ရန်ကုန်မြို့မှာ စက်သုံးဆီ ရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရ

RNA_ဩဂုတ်(၁၇)၊၂၀၂၄ ခုနှစ်။
စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် စီးပွားရေးအဆမတန်ကျဆင်းကာ ရန်ကုန်မြို့တွင် စက်သုံးဆီရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရပြီး ညအိပ်တန်းစီနေရသည့်အနေအထားများနှင့်ပါ ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့ခံများထံမှ သိရသည်။
ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဩဂုတ်လဆန်းပိုင်းမှစတင်ကာ စက်သုံးဆီပြတ်လပ်မှုများ ကြုံတွေ့နေရသည်မှာ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့အထိ ပြတ်လပ်နေကြောင်း၊ မြို့ပြင်စက်သုံးဆီ အရောင်းဆိုင်များတွင်လည်း အကန့်အသတ်နှင့် ရောင်းချပေးမှုများရှိနေသည်ဟု သိရသည်။

“အခုက ရန်ကုန်မှာတော်တော်ဆိုးဆိုးဖြစ်နေတာ ဆီဆိုရင် ညအိပ်ထိပါ တန်းစီကြရတယ်။ အခုဆို ကားဆွဲရတာက အလုပ်မဖြစ်သောက်ဖြစ်နေပြီ ဆီမရှိတော့ မလွယ်ဘူး။ စက်သုံးဆီသာ လုံးဝ ဝယ်မရတော့ဘူးဆိုရင်တော့ အားလုံးရပ်သွားပြီဆိုရင်တော့ မလွယ်ဘူး။ အဓိက ငွေတန်ဖိုးကျဆင်းတာနဲ့ ရွှေစျေး ဒေါ်လာစျေး အဆမတန်မြင့်တက်သွားတာကနေ စတော့တာပဲ။ ဒီပုံအတိုင်းဆိုရင် အကုန်ပြိုလဲတော့မှာ” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
စက်သုံးဆီ လိုသလောက် မရသည့်အတွက် မြို့ပေါ်များတွင် အခြေခံလူတန်းစားများအတွက် သွားလာရေး အခက်အခဲများဖြစ်ပေါ်လာနိုင်ပြီး လုပ်ငန်းများ ရပ်ဆိုင်းလာနိုင်ကြောင်း၊ ကျေးလက်နှင့်မြို့နယ်များတွင်လည်း စက်သုံးဆီအလုံအလောက်မရရှိပါက ကုန်ထုတ်လုပ်မှုနှင့်အတူ ခရီးသွားလာရေးခက်ခဲမှု၊ လယ်ယာထုတ်ကုန်ကျဆင်းမှုစသည့် ဆိုးကျိုးများ ကြုံတွေ့လာကြရမည်ဟု စီးပွားရေးလုပ်ငန်းရှင်တချို့က ခန့်မှန်းထားသည်။
Red News Agency
By Editor