၂၁ ရာစု ဦးနှောက်နဲ့ ကျော်ဖြတ်လိုက်ကြရအုံးမယ့် စစ်တပ်ရဲ့ဝါဒဖြန့်ယန္တရား

“စစ်ကောင်စီရဲ့ ဝါဒဖြန့်ယန္တရားက သာမန်ပြည်သူတွေရဲ့မသိစိတ်ထဲကို အကြောက်တရားတွေပုံစံအမျိုးမျိုးနဲ့ ရောက်အောင် ဝါဒဖြန့်ကြတယ်။ Symbolism & Imagery ဆိုတဲ့ မသိစိတ်ထဲကိုစွဲမြဲစေမယ့်ပုံတွေ၊ သင်္ကေတတွေ၊ သီချင်းတွေနဲ့ လူအများရဲ့စိတ်ထဲကို ထိန်းချုပ်နည်းတွေသုံးကြတယ်”

ရန်နိုင်

စစ်အာဏာရှင်တွေရဲ့ ခေတ်အဆက်ဆက် ဖိနှိပ်ခဲ့တဲ့နည်းလမ်းဟောင်းတွေက မရိုးနိုင်ပေမယ့်အခုချိန်ထိ အလုပ်ဖြစ်နေတာကိုတော့ အသိအမှတ်ပြုရမှာပါ။ စစ်တပ်သဘောကို နောကျေနေတယ်ဆိုပေမယ့် တကယ်တမ်းမှာ စိတ်ဓါတ်စစ်ဆင်ရေးနည်းလမ်းနဲ့ ဝါဒဖြန့်နေတာကိုတော့သိသိရက်နဲ့ ခံနေရတုန်းပါပဲ။ ဂျပိုးကိုလိပ်ဖြစ်အောင် လုပ်ကြံပြောတတ်တဲ့ စစ်အာဏာရှင်တွေက အမှားတွေကိုဝါဒဖြန့်နေပေမယ့် အမှားဖြစ်တယ်လို့ ဝန်ခံလေ့မရှိကြဘူး။

ပြည်သူကို လော်ဘီအားနဲ့ အမြဲတမ်းလိမ်ညာနေတဲ့ စစ်အာဏာရှင်တွေက ထူးထူးခြားခြား “မှားပါတယ်” လို့ ဝန်ခံခဲ့တဲ့ဖြစ်ရပ် တခုတော့ရှိခဲ့ပါတယ်။ တစ်နှစ်ကျော်လာတဲ့အထိ အပစ်ပေးအရေးယူခြင်းမရှိသေးတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ရဲ့ နာယက ဆရာတော်၊ ရွှေကျင်ဂိုဏ်းရဲ့ဗဟိုအလုပ်အမှုဆောင် ဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ပါ။ PDF တွေပစ်ခတ်တာလို့ စစ်တပ်လော်ဘီတွေက ဝိုင်းလိမ်ခဲ့ပေမယ့် ဖုံးမရပဲအဖြစ်မှန်ပေါ်လာချိန်မှာတော့ သေဆုံးသူဆရာတော်၊ အတူပါလာတဲ့ဆရာတော်နဲ့ ကားသမားတို့ရဲ့အမှားအဖြစ် ပုံဖော်ကြတယ်။

