မင်းတုန်းမြို့နယ်ကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၄) ဦးအပါအဝင် (၆) ဦး သေဆုံး

RNA_စက်တင်ဘာ(၁၅)၊၂၀၂၆ခုနှစ်။

မကွေးတိုင်း မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ကလေး (၄) ဦးအပါအဝင် (၆) ဦး သေဆုံးခဲ့ပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သရက်ခရိုင် အမှတ် (၄) တပ်ရင်းက စက်တင်ဘာ (၁၄) ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာ (၁၃) ရက် ညနေ (၄) နာရီ (၄၀) မိနစ်ဝန်းကျင်က သရက်မြို့အခြေစိုက် စစ်အုပ်စု အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂) မှတက်လာသည့် ပါရာမော်တာ စက်တပ်လေထီး (၃) စီးဖြင့် မင်းတုန်းမြို့အနောက်ဘက်ရှိ ဇွန်းကျရွာကို ဗုံး (၈) လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၀) နှစ်မှ (၁၇) နှစ်ကြား ကလေး (၄) ဦးအပါအဝင် (၆) ဦး သေဆုံးခဲ့ပြီး အသက် (၁၀) နှစ်မှ (၁၆) နှစ်ကြား ကလေး (၄) ဦးအပါအဝင် (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ကလေးငယ်အများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိခဲ့ခြင်းဖြစ်သည်။

ဇွန်းကျကျေးရွာသည် ရခိုင်ရိုးမအစပ်၌ တည်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး ကျေးရွာအနီးတဝိုက်၌ တိုက်ပွဲဖြစ်ပွားခြင်းမဖြစ်ဘဲ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်တပ်အာဏာသိမ်းကာလနောက်ပိုင်း နိုင်ငံတစ်ဝန်း အရပ်သားပြည်သူ (၄၀၈၃) ဦးအထိ သေဆုံးခဲ့ပြီး မကွေးတိုင်း၌ (၂၄၃) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (MPM) မှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

Red News Agency, Red News, RNA

By Editor