တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ (အပိုင်း-၂)

“ကျနော့်ဘေးက ရဲဘော်က ပွဲချင်းပြီး ကျသွားတယ်။ ခြံစည်းရိုး အတွင်းထိဖောက်ဝင်သွားတဲ့အထဲက ရဲဘော်တချို့က လေယာဉ်လာကြဲတော့ ကားအောက်ကို ဝင်ဝပ်လိုက်ကြတယ်။ အဲ့မှာ ထောင်ထားတဲ့ မိုင်းထိပြီး ဒဏ်ရာအပြင်းထန်ရကုန်ကြတယ် ကျနော်အပါဝင် ၅ ယောက်ပေါ့။ ငါ့ ခါးပြတ်သွားပြီ ငါတော့သေတော့မယ်လို့ အတွေးများနေတုန်း”
****************************

Ernesto Ba Chan

တိုက်ပွဲစဖြစ်တဲ့ရက်ကတည်းကစလို့ တရက်မပြတ် အသားဟင်းကို အမျိုးစားမထပ်အောင် ‌စားခဲ့ရတယ်။ ရိက္ခာပို့ပေးတဲ့ အရပ်သားလူငယ်တွေဟာ ကျနော်တို့ ပစ်နေတဲ့ ဧရိယာထဲအထိ ရိက္ခာထုပ်ထမ်းပို့ပေးတယ်၊ ကျည်တွေဗုံးတွေကြားလူနာတွေ DB တွေလာထမ်းကြတယ်၊ ချက်ပြုတ်တဲ့လူတွေက ချက်ပြုတ် ထောက်ပံ့တဲ့ လူထောက်ပံ့ ပို့ဆောင်သူပို့ဆောင်နဲ့
တကယ်ကို နိုင်ရာနေရာကနေ အစွမ်းကုန်ပါဝင်ကြတာပါပဲ။

တစ်ကိုယ်စာ ကတုပ်ကျင်းထဲမှာ ဆေးလိပ်ရှိတယ် ဖက်ကြမ်းရော အဖြူရော၊ လစ်ပိုကဒ်ရှိမယ် ကွမ်းယာထုပ်ရှိမယ်၊ တခြားစားစရာတွေရှိမယ် ပစ်တာက တစ်ရက်လုံး တညလုံးပါပဲ နားလိုက် ပစ်လိုက်ပေါ့။

မနက်မိုးလင်းတာနဲ့ ရေသန့်နဲ့ မျက်နှာသစ်တယ် ရေသန့်ဗူးဆိုတာ ကဒ်လိုက် ကဒ်လိုက် ပြီးတာနဲ့ ပစ်ကြတာပါပဲ မောတဲ့လူက နောက်ပြန်ဆုတ် ဆေးလိပ်လေးဘာလေးသောက် စကားလေးဘာလေးပြော လေယာဉ်လာကြဲရင် ဝပ်ကြပေါ့။ ကျနော်တို့ဆို စခန်းထဲကို လစ်ပိုဗူးတွေနဲ့ ကောက်ထုပြီး သောက်ဖူးလား ခွေးတွေဆိုပြီး အော်ပေးကြတာ။


ကျနော်တို့လည်း အရင်းနှီးကြီးပါတယ် ညီကိုတွေ အတော်ထိခိုက်ခဲ့ရတယ်။ ဒါပေမယ့် နောက်မှာ ပြည်သူကရှိနေတယ်ဆိုတဲ့ အသိဟာ ရဲဘော်တွေကို ရဲတင်းသွားစေတယ်။ တက်ကြွစေတယ် ဘာအကွယ်အကာမှမရှိတဲ့ ကွင်းပြောင်း ပစ်ကွင်းရှင်းရှင်းကြီးထဲ တက်ပစ်ကြတဲ့ အထိပဲ ဒီနေရာက ဒီပြည်သူတွေအတွက် ငါတို့ရင်းရတာ ဘာပဲဖြစ်ဖြစ်တန်တယ် ဆိုတဲ့အတွေးမျိုး အားလုံးမှာဖြစ်သွားကြပြီ။