စစ်တပ်ထောက်ခံတဲ့ မဘသတွေနဲ့ စစ်တပ်လော်ဘီတွေက သေဆုံးသွားတဲ့ဆရာတော်ကို ဝိုင်းဝန်းအပြစ်တင်ကြတယ်။ သေဆုံးသွားတဲ့ ဆရာတော်အတွက် “သည်းခံကြပါ” လို့ သီတဂူဆရာတော် အရှင်ဉာဏိဿရကလည်း စစ်တပ်အလိုကျ တရားချခဲ့တယ်။ ဒီလိုဘက်ပေါင်းစုံက စစ်အာဏာရှင်ရဲ့ လော်ဘီတွေ ဝိုင်းဝန်းဖုံးဖိလိုက်တဲ့နောက်မှာ ဒီအမှုက ပျောက်ချင်းမလှပျောက်သွားခဲ့တယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကြောင့် သေဆုံးသွားတဲ့သံဃာတော်တွေ ပိုများတယ်လို့ ဝါဒဖြန့်တာတွေ၊ NUG အစိုးရရဲ့ ဖြေရှင်းမပေးနိုင်သေးတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြပြီး စစ်အာဏာရှင်တွေက ၎င်းတို့အပေါ် ဖိအားကို လှလှပပရှောင်ထွက်နိုင်ခဲ့တယ်။ ဝါဒဖြန့်ယန္တရားအားကောင်းတဲ့ စစ်အာဏာရှင်တွေရဲ့ လှည့်ကွက် နောက်မှာ ပြည်သူလူထုက မျောပါသွားကြရတယ်။

အာဏာရှင်ယန္တရားအတွက် ဘက်ပေါင်းစုံက အသုံးတည့်နေတဲ့ ဝါဒဖြန့်ယန္တရားက စစ်ရေးမှာလည်း မျက်နှာပြောင်တိုက် လိမ်ညာသတင်းတွေနဲ့ ဝါဒဖြန့်နေကြတယ်။ စစ်တပ်မရှုံးဘူးလို့ ဝါဒဖြန့်နေရင်းနဲ့ ရခိုင်ပြည်နယ် တခုလုံး အာရက္ခတပ်တော် AA ထံပေးလိုက်ရတယ်။ “နမခ” မကျဘူး။ “အမ်း” မကျဘူး။ “ဂွ” မကျဘူး ဆိုတဲ့ စစ်တပ်နိုင်နေကြောင်း ဝါဒဖြန့်နေရင်းနဲ့ နမခ၊ အမ်း၊ ဂွ တပ်စခန်းတွေကို အာရက္ခတပ်တော် လက်ထဲ ရောက်ကုန်ကြတယ်။

ဝါဒဖြန့်ယန္တရားကို အားပြုလာတဲ့ စစ်အာဏာရှင်တွေက အမေရိကန်ဒေါ်လာ ၂သန်းနဲ့ အစ္စရေး-ကနေဒါ လော်ဘီသမား Ari Ben-Menashe ကို “အခြေအနေမှန်ကို ရှင်းပြရန်” ဆိုတဲ့ခေါင်းစဉ်နဲ့ ငှားရမ်းခဲ့တယ်။ ၎င်းက ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ရုရှားနှင့်နီးကပ်စွာပူးပေါင်းဖို့ အကြံပြုခဲ့သလို စစ်ကောင်စီအတွက် ရုရှားမှ လက်နက်၊ နည်းပညာနဲ့ နိုင်ငံရေးအထောက်ပံ့တွေ ရရှိအောင်ကြိုးစားပေးနေသူဖြစ်တယ်။ နိုင်ငံတကာမှာရှိတဲ့ အာဏာရှင်ဆန်တဲ့အစိုးရတွေနဲ့ ချိတ်ဆက်ပေးနေသူလည်း ဖြစ်တယ်။

