လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA (၄၉) ဦး သေဆုံးခဲ့သည်ဟု စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်

Red News / Fact Check

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အား ဇွန်လ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA မှ ကျောက်ပေါက်နှင့် ရွှေဒါးဦးဆောင်အဖွဲ့မှ (၁၅) ဦး၊ ကျော်ဦးအဖွဲ့မှ ၁၃ ဦး၊ ကိုအေးအဖွဲ့မှ ၂၁ ဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့သည်ကို TNLA ဘက်မှ တင်ပြီး ပြန်ဖျက်သွားသည်ဟုဆိုကာ စစ်ကောင်စီလော်ဘီများသည် ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။

စစ်ကောင်စီလော်ဘီများဝါဒဖြန့်မှု
——————————
စစ်ကောင်စီလော်ဘီ တယ်လီဂရန် ဗြုတ်စဗျင်းတောင်း သတင်းများ ဆိုသည့် ချန်နယ်မှစတင်ကာ ဇွန်လ ၂၉ ရက်နေ့က စတင်ဝါဒဖြန့်ခဲ့ရာ ကြည့်ရှုသူ တစ်ထောင်ကျော်သာရှိခဲ့သော်လည်း ထိုဝါဒဖြန့်အကြောင်းအရာအား အခြားသော ဖော်လိုဝါများသည့် လော်ဘီချန်နယ်များဖြစ်သည့် Kyaw Swar, Ko Thet, Snow Queen အပါအဝင် ချန်နယ် ၂၅ ခုက ကူးယူဝါဒဖြန့်ထားကြသဖြင့် ပျံ့နှံ့မှုအားကောင်းလျက်ရှိသည်။ Kyaw Swar ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုသူ ၃ သောင်း ၄ ထောင်ခန့်၊ Ko Thet ချန်နယ်တွင် ၂ သောင်း ၄ ထောင်ကျော်နှင့် Snow Queen ချန်နယ်တွင် ခုနစ်ထောင်နီးပါးရှိခဲ့သည်။


စစ်ကောင်စီလော်ဘီများဝါဒဖြန့်ပို့်စ်
စတင်ဝါဒဖြန့်သည့်ပို့စ် – http://archive.today/GsTcw
Kyaw Swar  – http://archive.today/uanJg
Ko Thet – http://archive.today/jzwlB
Snow Queen – http://archive.today/AyPA3

သတင်းမှန် စိစစ်ချက်
——————–
ကျောက်မဲဖြစ်စဉ်အား WPW နှင့် Google Search ကို အသုံးပြု၍ ရှာဖွေကြည့်ရာတွင် စစ်ကောင်စီသည် ကျောက်မဲမြို့အား ဇွန် ၂၄ ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်၊ ဇွန် ၂၆ ညည့်နက်ပိုင်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ ထို့အပြင် ဇွန် ၂၉ နေ့လယ် ၂နာရီခွဲတွင် ၂ ကြိမ်၊ ည ၈ နာရီခွဲကျော်တွင် ၃ ကြိမ် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့သည်။

ဒေသတွင်းသတင်းများတင်နေသည့် Visit Kyaukme ၏ ဖော်ပြချက်တွင် ဇွန် ၂၄ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ဦးသေးဆုံးခဲ့ကြောင်းကို တွေ့ရပြီး  ဇွန် ၂၆ ညပိုင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းကိုလည်း တွေ့ရသည်။
Visit Kyaukme Link http://archive.today/4PN75
Visit Kyaukme Link http://archive.today/o9Oe9

အခြားဒေသတွင်းမီဒီယာဖြစ်သည့် ရွှေဖီမြေ၏ ဇွန် ၂၄ ရက်နေ့ သတင်းဖော်ပြမှုတွင်လည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ဦးသေဆုံး၍ ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကို အမည်များနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။ ဇွန် ၂၆ ရက်နေ့ညသန်းခေါင်ယံတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၉ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသား ၂ ဦး ဒဏ်ရာရကြောင်းကိုလည်း ဇွန် ၂၇ တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ရွှေဖီမြေ – http://archive.today/ZSoiu
ရွှေဖီမြေ – http://archive.today/Cq6e3

