုက်နာရန် တာဝန်ရှိသော အပြည်ပြည်ဆိုင်ရာ ထုံးတမ်းဥပဒေတစ်ခုဖြစ်သည်။

မလေးရှားအစိုးရက နေရပ်ပြန်ပို့ခဲ့သည့် မြန်မာနိုင်ငံသား (၁၄၇၆) ဦးကို စစ်အုပ်စု တာဝန်ရှိသူများက စစ်ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ပြီးနောက် အောက်တိုဘာ (၁) ရက် နံနက်ပိုင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။

မြန်မာဒုက္ခသည်များအား မလေးရှားအစိုးရမှ နေရပ်ပြန်ပို့မှုသည် အရပ်သားပြည်သူ (၅၀) ဦး သေဆုံးခဲ့သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ပြီး နောက်တစ်ရက်၌ လုပ်ဆောင်ခဲ့ခြင်းကြောင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ (APHR) က ကန့်ကွက်ရှုတ်ချမှုများ ရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေပြီး ရိုဟင်ဂျာဒုက္ခသည်များအား အကြမ်းဖက်မှုများကို စစ်အုပ်စုမှ စနစ်တကျ လုပ်ဆောင်နေချိန် ယခုကဲ့သို့ နေရပ်ပြန်ပို့မှုများကို ရပ်တန့်ရန် လိုအပ်ကြောင်းနှင့် ဘေးကင်းလုံခြုံပြီး ၎င်းတို့၏ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ပါသာလျှင် ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်သင့်ကြောင်း Kelly E. Currie က ပြောကြားထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူသည် ပြီးခဲ့သည့် ဩဂုတ်လ (၃၁) ရက်နေ့အထိ (၄၇၄၂၆၆၁) ဦးအထိရှိနေကြောင်း၊ ယင်းတို့အထဲမှ (၂၉၆၀၀) သည် ပင်လယ်ရေကြောင်းခရီးမှ အိမ်နီးချင်းနိုင်ငံများသို့ နေရပ်စွန့်ခွာလာသူများဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်ကြီးရုံးက ထုတ်ပြန်ထားသည်။

By RNA Editor