ကျည်ကာမကာ ဦးထုပ်မပါပဲ မတ်တပ်ရပ် တက်ပစ်ရဲ့တဲ့အထိ စိတ်ဓာတ်ပိုင်းဆိုင်ရာ အမြင့်ဆုံးကိုရောက်ခဲ့ရတယ်။ တိုက်ပွဲကလည်း အရှိန်မြင့်နေပြီ ကိုယ့်ရဲဘော်တချို့လည်း ကျထားပြီ အဲ့အချိန် ကျနော်တို့အားလုံးရဲ့ စိတ်ထဲမှာ ကြောက်မိတာ မနိုင်လို့ပြန်ဆုတ်ရမှာကိုပဲ။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် အရတိုက်မယ် ငါတို့မနိုင်ရင် ရွာပျက်မှာ ဆိုတဲ့အတွေးက အားလုံးမှာရှိတယ်။

အဲ့အချိန်တုန်းက ဖားကန့်ဖက်က ပစ်တဲ့ ဟောင်ဝှစ်ဇာမှန်ပြီး ရွာထဲမှာ မီးလောင်တဲ့ အိမ်က ၂ အိမ်လောက်ပဲရှိသေးတာ။ စခန်းထဲက ဘန်ကာနဲ့ မီတာ ၄၀ – ၅၀ လောက်ပဲဝေးမယ် အဲ့နေရာမှာ လမ်းရဲ့‌ဘယ်ညာကို နည်းနည်းတူးပြီး ကျနော်တို့ ရဲဘော်တွေကို နေရာယူပြီးပစ်ကြတာ ဘေးနှစ်ဖက်မှာရှိတဲ့ ခြုံတွေက နေ့စဉ်ကြဲတဲ့ လေယာဉ်မိုင်းဒဏ်တွေကြောင့် မီလောင်းပြင်ဖြစ်နေပြီ သစ်ပင်တွေပေါ်မှာ မိုင်းစ ကြီးတွေစိုက်နေတာ ထင်းလို့။

Y12 နဲ့ လာကြဲတဲ့ ညကဆို အလုံးရေ ၉၀ ကျော် ၁၀၀ နီးပါးပဲ နောက်ကအဖွဲ့တွေ့က ရှေ့က လူတွေကိုပူ ရှေ့ကလည်း နောက်ကိုပူ ရွာကိုလည်း ပူကြပေါ့။ ကံကောင်းထောက်မစွာနဲ့ တစ်ယောက်မှအထိခိုက်မရှိခဲ့ဘူး၊ အနီးနားက ရွာတွေထဲလည်း ထိခိုက်တာမရှိခဲ့ဘူး။ တစ်ရက်ကို လေကြောင်းတိုက်ခိုက်မှုက အနည်းဆုံး ၂ ကြိမ်တော့ ခံရတယ်၊ တိုက်လေယာဉ်နှစ်စီး နှစ်စီးနဲ့ လာလာပစ်တတ်တယ်။

၅ ရက်မြောက်တဲ့နေ့ နေ့လည်နှစ်နာရီလောက်ရောက်တော့ ဝင်ပေါက်ဖက်မှာ နေရာယူထားတဲ့အထဲက ကျနော်တို့တပ်စိတ်ကို ကျည်လာသယ်ခိုင်းတယ်။ ကျည်သယ်တဲ့နေရာရောက်တော့ တခြားတပ်စိတ်တွေလည်း ရောက်နှင့်နေပြီ အားလုံးဆိုင်ရာ ခဲယမ်းတွေခွဲဝေကြတယ်၊ ခုနကရဲဘော်လေးတစ်ယောက် သူ့ကတုပ်ကျင်းထဲ ၄၀ သီးကျပြီး ပွဲချင်းပြီးပဲကျသွားတယ်တဲ့ သူ့တပ်စိတ်ကလူတွေ ကျည်ခွဲရင်းပြောနေကြတယ်။ မကျေမချမ်းနဲ့ပေါ့။