လွတ်လပ်သောသတင်းမီဒီယာအဖွဲ့အစည်းဖြစ်သည့် BBC Burmese ၏ သတင်းဖော်ပြချက်တွင်လည်း ကျောက်မဲမြို့တွင် ဇွန် ၂၄ မှ ၃၀ အထိ သေဆုံး ၅ ဦးရှိခဲ့ကြောင်းကို ဖော်ပြထားသည်။  ထို့အချက်အလက်များအရ စစ်ကောင်စီ၏ ဇွန် ၂၄ မှ ၂၇ အထိ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ရကြောင်းကို တွေ့ရသည်။
ဘီဘီစီ – http://archive.today/F27ZB

သုံးသပ်ချက်
————
‌ဒေသတွင်း မီဒီယာများနှင့် ဒေသခံများ၏ သတင်းများကို ကြည့်လျှင် ကျောက်မဲမြို့တွင် ဇွန် ၂၄ မှ ၂၇ အထိ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့ရကြောင်းကို တွေ့ရသည်။ စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်နေသော TNLA (၄၉) ဦးသေဆုံးသည်ဆိုသည်မှာ အချက်အလက်မခိုင်သော စိတ်ဓာတ်စစ်ဆင်ရေးဝါဒဖြန့်မှုသာ ဖြစ်ကြောင်းကို တွေ့ရသည်။ ၎င်းတို့ဆိုသကဲ့သို့ TNLA အဖွဲ့ဘက်မှလည်း တင်ခဲ့ခြင်းမရှိခဲ့ဘဲ TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနကလည်းပြည်သူ ၅ ဦးသေဆုံးခဲ့ရကြောင်းကိုသာ သတင်းထုတ်ပြန်ထားကြောင်းကို တွေ့ရသည်။
TNLA – http://archive.today/xxWbb

စစ်ကောင်စီလော်ဘီများသည် Facebook ဆိုရှယ်မီဒီယာအကောင့်အတုများကို အသုံးပြု၍ ကျောက်မဲမြို့နယ်ဂရုများတွင် ဝင်ရောက်၍ လူမျိုးရေးသွေးခွဲဝါဒဖြန့်မှုများကိုပြုလုပ်နေကြသည်။ ထို့အပြင် ထိခိုက်သေဆုံးမှု သတင်းအချက်အလက်မှားများကို ထိုအကောင့်အတုများဖြင့် ဖော်ပြခဲ့ကြပြီး လော်ဘီချန်နယ်များက ထိုသတင်းအမှားများကို ဖော်ပြ၍ TNLA များစွာသေဆုံးကြောင်း ဝါဒဖြန့်ကြသည်။ အရပ်သား ပြည်သူများအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်၍ သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို သတင်းမှားဖြင့် ဖုံးကွယ်နိုင်ရန်ကြိုးပမ်းနေကြခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီလော်ဘီများ ကျောက်မဲ သတင်းပုံရိပ်များ Facebook Group တွင် ဝါဒဖြန့်ထားမှုမှတ်တမ်း -၁။ http://archive.today/dmpRK  ၂။ http://archive.today/jCnVU

စစ်ကောင်စီလော်ဘီများသည် သတင်းတုသတင်းမှားများဖြင့် လူထုအားလှည့်ဖျား၍ အထင်အမြင်ပြောင်းလဲစေရန် ဖန်တီးထားသည့် ရည်ရွယ်ချက်ရှိရှိ၊ စီမံချက်ရှိရှိဖြင့် လှည့်စားဝါဒဖြန့်ချိခြင်း (Strategic Disinformation) ဖြစ်သည်။ ပြည်သူလူထုအနေဖြင့်လည်း စစ်ကောင်စီလော်ဘီချန်နယ်များ၏ ဝါဒဖြန့်သတင်းမှားအန္တရာယ်မှ ကင်းဝေးစေရန်နှင့် သတိထားရှောင်ရှားနိုင်ရန်အတွက် နေ့စဉ်သတင်းဖတ်ရာတွင် မူလသတင်းအရင်းအမြစ်ဖော်ပြချက် (Source) ခိုင်မာသော သတင်းများကိုသာ ရွေးခြယ်ဖတ်ရှုခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါကြောင်း အသိပေးပါသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor