မြန်မာစစ်အုပ်စုက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၌ သိသိသာသာ ပျက်ကွက်နေဟု အမေရိကန်သတ်မှတ်

RNA_စက်တင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။

မြန်မာစစ်အာဏာရှင်များက ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု တိုက်ဖျက်ရေးတို့ကို လုပ်ဆောင်ရာမှာ သိသိသာသာ အားနည်းပျက်ကွက်နေခြင်းကြောင့် မြန်မာနိုင်ငံကို မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိသည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း အိမ်ဖြူတော်က ယနေ့ (စက်တင်ဘာ ၁၇ ရက်) တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ထိပ်တန်းနိုင်ငံစာရင်းတွင်ရှိနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတ်မှတ်ထားချိန် အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာနှင့် မက္ကဆီကိုနိုင်ငံတို့နှင့်အတူ မူးယစ်ဆေးဝါး အများဆုံးထုတ်လုပ်ဖြန့်ချိရာ နိုင်ငံများထဲတွင် ပါဝင်နေကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။

အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ည့် နိုင်ငံပေါင်း (၂၃) နိုင်ငံစာရင်းတွင် တရုတ်၊ အိန္ဒိယ၊ လာအိုတို့လည်း ပါဝင်ခဲ့ပြီး အာဖဂန်နစ္စတန်၊ ဘိုလီးဗီယား၊ မြန်မာ(Burma) ကိုလံဘီယာနိုင်ငံတို့သည် ပြီးခဲ့သည့် (၁၂) လတာကာလအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါး သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအစီအမံများကို လုပ်ဆောင်ရန် သိသိသာသာ ပျက်ကွက်ခဲ့ကြောင်း၊ မြန်မာစစ်အုပ်စုသည် လုံလောက်သည့် ကြိုးပမ်းအားထုတ်မှု မရှိခဲ့ကြောင်း အိမ်ဖြူတော်က ဖော်ပြထားသည်။

ကုလသမဂ္ဂ (UNODC) မှ ထုတ်ပြန်ထားသည့် အစီရင်ခံစာများအရ မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျမသွားဘဲ စိုက်ပျိုးဧရိယာ ပိုမိုကျယ်ပြန့်လာနေကြောင်း၊ ဘိန်းစိုက်ပျိုးမှုအများဆုံးသည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် အများဆုံးစိုက်ပျိုးနေကြောင်း၊ ကချင်၊ ကယား (ကရင်နီ) ၊ စစ်ကိုင်းတိုင်းအနောက်ဘက်နှင့် ချင်းပြည်နယ်တို့တွင်လည်း ဘိန်းစိုက်ပျိုးမှုများရှိနေကြောင်း သိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်မှု ပျက်ကွက်သည့်စာရင်းတွင် မြန်မာနိုင်ငံအား အမေရိကန်က ထည့်သွင်းဖော်ပြမှုသည် နိုင်ငံတကာ၌ တရားဝင်မှုရရှိရန်နှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို မျှော်လင့်နေသည့် အာဏာသိမ်းစစ်အုပ်စုအတွက် အထိနာစေမည်ဖြစ်သည်။

By RNA Editor