RNA_ဇူလိုင်(၂)၊၂၀၂၅ခုနှစ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးခံထားရသော မဇွန်ပွင့်လှိုင်ကို ယမန်နေ့ညပိုင်းက ရဲလက်မှကယ်ထုတ်သွားနိုင်ခဲ့သောအဖွဲ့ ယနေ့နံနက်ပိုင်းမှာ ပြန်လည်ဖမ်းဆီးခံလိုက်ရပြီဟု စစ်ကောင်စီလော်ဘီများက တယ်လီဂရန်ချန်နယ်များတွင် ဖြန့်ချိနေသည်ကို တွေ့ရှိရသည်။

လှိုင်သာယာမြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့ည ၇ နာရီအကျော်တွင် အဓမ္မဖမ်းဆီးခံထားရသော မဇွန်ပွင့်လှိုင်သည် ကျန်းမာရေးကိစ္စဖြင့် ရဲစခန်းမှ လှိုင်သာယာဆေးရုံသို့ ဒုရဲအုပ် ၂ ဦးနှင့်အတူ သွားရောက်စဉ် စက်မှုဇုန် ၂၊ မင်းကြီးမဟာမင်းခေါင်လမ်းထိပ်အရောက်တွင် အမျိုးသား (၂) ဦးက လိုက်ပါလာသော ဒုရဲအုပ်အမျိုးသားနှင့်အမျိုးသမီးကို သေနတ်ဖြင့်ပစ်ကာ မဇွန်ပွင့်လှိုင်အား ကယ်ထုတ်သွားနိုင်ခဲ့သည်။

မဇွန်ပွင့်လှိုင်အား ကယ်ထုတ်စဉ် ပစ်ခတ်ခံရသော စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်အမျိုးသားမှာသေဆုံးသွားကြောင်း၊ မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်သွားပြီးနောက် ယနေ့ (ဇူလိုင်လ ၂ ရက်) နံနက်ပိုင်းတွင် မဇွန်ပွင့်လှိုင်အပါအဝင် ၆ ဦးကို ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ပြန်လည်ဖမ်းဆီးရမိပြီဟု စစ်ကောင်စီလက်အောက်ခံများက ဓာတ်ပုံ ရုပ်သံများနှင့်တကွ ဖော်ပြနေကြသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #RedNews #RNA