မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် လာရှိုးမြို့နေပြည်သူများ မြို့ကိုစွန့်ခါသူများလာ

RNA_ဇူလိုင်(၆)၊၂၀၂၄ ခုနှစ်။
 
လားရှိုးမြို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေသည့်အတွက် မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် မြို့ခံအများအပြား ယနေ့ နံနက်ပိုင်းအထိ စွန့်ခွါပြီး စစ်ဘေးရှောင်သူများရှိနေကြောင်း သိရသည်။
 
“ဒီနေ့တော့ ဆီဆိုင်တွေပါ ပိတ်ကုန်ပြီ။ မြို့ခံတွေထွက်တာကတော့ မနေ့ကလည်းထွက်တယ် ဒီနေ့လည်း ကားတန်းအရှည်ကြီးပဲ ထွက်နေကြတာ အလံဖြူထောင်ထားတဲ့ ကားတွေလည်းရှိတယ်။ မြို့ထဲမှာလည်း ပုံမှန်နေကြသူတွေရှိတယ်။ စျေးတချို့လည်း ပုံမှန်ဖွင့်တယ်။ လက်နက် ကြီးသံနဲ့ လက်နက်ငယ်သံတွေကတော့ ကြားနေရတာ အဆက်မပြတ်ပစ်နေကြတာ” ဟု လားရှိုးမြို့ခံ တဦးက Red News Agency ကိုပြောကြားထားသည်။

လားရှိုးမြို့တွင်း စစ်ကောင်စီတပ်ပစ်ခတ်သည့်အလက်နက်ကြီးကြောင့် ယခုရက်ပိုင်း လူသေဆုံးမှုများရှိနေကြောင်း၊ ဇူလိုင် ၃ ရက်မှစတင်ကာ လားရှိုးမြို့အနီးဝန်းကျင်မှာလည်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
 
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ရှမ်းမြောက်၊ သီပေါ၊ နောင်ချို၊ ကျောက်မဲမြို့နယ်တို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားနိုင်ကြောင်း၊ စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး ပစ်ခတ်မှုနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများလည်းအသုံးပြုနေကြောင်း၊ လားရှိုးမြို့အနီးဝန်းကျင်က စစ်ကောင်စီတပ်စခန်းများကိုလည်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း၊ စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေသည်ဟု သိရသည်။
 
#RedNewsAgency
By Editor