Red News Agency

Independent Journalism for Justice and Human Rights.

အရပ်သားများကိုဗုံးကြဲနေသည့် စစ်အုပ်စုက တံတားဦးလေတပ်စခန်းတိုက်ခိုက်ခံရမှုအပေါ် ဂျီနီဗာကွန်ဗင်းရှင်း ချိုးဖောက်ဟု ပြော

Written by

in

အရပ်သားများကိုဗုံးကြဲနေသည့် စစ်အုပ်စုက တံတားဦးလေတပ်စခန်းတိုက်ခိုက်ခံရမှုအပေါ် ဂျီနီဗာကွန်ဗင်းရှင်း ချိုးဖောက်ဟု ပြော

RNA_စက်တင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။

မန္တလေးတိုင်း တံတားဦးမြို့နယ်ရှိ တိုက်ခိုက်ရေးလေယာဉ်များ ရပ်နားထားရာ လေတပ်စခန်း တိုက်ခိုက်ခံရမှုအပေါ် ဂျီနီဗာကွန်းဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်အုပ်စုက စက်တင်ဘာ (၁၀) ရက်တွင် တုံ့ပြန်ပြောဆိုထားသည်။

အရပ်သားပြည်သူများကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှု အများဆုံးလုပ်ဆောင်နေသည့် တံတားဦးလေတပ်စခန်းမှ တိုက်လေယာဉ်များကို ပစ်မှတ်ထားကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့များက စက်တင်ဘာ (၁၀) ရက် မွန်းလွဲပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

FPV အသေခံဒရုန်း (၆) စင်းဖြင့် တိုက်ခိုက်ခံရပြီးနောက် တံတားဦးလေတပ်စခန်းအနီးရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်များကို ချက်ချင်းရပ်နားခဲ့ပြီး လေဆိပ်ခရီးစဉ်များကိုလည်း (၂) ရက်တာ ပိတ်ထားကြောင်း သိရသည်။

စစ်အုပ်စုလေတပ်စခန်း တိုက်ခိုက်ခံရမှုအပေါ် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုရာ လေကြောင်းပို့ဆောင်ရေး လေယာဉ်ကွင်းကို PDF များက တိုက်ခိုက်ခဲ့သည်ဟု မန္တလေးလေဆိပ်ကို တိုက်ခိုက်ခဲ့သယောင် စစ်အုပ်စုက ပြောဆိုခဲ့ပြီး စစ်ရာဇဝတ်မှု၊ ဂျီနီဗာကွန်ဗင်းရှင်းကို ကျူးလွန်ကြောင်း စွပ်စွဲပြောဆိုထားသည်။

စစ်အုပ်စုက နိုင်ငံတစ်ဝန်းရှိ စစ်ရေးနှင့်မသက်ဆိုင်သော နေရာများမှအရပ်သားပြည်သူများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်မှု၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား တားဆီးပိတ်ဆို့မှုများသည် လူသားမျိုးနွယ်များအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းသာဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

တံတားဦးလေတပ်စခန်းရှိ တိုက်ခိုက်လေယာဉ်များကို PDF ပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ချိန် လေယာဉ်အချို့ ထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း လေတပ် CDM ဗိုလ်ကြီးတစ်ဦးကလည်း သုံးသပ်ပြောကြားထားသည်။ သို့သော် စစ်အုပ်စု၏ သတင်းထုတ်ပြန်မှု၌ ဒရုန်းများကို ကြိုတင်တားဆီးနိုင်ခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၄ ဧပြီလအတွင်းက နေပြည်တော်ရှိ စစ်အုပ်စုအေလာလေတပ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက်ပိုင်း တံတားဦးလေတပ်စခန်းကို FPV အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုသည် ဒုတိယမြောက်ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း (၅) နှစ်ကျော်ကာလအတွင်း စစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် နိုင်ငံတစ်ဝန်း အရပ်သားပြည်သူ (၈၃၆၇) ဦးအထိ သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပြီး စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် (၁၂၅၃၂၈) လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar မှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

Red News Agency , Red News , RNA