Ben-Menashe က အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက အခြားအာဏာရှင်တွေနဲ့လည်း ပူးပေါင်းလုပ်ကိုင် နေသူဖြစ်တယ်။ ဇင်ဘာဘွေနိုင်ငံရဲ့ အာဏာရှင် Robert Mugabe ကို နိုင်ငံတကာ ပိတ်ဆို့မှုတွေက ရှောင်ရှားဖို့ အကူညီပေးခဲ့ခြင်း၊ ဆူဒန် နိုင်ငံရဲ့အာဏာရှင် Omar al-Bashir နဲ့လည်း ဆက်စပ်နေသူဖြစ်ပြီး သူရဲ့အဆက်သွယ်တွေနဲ့ စစ်အုပ်စုအာဏာတည်မြဲရေးကို အထောက်အကူပြုပေးနေသူဖြစ်တယ်။ လူ့အခွင့်ရေးအဖွဲ့တွေနဲ့ အနောက်နိုင်ငံအများစုက ပြင်းပြင်းထန်ထန်ဝေဖန်ခံထားရသူဖြစ်တယ်။ ဒီလိုအရေးပါတဲ့ ပြည်ပလော်ဘီပညာရှင် အထောက်အပံ့နဲ့ပြည်တွင်းက ဝါဒဖြန့်ယန္တရားကို စစ်ကောင်စီက ဖိဖိစီးစီးထိန်းချုပ်နေတယ်လို့ အထောက်အထားတွေက သက်သေပြနေတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်ယန္တရားက သာမန်ပြည်သူတွေရဲ့မသိစိတ်ထဲကို အကြောက်တရားတွေပုံစံအမျိုးမျိုးနဲ့ ရောက်အောင် ဝါဒဖြန့်ကြတယ်။ Symbolism & Imagery ဆိုတဲ့ မသိစိတ်ထဲကိုစွဲမြဲစေမယ့်ပုံတွေ၊ သင်္ကေတတွေ၊ သီချင်းတွေနဲ့ လူအများရဲ့စိတ်ထဲကို ထိန်းချုပ်နည်းတွေသုံးကြတယ်။ ဆင်ဆာမရှိတဲ့ပုံတွေတင်လို့ရတဲ့ Telegram ဆိုရှယ်ပလက်ဖောင်းကိုသုံးပြီး သာမန်ပြည်သူတွေ ကြောက်လန့်စေဖို့ အဆိုးဝါးဆုံးပုံတွေကို ဆင်ဆာမဖြတ်ပဲ(မဝါးပဲ) ဖော်ပြခဲ့ကြတယ်။

စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ပြည်သူလူထုမြင်အောင် ဆင်ဆာမဖြတ်ပဲ ဖော်ပြကြတယ်။ နောက်ဆက်တွဲ စိတ်ဓါတ်စစ်ဆင်ရေး စကားလုံးတွေအဖြစ် “စစ်ကို ခေါ်ရင်၊ စစ်လာမယ်” ဆိုတဲ့ ဝါဒဖြန့်စကားလုံးတွေ အကြိမ်ကြိမ်သုံးပြီး ဖော်ပြကြတယ်။ နည်းလမ်းဟောင်းနဲ့ စိတ်ဓါတ်စစ်ဆင်ရေးလုပ်နေတယ်ဆိုပေမယ့် စိတ်ထဲစွဲပြီး ခြောက်ခြားစေတဲ့စကားလုံး တွေကို အဓိကရွေးချယ်သုံးတတ်ကြတယ်။ “တို၊ ပြတ်၊ ဖွာ၊ လန်” ဆိုတဲ့စကားလုံးတွေကို ဒါဏ်ရာရတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပုံတွေဖော်ပြပြီး စိတ်ဓါတ်စစ်ဆင်ရေး အကြီးအကျယ်လုပ်ကြတယ်။

“မီဒီညာ၊ ခွေးသစ်၊ မျောက်စိမ၊ ဒေါ်လာစား၊ ကွန်ဒုံးပဒက်၊ တောသီးပဒက်” ဆိုတဲ့ အသုံး အနှုန်းတွေနဲ့ ပုံဖျက်တိုက်ခိုက် နည်းကိုလည်း သုံးနေကြတယ်။ Emotional Appeal ဆိုတဲ့ စိတ်ခံစားချက်ကို လွှမ်းမိုးတဲ့နည်းလမ်းအရလည်း ဒေါသ၊ မျှော်လင့်ချက်၊ ကြောက်ရွံ့မှု စတဲ့ခံစားချက် တွေကိုလှုံ့ဆော်ပေးပြီး လူအများရဲ့ဆုံးဖြတ်ချက်ကို လွှမ်းမိုးဖို့ဖန်တီးခဲ့တယ်။ ဥပမာ – စစ်တပ်ရဲ့စခန်းတစ်ခုပါသွားတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘုရားထီးတင်ပြပြီးလူထုကို မထီမဲ့မြင် လုပ်ပြလေ့ရှိတယ်။ ကြောက်ရွံ့ထိန့်လန့်စရာကောင်းတဲ့ ပုံတွေကို ထင်ထင်ရှားရှား ဆက်တိုက် ဖော်ပြပြီး သွေးပျက်ထိတ်လန့်စေတယ်။

