ကျောက်တော်ဗုံးကြဲခံရပြီးနောက် မလေးရှားက မြန်မာနိုင်ငံသားများကို စစ်အုပ်စုထံ ပြန်လွှဲပေး

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။

မလေးရှားအစိုးရက ဖမ်းဆီးထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားများအား စစ်အုပ်စုထံ ပြန်လည်လွှဲပြောင်းပေးနေမှုကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များ (APHR) က ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ထားသည်။

ယနေ့နံနက်ပိုင်း၌ ပီရတ် (Perak) ပြည်နယ် လူမွတ် (Lumut) ဆိပ်ကမ်းမှတဆင့် မြန်မာနိုင်ငံသား (၁၅၀၀) အား စစ်အုပ်စုထံ လွှဲပြောင်းပေးမှုလုပ်ငန်းစဉ်များကို မလေးရှားအစိုးရ တာဝန်ရှိသူများက စတင်လုပ်ဆောင်နေမှုအပေါ် နေရပ်ပြန်ပို့ခံရသူများအတွက် ဘေးကင်းလုံခြုံမှုရှိမှသာ နေရပ်ပြန်ပို့ရန် APHR က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စုနှင့် သဘောတူညီမှုရထားသည့် မလေးရှားအစိုးရမှ နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသား (၅၀၀၀) ထဲမှ ယခု ပထမဆုံးအသုတ်အဖြစ် (၁၅၀၀) ကို ပြန်ပို့ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုက စစ်သင်္ဘော (၂) စင်း၊ ဆေးဘက်ဆိုင်ရာ စစ်သင်္ဘော (၁) စင်းတို့ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Photo: AFP

မလေးရှားထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ခံရမှု အစီအစဉ်သည် ၎င်းတို့၏ သဘောဆန္ဒအလျောက်မဟုတ်ဘဲ ဖိအားပေးခံရခြင်းများကြောင့်သာဖြစ်ကြောင်း မလေးရှားလွှတ်တော်အမတ်ဟောင်းနှင့် APHR ပူးတွဲဥက္ကဋ္ဌ Charles Santiago က ပြောသည်။

ယခုကဲ့သို့ နေရပ်ပြန်ပို့ခံရမှုဖြစ်စဉ်သည် စက်တင်ဘာ (၂၈) ရက်က အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သည့် ကျောက်တော်မြို့ရှိ အိန္ဒိယဈေးကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်အပြီး နောက်တစ်ရက်၌ မလေးရှားက မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း APHR က ဆိုသည်။

အတင်းအကျပ် နေရပ်ပြန်ုပို့ခံရသူများသည် စစ်အုပ်စု၏ အဓမ္မစစ်မှုထမ်းတပ်သားသစ် စုဆောင်းခံရမှုများနှင့် ကြုံတွေ့နိုင်ပြီး နိုင်ငံတွင်း တိုက်ပွဲများပြင်းထန်နေချိန် ယခုကဲ့သို့ ပြန်ပို့ခံရမှုသည် ၎င်းတို့အတွက် ဘေးကင်းလုံခြုံမှု မရှိနိုင်ကြောင်း၊ နိုင်ငံတကာဥပဒေများအရ ညှင်းပန်းနှိပ်စက်မှု သို့မဟုတ် ဘေးကင်းလုံခြုံမှုမရှိသည့် ဒေသသို့ အတင်းအကျပ် နေရပ်ပြန်ပို့မှုများကို တားမြစ်ထားကြောင်း၊ မလေးရှားအစိုးရသည် ဒုက္ခသည်များဆိုင်ရာထုံးတမ်းဥပဒေများကို ချိုးဖောက်နေကြောင်း APHR က ထောက်ပြထားသည်။

By RNA Editor