အားလုံးပြီးတော့ ကျနော်‌တို့တွေ ရွာဖက်ထွက်ခဲ့တယ်၊ ရွာထဲကနေ တောင်ကုန်းတစ်ခုတက်ပြီး စစ်တပ်ကိုဝင်လို့ရတယ်။ ဒါပေမယ့် မိုင်းကွင်းရှိတာမို့အန္တရာယ်များတယ်၊ ဘယ်လိုမှမရတဲ့အဆုံးမို့သာ ဒီလမ်းကိုရွေးလိုက်ရတာ ကုန်းပေါ်ရောက်တော့ စစ်တပ်နဲ့က အတော်နီးနေပြီ အရာခံဗိုလ်က မြေမြုပ်မိုင်းတစ်ခုတူးလာပြီး အားလုံးကို လိုက်ပြတယ်။ ဒီလိုမိုင်းတွေအများကြီးရှိတာမို့ သတိနဲ့တက်ကြဖို့ပြောတယ်၊ ပြီးတော့တက်ရမယ့်နေရာက ကျည်ကွယ် မျက်ကွယ်မရှိ ပြောင်ရှင်းနေတဲ့ကွင်းပြင်ကြီး။

ဒုတိယကမ္ဘာစစ်က နော်မန်ဒီကမ်းခြေကို ကမ်းတက်လာတဲ့ မဟာမိတ်စစ်သားတွေလိုပဲ အကာကွယ်မရှိဘူး၊ ပစ်ရင်းတက်ရင်း အနားရအောင်ကပ်ဖို့ကြိုးစားတယ်။ ညနေ ၄ နာရီလောက်မှာကျနော်တို့စတက်တာ ပစ်တက်တက်လိုက် မိကျောင်းသွားနဲ့ ရှေ့တိုးလိုက်လုပ်ရတာပေါ့ အတူတက်နေတဲ့အထဲက ရဲဘော်တစ်ယောက်ခေါင်းထိပြီးကျသွားတယ်။ ကျနော်သူငယ်ချင်းက အလောင်းကိုအနောက်ကိုဆွဲချသွားတယ်၊ ကျည်ဆံတွေက ကျနော်တို့နားမှာ တဝှီဝှီနဲ့ပျံဝဲနေတာ မြေကြီးမှာပြားနေအောင်ဝပ်ရင်း မိချောင်းသွားနဲ့ ရှေ့ဆက်တက်ကြတယ်။

ကျနော်တို့ကလည်း ဝင်ဖို့ကြိုးစားနေသလို တဖက်မှာလည်း ကျနော်တို့ ရဲဘော်တို့က မျက်နှာစာတဖက်ဖွင့်ပြီး ပစ်တက်တက်နေကြတယ််။ ခြံစည်းရိုးနားကပ်ခါနီးကျတော့ လက်ပစ်ဗုံးတွေ အရမ်းကျလာတာနဲ့ နောက်ပြန်ဆုတ်ရတယ်၊ ကျနော်တို့ဖက် မျက်နှာကို ကွပ်ကဲတဲ့ ဒူဝါက တကယ့်ဖိုက်တာ သူ့ ၄၀ မမ လောင်ချာက ပြောင်းကွဲသွားတာနဲ့ သူလည်းလက်နက်မဲ့ဖြစ်နေတယ်။ ပစ်နေတဲ့ ရဲဘော်တွေကို ကျည်ဖြည့်ပေးရင်း အမိန့်ကို တရစပ်ပေးနေတယ်။

“ငါ့ညီတို့ ကြောက်စရာမလိုဘူး တက်တက်” ကျည်တွေ တဝှီဝှီဖြတ်နေတဲ့ကြားထဲ မတ်တပ်မတ်တပ်နဲ့ အမိန့်ပေးနေတာ။

ပစ်လိုက် ဝပ်လိုက်နဲ့ ကျနော်တို့ဆက်တိုးလို့မရတော့ဘူး၊ ကျနော့်သေနတ်ကလည်း ပြောင်းအပူလွန်ပြီး ပျက်သွားလို့ နောက်ပြန်ပို့လိုက်ပြီ သေနတ်မပါတော့ဘူး၊ ပစ်တဲ့ရဲဘော်တွေကိုပဲ ဒူဝါနဲ့တူတူ နောက်ကနေကျည်လိုက်ဖြည့်ပေးနေတော့တာ။ အဲ့ကနေ နောက်ကျည်ကွယ်တဲ့နေရာကို ကျနော်ပြန်ဆုတ်လာတယ် ညနေ ၆ နာရီလောက်ကျ တခါပြန်တက်တယ် ကျည်တွေသယ်ပြီးတော့ ည ၇ နာခွဲ ၈ နာရီလောက်ကျ လေယာဉ်လာကြဲတယ်၊ အဲ့နေက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပိုများတယ် အဲ့တာ ဘယ်နှကြိမ်မြောက်မှန်းမမှတ်မိတော့ဘူး။