အရပ်ဖက်ပစ်မှတ်တွေချည်း ပစ်ခတ်ပြပြီး စစ်ပွဲရဲ့နိဂုံး အဆုံးသတ် မျှော်လင့်ချက်အဖြစ် မီးမောင်းထိုးပြပြီး လူအများရဲ့စိတ်ကိုခံစားချက်ဝေဝါးစေဖို့ ဝါဒဖြန့်စိတ်ပညာ နည်းအတိုင်း အတိအကျလုပ်လေ့ရှိတယ်။ အချက်အလက်တစ်ခုကို အကြိမ်ကြိမ်ပြောဆိုပြီး နားထောင်သူရဲ့ မသိစိတ်ထဲယုံကြည်လာအောင် Repetition ဆိုတဲ့ ဝါဒဖြန့်စိတ်ပညာကို သုံးခဲ့တယ်။ အထင်ရှားဆုံးကတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရောက်လေရာအရပ်၊ ပြောလေရာမိန့်ခွန်းတိုင်းမှာထည့်ပြောတတ်တဲ့ “မဲလိမ်၊ မဲခိုးလို့ စစ်တပ်က အာဏာ ထိန်းရပါတယ်” ဆိုတဲ့ စကားပြောနည်းပဲ။ “တော်လှန်ရေးကြောင့် ပြည်ပြေးတွေက ချမ်းသာနေတယ်”၊ “ဗမာပဒက်တွေကို ထိုးကျွေးနေပြီ”၊ “လေပေါ်က အစိုးရ” ဆိုတဲ့စကားလုံးတွေနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ပြီး လူအများရဲ့စိတ်ထဲမှာ အမှန်တရားတခုလိုယုံကြည်လာအောင် စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးဖို့ကြိုးစားနေတယ်။

Repetition နည်းအတိုင်း နိုင်ငံတကာရဲ့ထင်ရှားတဲ့ ဝါဒဖြန့်မှုတွေဆိုရင် “Yes We Can” (အိုဘားမား ၂၀၀၈ ရွေးကောက်ပွဲ)၊ “Make America Great Again” (ဒေါ်နယ်ထရမ့် ၂၀၁၆)၊ “Brexit means Brexit” (ယူကေ Brexit လှုပ်ရှားမှု၊ EU မှထွက်ခွာရေး)၊ “Socialism or Death” (ကျူးဘားတော်လှန်ရေး) စတဲ့ ထပ်တလဲလဲ ပြောပြီး လူထုစိတ်မှာ အမှန်တရားအဖြစ် လက်ခံလာစေတယ်။

ဘာသာရေးလူမျိုးရေးအရ သွေးထိုးတိုက်ခိုက်တာတွေနဲ့ အဓိကရုန်းဖြစ်ဖို့ဦးတည် သွေးထိုးတာတွေကို အစဉ်မပြတ်လုပ်ခဲ့ကြတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ကိုးကွယ်တဲ့ လူမျိုးစုတွေကြားမှာ ဘာသာရေးပဋိပက္ခဖြစ်ဖို့ ဆက်တိုက်လှုံ့ဆော်ခဲ့တယ်။ ကချင်လူမျိုးနဲ့ တအာင်း ပလောင်လူမျိုးစုတွေကြား နေ့စဉ်သွေးထိုးလှုံ့ဆော်ခဲ့တယ်။ ကချင်ခရစ်ယန်နဲ့ ဗမာဗုဒ္ဓဘာသာဝင်တွေ ကိုလည်း ဘာသာရေးသွေးကွဲနေစေဖို့ အစဉ်မပြတ်လှုံ့ဆော်ခဲ့တယ်။

