“အပြစ်မဲ့ပြည်သူတွေဆီက အာဏာကိုလုယူ၊ ကန့်ကွက်တဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာကို သိနေပါလျှက် သတ်ဖြတ်သူဘက် ရပ်တည်ဖို့၊ အစိုးရနဲ့ လက်တွဲကြဖို့ ဖိအားပေး တရားဟောနေတာက အလွန်ထူးတဲ့ သာသနာ့အာဇာနည်ပါဂူကြီးပါပဲ”
ရန်နိုင် – Wiper
ညီနောင် ကိုးကျိပ်ကိုးယောက်ကို သုတ်သင်ပြီး ထီးနန်းတက်ခဲ့တဲ့ အသောကမင်းကြီးဆိုတာ ဗုဒ္ဓဘာသာကို မြန်မာပြည်ထိပြန့်ပွားအောင် သာသနာပြုခဲ့တဲ့မင်းကြီးဖြစ်တဲ့အကြောင်း အမွှန်းတင်ပြောဟောလေ့ ရှိသူကတော့ ကိုးဘွဲ့ရ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရပဲဖြစ်တယ်။ အသောကမင်းကြီးက ညီတော်တွေကို သွေးချောင်းစီး သတ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကိုးတိုင်း ကိုးဌာနအထိ သာသနာပြန့်ပွား အောင်လုပ်နိုင်ခဲ့သူဖြစ်တယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ပြည်သူတွေကို အညှာတာ ကင်းကင်း သတ်ဖြတ်နေပေမယ့် ဆရာ/တကာ ကြည်ဖြူရင် သာသနာပြုမင်းဖြစ်နိုင်တယ်ဆိုပြီး သီတဂူ အရှင်ဉာဏိဿရက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နောက်ကွယ်ကမြှောက်ပင့် ထောက်ခံနေသူ ဖြစ်တယ်။ အသောကမင်းကြီးက ညီနောင်တွေကို အားလုံးရှင်းလင်းပြီး ထီးနန်းကိုရခဲ့ပေမယ် (၄)နှစ်ကြာတဲ့အထိ ဘိသိတ်မခံယူ မင်းအဖြစ်မယူသေးပဲ အုပ်ချုပ်မယ့်နယ်မြေတွေကိုသိမ်းပိုက်ခဲ့တယ်။ စစ်ဘုရင်တို့ရဲ့ ဓလေ့အရ စစ်ပွဲအတွင်းရန်သူကိုမည်သို့ဆက်ဆံသည် အတိအကျမသိရပေမယ့် အိန္ဒိယအင်ပါယာ တခုလုံးကို ကျယ်ပြန့်စွာတိုက်ခိုက်သိမ်းယူခဲ့တယ်။
အိန္ဒိယအင်ပါယာကို ပထမဆုံးတည်ထောင်ခဲ့တဲ့ အဖိုးဖြစ်သူ စန္ဒဂုတ္တမောရိယ ဘုရင်ကြီး မသိမ်းပိုက်နိုင်ခဲ့တဲ့ အိန္ဒယနိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေထိအောင် သိမ်းပိုက်ခဲ့ပြီး ကျယ်ပြန့်တဲ့ အင်ပါယာကိုထူထောင်ခဲ့သူဖြစ်တယ်။ အမေ မတူတဲ့ညီနောင် ကိုးကျိပ်ကိုးယောက်ကို သတ်ခဲ့ပြီး အင်ပါယာတည်ထောင်ဖို့အတွက် တိုင်းနိုင်ငံငယ်လေးတွေကို နန်းသက် (၈)နှစ်ကြာတဲ့အထိ တိုက်ခိုက်ပြီး ငြိမ်ဝပ်ပိပြားအောင် တည်ဆောက်ခဲ့တယ်။ စစ်ဘုရင်ဖြစ်တဲ့ အတွက် လက်ရဲဇက်ရဲ နောက်လိုက်တွေနဲ့ ရက်စက်တဲ့စစ်ပွဲတွေကို အကြိမ်ကြိမ် တိုက်ခဲ့တယ်။ နောက်လိုက်တွေ လက်ရဲဇက်ရဲ ဘယ်လောက်ထိရှိလဲဆိုရင် ကမ်းပေးတဲ့ အသောကမင်းရဲ့ လက်ကို ဆုတ်ကိုင်လိုက်တဲ့ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကို ဓါးနဲ့ပိုင်းဖို့ထိ ရွယ်ခဲ့တယ်လို့ သီတဂူအရှင်ဉာဏိသရက ဟောလေ့ရှိတယ်။
