RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့်ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်း၏ အဖြေမဟုတ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်းပဋိပက္ခကို မိုပိုပြင်းထန်လာစေရုံသာမက ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ်စေမည်ဟု KNU က ပြောကြားလိုက်သည်။
ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများက စစ်အာဏာရှင်သက်ဆိုးရှည်ရေး၊ စစ်တပ်အာဏာသိမ်းယူမှု တရားဝင်မှုရရှိစေရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းသည့် အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ခြင်းဖြင့် “အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ” ဖြစ်သွားနိုင်သည့်အတွက် နည်းလမ်းပေါင်းစုံဖြင့် ရှောင်ရှားနိုင်ရေး ကြိုပမ်းကြရန် လိုအပ်ပါသည်ဆိုသည့် အချက်တို့အပါအဝင် (၇) ချက်ကို KNU က စစ်တပ်ပြုလုပ်မဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်သည့်သဘောထား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပရန်ကြိုးစားခြင်းသည် ASEAN ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရန် မျက်ကွယ်ပြုခြင်းဖြစ်ပြီး “စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ” ဖြစ်သည့် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး နိုင်ငံရေးပါတီများက အဆိုပါ အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် တည် ဆောက်မှုအတွက် အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း၊ အာဏာသိမ်းစစ်တပ်ကပြုလုပ်မည့် ရွေးကောက်ပွဲသည် ဥပဒေကြောင်းအရ တရားမဝင်ခြင်း၊ ပြည်သူများအားလုံးပါဝင်နိုင်သည် အခြေအနေတွင် မရှိခြင်းနှင့် လိုသလို အဖြေထုတ်နိုင်သည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တို့ကြောင့် ကရင်အမျိုးသားအစည်းအရုံး – KNU က လုံးဝ လက်မခံကြောင်း အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သဘောထားကို ထုတ်ပြန်ပြောကြားလိုက်သည်။
#RedNewsAgency #REDNEWS #RNA