စစ်တပ်ရဲ့စိတ်ဓါတ်စစ်ဆင်ရေးအရ ဝါဒဖြန့် တိုက်ခိုက်၊ သွေးထိုးလှုံ့ဆော်မှုတွေကိုမြန်မာနိုင်ငံသားတိုင်းက သိနေပြီးဖြစ်တာကြောင့် ဘာသာရေးနဲ့ လူမျိုးရေးအကြောင်းပြုပြီးသွေးခွဲတဲ့ ဝါဒဖြန့်မှုတွေကတော့ ပြည်သူလူထုမယုံကြည်တော့။ သမိုင်းအဆက်ဆက် ဘာသာရေးလူမျိုးရေးသွေးခွဲတာကိုခံရတဲ့ မြန်မာပြည်သူတွေက ဘာသာရေးသွေးခွဲမှုကိုတော့ သတိမလစ်ပဲ ကျော်ဖြတ်နိုင်ကြတယ်။ သွေးခွဲနည်းမျိုးစုံသုံးပြီး ပဋိပက္ခဖန်တီးလို့မရတော့တဲ့ စစ်အာဏာရှင်တွေက တော်လှန်ရေးရဲဘော်တွေကို ဘာသာရေးမရှိ သူတွေ၊ ဘုရား တရားမရှိသူတွေ အဖြစ်ပြောင်းလဲ ပုံဖော်တိုက်ခိုက်ကြပြန်တယ်။

Cherry-Picking ဆိုတဲ့ ရွေးချယ်ထားတဲ့သတင်းတွေကိုချည်း ဖော်ပြတဲ့နည်းလမ်းကိုလည်း တွင်တွင် ကျယ်ကျယ်သုံးခဲ့တယ်။ ပြည်သူတွေ ဘုရားသွားကျောင်းတက်နေပုံတွေ၊ ဈေးရောင်းပွဲတော်တွေ ဘုရားပွဲတွေ စည်ကားစွာသွားလာနေပုံတွေ၊ ပြည်သူလူထုရဲ့ ကျန်းမာရေး ပညာရေးဆိုင်ရာလိုအပ်ချက်တွေ ရရှိနေပုံတွေ၊ စစ်တပ်ခေါင်းဆောင်ကြီးတွေက သာသနာပြု အလုပ်တွေလုပ်နေပြီး အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ပုံတွေ စတဲ့သီးသန့်ရွေးထုတ် ထားတဲ့သတင်းတွေနဲ့ ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ လှည့်စားထားခဲ့တယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ခိုက်နေတဲ့သတင်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်းနယ်မြေအငြင်းပွားနေတဲ့ သတင်းတွေ၊ တော်လှန်ရေးအင်အားစုတွေကြား ပြစ်မှုကျူးလွန်းနေတဲ့သတင်းတွေ၊ တော်လှန်ရေးအစိုးရရဲ့အပြစ်တွေကိုချည်း နည်းလမ်းမျိုးစုံနဲ့ဖော်ပြတဲ့ သတင်းတွေကို ရွေးထုတ်ဖော်ပြပြီး Cherry-Picking နည်းကို ကောင်းကောင်းအသုံးချနေကြတယ်။

Herd Mentality ဆိုတဲ့ လူအများလက်ခံနေတယ်ဆိုတဲ့ အချက်ကိုသုံးပြီး လူတစ်ဦးချင်းစီရဲ့ဆုံးဖြတ်ချက်ကို လွှမ်းမိုးဖို့ကြိုးစားနေတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံကိုသွားတာတွေ၊ ထိုင်းနိုင်ငံကို သွားခဲ့တာတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ တွေ့ဆုံနေတာတွေကိုဖော်ပြပြီး စစ်တပ်ခေါင်းဆောင်ကို နိုင်ငံတကာက လက်ခံနေပြီလို့ ဝါဒဖြန့်ခဲ့တယ်။ အထူးသဖြင့် အမေရိကန်က မင်းအောင်လှိုင်နာမည်တပ်ပြီး အခွန်တိုးကောက်မယ့် စာပို့တဲ့ကိစ္စတွေကအစ နိုင်ငံတကာမှာစစ်ခေါင်းဆောင်ကို လက်ခံနေတာကြောင့် ကျန်တဲ့သူတွေလဲ လက်ခံဖို့လိုနေပြီလို့ စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးခဲ့တယ်။