နန်းသက် (၈)နှစ်မြောက်မှာ အိန္ဒိယအရှေ့ဘက်ကမ်းက ကလိင်္ဂတိုင်းကို တိုက်ခဲ့စဉ်က ခက်ခက်ခဲခဲနဲ့တိုက်ခိုက်ခဲ့ရပြီး စစ်ပွဲနိုင်ခဲ့ပေမယ့်။ စစ်ပွဲရဲ့အနိဌာရုံတွေကို မြင်ပြီး စစ်ပွဲအပြီးမှာ စစ်ပွဲတွေကိုအပြီးသတ်စွန့်လွှတ်ခဲ့တဲ့ ရှားပါးတဲ့ဘုရင်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့တယ်။ အသောက မင်းက ညီနောက်ကိုးကျိပ်ကိုးယောက် ကိုသတ်ခဲ့သလို စစ်ပွဲတွေတိုက်ခိုက်သတ်ဖြတ်ရင်းနဲ့ စိတ်နှလုံးခြောက်ခြားနေချိန်မှာ တည်ငြိမ်ရင့်ကျက်တဲ့ ရုပ်သွင်ရှိတဲ့ နိဂြောဓသာမဏေကို ချစ်ခင်ကြည်ညိုရာကစပြီး ဗုဒ္ဓဘာသာရဲ့ ဉပသကာ ဒါယကာဖြစ်လာခဲ့တယ်။
ကြမ်းတမ်းတဲ့ စိတ်နှလုံးကို ဗုဒ္ဓရဲ့တရားဓမ္မတွေနဲ့ ငြိမ်သက်သွားစေခဲ့သလို နိဂြောဓသာမဏေရဲ့ ဆရာ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကို ဆရာအဖြစ်လက်ခံပြီး သာသနာပြန့်ပွားရေးအတွက်နဲ့ တရားမျှတမှုတွေကို တည်ဆောက် ပေးသွားခဲ့တယ်။ ရက်စက်တဲ့ ဘုရင်ကြီးရဲ့စိတ်နှလုံးက ဆရာဖြစ်တဲ့ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ရဲ့ အဆုံးအမကြောင့် အေးချမ်းခဲ့ပြီး ဆရာ/တကာ ဆက်ဆံရေးကြောင့် ကိုးတိုင်း ကိုးဌာနကို သာသနပြုရင်းနဲ့ မြန်မာ နိုင်ငံထိ ဗုဒ္ဓဘာသာကို ပြန့်ပွားစေခဲ့ကြောင်း မှတ်တမ်းများကဖော်ပြထားခဲ့တယ်။
ဒီဇာတ်လမ်း သမိုင်းကြောင်းက ဘီစီ (၃၀၄ – ၂၃၂) က ကြမ်းတမ်းတဲ့စစ်ဘုရင် အသောက မင်းကြီးနဲ့ သာသနာ့အာဇာနည် မထေရ်မြတ်တို့ရဲ့ ထင်ရှားတဲ့ သမိုင်းကြောင်းတွေပါပဲ။ ခုချိန်မှာတော့ ဒီဇာတ်လမ်းကို တုပဇာတ်လမ်းဆင် စိတ်ကူးယာဉ်ပြီး စစ်တပ်ဆန့်ကျင်သူမှန်သမျှ သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာဘ်လာဘအတွက်ကြောင့်လား ဘာသာခြားတွေကိုဖိနှိပ်လိုတဲ့ စိတ်ထား ရှိတာကြောင့်လားမသိ စိတ်ထားမမှန်တဲ့ မင်းဆရာရူးနေသူက မြှောက်ပင့်ပေးပြီးပြည်သူတွေကို စိတ်ကြိုက်သတ်ဖြတ်ဖို့ အားပေးနေတယ်။
အာဏာရူးရဲ့ အသုံးချခံနေရတာကို ပြည်သူလူထုအားလုံးက သိနေပေမယ့် ကာယကံရှင်ဘုန်းကြီးက (၄)နှစ်ပြည့်ရင် ဘိသိက်ခံမယ့် အသောကမင်းကြီးအဖြစ် မြှောက်ပင့်ပေးပြီး ပြည်သူတွေကိုသတ်ဖြတ်နေတဲ့ အာဏာရှင်ကို စိတ်ချမ်းသာခွင့်ပေးနေတယ်။ အနှီဘုန်းတော်ကြီးကပဲ ရှင်မဟာ မောဂ္ဂလန်ကို ခိုးသား ၅၀၀ ရိုက်နှက်တာကြောင့် ပရိနိဗ္ဗာန်ပြုတဲ့ဖြစ်ရပ်မှာ တပည့်တကာတွေက ခွင့်လွှတ်ခဲ့သလို စစ်တပ်ကသတ်ဖြတ်ခဲ့တဲ့ မဟနဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တာကိုလည်း ခွင့်လွှတ်ဖို့ ကျန်ရစ်တဲ့ တပည့်သားရဟန်းတွေကို ဖိအားပေးနေတာတွေ့ရတယ်။ ဒီထက်ဆိုးတာက သတ်ဖြတ်သူနဲ့လက်တွဲဖို့နဲ့ လက်မတွဲနိုင်ရင် တိုင်းပြည်က ဒီထက်ဒုက္ခဖြစ်စရာရှိတယ်လို့ ခြိမ်းခြောက်စကားဆန်ဆန် ဖိအားပေးခဲ့ပြန်တယ်။