ကျနော်တို့နဲ့အတော်နီးနီးမှာပဲ ဗုံးကကွဲတယ်ထင်တယ် ကျနော်တို့ကိုလာဟပ်တဲ့လေက အတော်ပြင်းတယ်။ ပေါင် ၅၀၀ တစ်လုံး ကျနော်တို့ရှေ့မှာ ကွဲသွားတာ၊ ခဏလေးအတွင်းမှာပဲ နောက်ထပ်ထိုးဆင်းလာတဲ့ အသံကြားလိုက်တယ် ပြီး ဝုန်းကနဲ ပေါက်ကွဲသံ၊ ကျနော့်ခါးပြတ်ထွက်သွားသလို ခံစားမှု ပါးစပ်က ပွက်ကနဲ ထွက်လာတဲ့သွေးတွေ။

ကျနော့်ဘေးက ရဲဘော်က ပွဲချင်းပြီး ကျသွားတယ်။ ခြံစည်းရိုး အတွင်းထိဖောက်ဝင်သွားတဲ့အထဲက ရဲဘော်တချို့က လေယာဉ်လာကြဲတော့ ကားအောက်ကို ဝင်ဝပ်လိုက်ကြတယ်။ အဲ့မှာ ထောင်ထားတဲ့ မိုင်းထိပြီး ဒဏ်ရာအပြင်းထန်ရကုန်ကြတယ် ကျနော်အပါဝင် ၅ ယောက်ပေါ့။ ငါ့ ခါးပြတ်သွားပြီ ငါတော့သေတော့မယ်လို့ အတွေးများနေတုန်း နောက်ကနေ တစ်ယောက်ပြေးတက်လာပြီး ကျနော့်ဘေးရောက်လာတယ်။

“ကျနော်ထိသွားပြီ ခါးပြတ်သွားပြီလားမသိဘူး”

အမှောင်ထဲမှာ သူလည်းကျနော့်ကို သေချာမမြင်ရဘူး ကျနော်လန့်မသွားအောင် ပြောရှာတယ်။ “နည်းနည်းပဲညီလေး ရှပ်ထိတာ ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး”။

ကျနော့်ဒဏ်ရာက ရှပ်ထိတာမဟုတ်မှန်းကျနော်သိတယ်။ အဲ့အချိန် ကျနော့်ခြေထောက်ကို စမ်းမိတယ် ခါးမပြတ်တာတော့သေချာပြီ ဘယ်နားထိသွားလဲမသိဘူးပေါ့ ခန္ဓာကိုယ်ကတော့ မလှုပ်နိုင်တော့ဘူး အဲ့အစ်ကိုကပဲ ကျနော်ကိုထမ်းထုတ်လာတယ်။ ငါသေမှာလား ငါ့ဒဏ်ရာက သေလောက်မယ့်ပုံတော့မပေါ်ဘူး တကယ်လို့ သေမယ်ဆိုရင် ဘယ်လိုအသက်ထွက်သွားမလဲ ကျနော့်ခေါင်းထဲမှာ တစ်ခုချင်းစီတွေးမိနေတယ်။

ကားလမ်းကိုရောက်တော့ ကျနော့်ကို ယူနီဖောင်းချွတ်‌ပေးနေတာ သတိထားမိတယ်။ ကျနော်နာတယ်လို့ ပြောနိုင်သေးတယ် ဒါပေမယ့် ခဏလေးအတွင်းမှာတင် သွေးအရမ်းထွက်တော့ လူက မျှော့သွားပြီ။ ကျနော်နဲ့ အတူတူတောခိုခဲ့တဲ့ သူငယ်ချင်းက ကျနော်ထိသွားတာကြားတော့ သူစိုးရိမ်တကြီးပြေးလာတယ် ကျနော်ကို ဘေးကနေ အော်ခေါ်နေတယ်။ ကားရောက်လာပြီး ကားပေါ်တင်လိုက်တဲ့အချိန် လူက သတိရတစ်ချက် မရတစ်ချက်။ ။

အပိုင်း – ၃ ကိုဆက်လက်တင်ပြမည်။ အပိုင်း ၁ ဖတ်လိုပါက >>>> https://rednewsagency.com/news/15492

#RedNewsAgency #RNA

By Editor