ခုရက်ပိုင်း စစ်တပ်လော်ဘီတွေအများဆုံး ဝါဒဖြန့်နေတဲ့ လားရှိုးမြို့ကိုပြန်ရတာ နောင်ချိုမြို့ကိုပြန်ရတာတွေ နဲ့ ဆက်စပ်ပြီး “စစ်တပ်က တိုက်ပွဲတိုင်းအောင်နေတာကြောင့် အခြားလက်နက်ကိုင်တွေလဲ စစ်တပ်အောင်ပွဲ တွေကို မရပ်တန့်နိုင်တော့ဘူး” ဆိုတဲ့ အတွေးမျိုးဝင်လာအောင်ဝါဒဖြန့်နေတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ အားနည်းချက်အချို့ကို အထင်ရှားဆုံးဖြစ်လာအောင် ဘက်ပေါင်းစုံက မီးမောင်းထိုးပြပြီး ဝါဒဖြန့် တိုက်ခိုက်ကြတယ်။

မြေပြင်မှာ စစ်ပွဲအချို့အနိုင်ရခဲ့တဲ့ စစ်တပ်က ဝါဒဖြန့်တိုက်ပွဲမှာလည်း အသာရတာ သိပ်တော့လည်း ထူးဆန်းလှတာမဟုတ်ပါ။ ဝါဒဖြန့်မှာ ဂျပိုးကိုလိပ်ဖြစ်အောင်ပြောတတ်တဲ့ စစ်တပ်လော်ဘီတွေက စစ်တပ် ခွက်ခွက်လန်အောင် ရှုံးနေချိန်ကတည်းက “မရှုံးဘူး” ဆိုတဲ့စကားကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားတာကြောင့် အခုလိုစစ်ရေး အနည်းငယ်အသာရလာချိန်မှာတော့ တနိုင်ငံလုံးမှာစစ်တပ်က နိုင်နေပြီလို့ဝါဒဖြန့်ဖို့အတွက် အချိန်ကောင်းပဲဖြစ်နေတော့တယ်။

ရန်သူဖြစ်တဲ့ စစ်တပ်ကတော့ သူ့အလုပ်ကို အကောင်းဆုံးလုပ်နေပါတယ်။ စိတ်ဓါတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်တဲ့နည်းလမ်းကိုလည်း တရက်မနားဆက်တိုက် လုပ်နေပါတယ်။ တော်လှန်ရေးကို ပါဝင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးမျိုးဆက်တွေ အနေနဲ့လည်း တော်လှန်ရေးအစ ဆန္ဒပြစဉ်ကတည်းက ကြွေးကြော်ခဲ့သလို “ငါတို့ ဦးနှောက် နှစ်ဆယ့်တစ်” ဆိုတဲ့အတိုင်း စစ်တပ်ရဲ့စနစ်တကျ လုပ်နေတဲ့ ဝါဒဖြန့်ယန္တရားလည်ပတ်ပုံကို ထဲထဲဝင်ဝင်သိရှိနေဖို့ လိုပါတယ်။

တော်လှန်သူတွေရဲ့ ဦးနှောက်က ခေတ်ဟောင်းက အာဏာရှင်ရဲ့ဝါဒဖြန့်ယန္တရားကို အကောင်းဆုံး ဖျက်ဆီးနိုင်တယ်ဆိုတာကိုလည်း အပြောနဲ့ ညီအောင် သက်သေပြရမယ့် အချိန်တခုရောက်လာပါပြီ။ “ငါတို့ ဦးနှောက် နှစ်ဆယ့်တစ်” ဆိုတာ အမှန်တကယ်ဖြစ်တယ်ဆိုတဲ့အကြောင်းကို သက်သေပြဖို့လိုနေပါပြီဆိုတာ လေးစားစွာ တင်ပြလိုက်ပါတယ်။

#RedNewsAgnecy #RedNews #RNA

By RNA Editor