ရှင်မဟာ မောဂ္ဂလန်ကိုရိုက်တဲ့ ခိုးသား ၅၀၀ ကိုဖမ်းဆီး အရေးယူခဲ့ဖူးတယ်ဆိုတာကို နိုင်ငံတော် ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ဦးစီးရေးသားတဲ့ (၁၉၈၄ ခု) စာမျက်နှာ ၉၈ – ၉၉ ကျမ်းမှာ ဖော်ပြထားတယ်။ ဖမ်းဖို့မလွယ်တဲ့ ခိုးသား ၅၀၀ ကိုတောင်မှ ဖမ်းဆီးအရေးယူနိုင်ခဲ့ဖူးတာကို သိရက်နဲ့ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်စေခဲ့တဲ့ တရားခံကို ခွင့်လွှတ်ဖို့ဖိအားပေးခဲ့ပြီး တရားခံဘက်က ရပ်တည်ပေးဖို့ အထိပါ ရှင်းရှင်း လင်းလင်း ဖိအားပေးခဲ့တာက အံဩစရာပဲ။
အတိတ်သမိုင်းက အသောကမင်းကြီးက လူသတ်ပြီးမင်းပြုစဉ် ဗုဒ္ဓဘာသာဝင်မဟုတ်သေးသလို ဗုဒ္ဓရဲ့သဘောအရ အကြောင်းအကျိုးကို သက်ဝင်ယုံကြည်မှု မရှိသေးတဲ့အချိန်ဖြစ်တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ပွဲတွေနိုင်နေတဲ့ အသောကမင်း မဟုတ်ပဲ၊ တနိုင်ငံလုံးမှာ စစ်ပွဲတွေရှုံးနေတဲ့ စစ်ရှုံးမင်းအောင်လှိုင် ဖြစ်သလို ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဘာသာရေးကိုအကျိုးစီးပွားအတွက် လိုသလို ခုတုံးလုပ်နေသူဖြစ်တယ်။ အသောက မင်းကြီးနဲ့ လားလားမျှ မအပ်စပ်ပေမယ့် လိုရာစွဲပြီး လူသတ်ပွဲတွေဆင်နွှဲနေတဲ့ အာဏာရှင်အစိုးရနဲ့ လက်တွဲဖို့ဖိအားပေးရဲတာလည်း ပြည်သူတွေကို လျှော့တွက်လွန်းတာ သိသာနေတယ်။
အပြစ်မဲ့ပြည်သူတွေဆီက အာဏာကိုလုယူ၊ ကန့်ကွက်တဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာကို သိနေပါလျှက် သတ်ဖြတ်သူဘက် ရပ်တည်ဖို့၊ အစိုးရနဲ့ လက်တွဲကြဖို့ ဖိအားပေး တရားဟောနေတာက အလွန်ထူးတဲ့ သာသနာ့အာဇာနည်ပါဂူကြီးပါပဲ။ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အာဏာရှင်စစ်အစိုးရအတွက် အကျိုးဆောင်ပေးနေတဲ့ အရှင်ဉာဏိဿရလို သာသနာဝန်ထမ်းတွေကြောင့် စစ်အာဏာရှင်တွေ ခုချိန်ထိ သက်ဆိုး ရှည်နေပဲဖြစ်တယ်။ အဆိုးထဲကအကောင်းဆိုရင်တော့ အာဏာရှင်အမြစ်ဖျက်ဖို့အတွက်ဆိုရင် အဆိပ်ပင်ကို ရေလောင်းနေတဲ့ သာသနာ့ဝန်ထမ်းတွေရဲ့ အမြစ်တွေကိုလဲဖျက်ပစ်နိုင်ဖို့လိုလာတာကို သိလာကြရတယ်။
စစ်အာဏာရှင်တွေက ကိုယ်ကျိုးအတွက် ဘာသာရေးကိုခုတုံးလုပ်လှည့်စားနေတာကို မမှန်းဆနိုင်တဲ့ ဘာသာရေးအယူသည်းတဲ့ သာသနာ့ ဝန်ထမ်းတွေကြောင့် တိုင်းပြည်နဲ့ နိုင်ငံသားတွေအပေါ် ဆုတ်ယုတ် ပျက်စီးစေတဲ့ ဖြစ်ရပ်တွေကိုလည်း သိလာကြရတယ်။ လူသားချင်းစာနာတတ်ရင် သာသနာဝန်ကိုထမ်းနေသူတွေအနေနဲ့ နစ်နာသူပြည်သူတွေရဲ့ဆန္ဒကို နားထောင်ပြီး စစ်အာဏာရှင်အစိုးရရဲ့ သဘောကို ပြန်ပြီးသုံးသပ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ နိုင်ငံအနာဂတ်တိုးတက်ဖို့အတွက် ရှေးရှုမယ်ဆိုရင် (၃၈) ဖြာမင်္ဂလာ တရားတော်ထဲက(၂၈) ခုမြောက် ဂုဏ်တပါးဖြစ်တဲ့ သောဝစဿတ ဂုဏ် (ဆိုဆုံးမလွယ်သူ) ( Responsible) နဲ့ ပြည့်စုံသူတွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
#RedNewsAgency