စစ်မှုထမ်းအကောင်အထည်ကို မြို့ပေါ်ထက် ကျေးရွာများကို အဓိက ပစ်မှတ်ထားလုပ်ဆောင်နေ

RNA_အောက်တိုဘာ(၂၃)၊၂၀၂၄ခုနှစ်။

စစ်ကောင်စီတပ်၏ တပ်သားသစ်လိုအပ်ချက်အရ စစ်မှုထမ်းအကောင် အထည်ဖော်ရာတွင် မြို့ပေါ်ထက် ကျေးရွာများကို ပစ်မှတ်ထားလုပ်ဆောင်မှုနှင့်အတူ လူသစ်စုဆောင်းမှုကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေသည်လည်း သတင်းပေါက်ကြားမှုနည်းအောင် လုပ်ဆောင်နေကြောင်း သိရသည်။

 

စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဉ် ၁ တွင် သင်တန်းသား ၅ထောင်ဝန်းကျင်ကို အောင်မြင်စွားခေါ်ယူနိုင်ခဲ့သော်လည်း အပတ်စဉ် ၂ အတွက် လူသစ်စုဆောင်းရာတွင် ခက်ခဲခဲ့ပြီး သတ်မှတ်အရေအတွက်ရရှိရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ အပတ်စဉ် ၃ မှစ၍ လူသစ်စုဆောင်းမှုကို တစ်လကျော်ကြာ အချိန်ယူကာ နီးစပ်ရာ တပ်ရင်းစခန်းများတွင် ပို့ဆောင်ခဲ့ပြီး သင်တန်းဖွင့်သည့်အခါမှ ပို့ဆောင်ခြင်းကို လုပ်ဆောင်ခဲ့သည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး (BACS)၏ အောက်တိုဘာ ၁၉ နေ့က ထုတ်ပြန်သည့် “စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီက တပ်သားသစ်စုဆောင်းရာတွင် စစ်ကောင်စီ ထိန်းချုပ်ဒေသရှိ မြို့ပေါ်ထက် မြို့စွန်နှင့် ကျေးရွာများမှ ဝင်ငွေနည်း ငွေကြေးချို့တဲ့သူများ၊ အလုပ်လက်မဲ့များအား အဓိက ပစ်မှတ်ထားစုဆောင်းခဲ့ပြီး စုဆောင်းခံနေရသူများသည် လက်ရှိစစ်မှုထမ်းကိစ္စရပ်နှင့် ပတ်သက်၍ ရှောင်တိမ်းရန်၊ ချိတ်ဆက် ထွက်ပြေးရန် နားလည်သိရှိမှု နည်းပါးသူများ ဖြစ်သည်ဟု အစီအရင်ခံစာတွင် ရေးသားထားသည်။

စစ်မှုထမ်းစုဆောင်းခြင်းကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေသော်လည်း သတင်းပျံနှံ့မှု နည်းအောင် ဂရုတစိုက် လုပ်ဆောင်နေပြီး၊ ပြည်သူလူထု၏ စိုးရိမ်မှုကို လျှော့ကျလာစေ၍ ပုံမှန်အနေအထားတစ်ခုအဖြစ် စစ်ကောင်စီက အမြင်ပြောင်းလည်းအောင် ပုံဖော်မှုကို ပြုလုပ်လာကြောင်း၊ စစ်မှုထမ်း အပတ်စဉ် ၅ ကို သင်တန်းကျောင်း ၁၅ ကျောင်းတွင် ပို့ချလျက်ရှိပြီး ၄ ထောင်ကျော်ရှိသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဓမ္မစစ်မှုထမ်းစုဆောင်းမှု အပတ်စဉ် ၃၊ ၄၊ ၅ အစီရင်ခံစာ အပြည့်အစုံ Download link

#RedNewsAgency #RNA

By RNA Editor