လူကုန်ကူးခံထားရသော (၇၀၀၀) ကျော်ကို ပြန်ခေါ်ကြရန် BGF မေတ္တာရပ်ခံ

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။
 
မြဝတီဒေသအတွင်း ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်များတွင် လူကုန်ကူးခံထားရပြီး နေရပ်ပြန်လိုသော နိုင်ငံ (၂၈) နိုင်ငံမှ နိုင်ငံသား (၇၀၀၀) ကျော်ကို သက်ဆိုင်ရာနိုင်ငံများအလိုက် အမြန်ဆုံးပြန်လည်ခေါ်ယူကြရန် ယနေ့ မေတ္တာရပ်ခံထားသည်။
 
“အိမ်ပြန်ချင်တဲ့ မိမိနိုင်ငံသားကို ကိုယ့်ရဲ့သားသမီးကဲ့သို့ သဘောထားပြီးတော့ ပြန်ပို့တဲ့ အချိန်မှာ အမြန်ဆုံး ပြန်လည်လက်ခံဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောကြားထားသည်။

 
မြဝတီဒေသအတွင်း လူကုန်ကူးခံထားရပြီး နေရပ်ပြန်လိုသော နိုင်ငံသားများထဲတွင် တရုတ်နိုင်ငံမှ (၄၈၆၀) ဦး၊ ဗီယက်နမ်နိုင်ငံမှ (၅၇၂)ဦး၊ အိန္ဒိယနိုင်ငံမှ (၅၂၆) ဦး အပါအဝင် စုစုပေါင်း (၇၁၄၁) ဦးရှိကြောင်း၊ ယင်းအထဲတွင် အမျိုးသား (၆၇၁၆) ဦး၊ အမျိုးသမီး (၄၂၅) ဦးရှိသည်ဟု BGF စာရင်းအရ သိရသည်။
 
#RedNewsAgency #REDNEWS #RNA #BGF
By RNA Editor