RNA_စက်တင်ဘာ(၁၈)၊၂၀၂၆ခုနှစ်။
ကရင်နီပြည်နယ် ဖရူမြို့နယ် မိုဆိုရွာအနီး၌ ကင်းစောင့်နေသည့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDF) ရဲဘော် (၅) ဦး အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ကျဆုံးသွားကြောင်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။
စက်တင်ဘာ (၁၇) ရက် နေ့လည်ပိုင်းက မိုဆိုရွာအနီး၌ စစ်အုပ်စုက အသေခံဒရုန်းဖြင့် တိုက်ခိုက်ချိန် အနီးဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း သိရပြီး သေဆုံးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးကြောင်း IEC အတွင်းရေးမှူး (၂) ကိုဗညားက Red News Agency ကို ပြောသည်။
“ကျွန်တော် သိရသလောက်ကတော့ မနေ့က ဖြစ်တာ ဟုတ်ပါတယ်။ ရဲဘော် (၅) ဦး ကျဆုံးသွားတာ ဟုတ်ပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်လည်း မသိရသေးလို့ပါ”ဟု ကိုဗညားက ပြောသည်။
အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအတွင်း KNDF ရဲဘော် (၅) ဦး ကျဆုံးခဲ့ရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ KNDF သတင်းပြန်ကြားရေးတာဝန်ခံ သာအယ်စိုးကလည်း အတည်ပြုထားပြီး အသေးစိတ်အခြေအနေကိုတော့ မဖြေကြားလိုကြောင်း ပြောကြားထားသည်။
စစ်အုပ်စုက ဒီမော့ဆိုမြို့နယ်အနီးတဝိုက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများနှင့် စစ်ဘေးရှောင်နေရာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုများအပြင် လက်နက်ကြီးပစ်ခတ်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
စက်တင်ဘာ (၁၄) ရက်နှင့် (၁၆) ရက်နေ့တို့ကလည်း ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း အရပ်သားပြည်သူများရှိနေရာကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အသက် (၉) နှစ်အရွယ် ကလေး (၁) ဦးနှင့် အသက် (၃၀) အရွယ် အမျိုးသား (၁) ဦးတို့ သေဆုံးခဲ့ပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။