အနောက်တံခါး ပိုင်ရှင်ပြောင်းသွားသော်

“ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ အာရက္ခတပ်တော် AA ကတော့ စစ်ရေးအရ စစ်ကောင်စီကို အဖက်ဖက်က ဖိထားနိုင်သလို စစ်အင်အားအတွက်လည်း အင်အားကောင်းတဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့အဖြစ် MNDAA, TNLA တို့နဲ့ မဟာမိတ်ဖွဲ့ထားနိုင်သလို ၁၀၂၇ စစ်ဆင်ရေးကြီးကိုဆင်နွှဲပြီး အကြမ်းဖက်စစ်တပ်ကို ကောင်းကောင်း ဦးနှိမ်ထားနိုင်ခဲ့တယ်”

ရန်နိုင် – Wiper 

တနိုင်ငံလုံးမှာ စစ်ရုံးနေတဲ့ စစ်ကောင်စီအတွက် ရခိုင်ပြည်နယ်ကို ကြည်း၊ ရေ၊ လေ အင်အားအကုန်သုံးပြီး ကာကွယ်နေသလို ရဲခွေး၊ စစ်ခွေးတွေကိုလည်း ဘုရင့်နောင်ဖောင်ဖျက်တဲ့ စစ်ဗျူဟာနဲ့ အသေခံတိုက်ခိုင်းနေ ပေမယ့်လည်း ရှက်ဖို့ကောင်းတဲ့စစ်ရေးအရှုံးတွေပဲ ကြုံနေတယ်။ လက်နက်ကိုင်အချင်းချင်းမနိုင်တော့လို့ အရပ်သားတွေကို တိုက်ခိုက်နေပေမယ့်လည်း စစ်ကောင်စီရဲ့စစ်ရာဇဝတ်ကျူးလွန်တာတွေပဲ အဖတ်တင်ခဲ့တယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် အောင်မြင်မှုဆိုတာက အာရက္ခတပ်တော် AA ရဲ့ အဖမ်းမခံရပဲ၊ တိုက်ပွဲမှာမကျဆုံးပဲ ထွက်ပြေးနိုင်ခြင်းက အမြင့်ဆုံးအောင်မြင်မှုပဲဖြစ်နေတယ်။ ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နဲ့ မောင်တောခရိုင်ထဲက ဗူးသီးတောင်မြို့ကို အပြီးသတ်သိမ်းပိုက်ပြီးရင် ရခိုင်ပြည်နယ် မြောက်ပိုင်းတခုလုံးက စစ်တပ်ကင်းစင်မြေဖြစ်သွားပြီ။ 

အိန္ဒိယနိုင်ငံ နယ်စပ်ကိုသာမကပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့နယ်စပ်ကုန်သွယ်မှုကိုပါ ထိန်းချုပ်နိုင်တော့မှာဖြစ်တယ်။ အာရက္ခတပ်တော် AA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၃ နိုဝင်ဘာလကတည်းက နေ့စဉ်စစ်ကောင်စီတပ်စခန်းကိုတွေကို သိမ်းပိုက်နေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဆိုရင် ဗူးသီးတောင် မြို့တခုပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေနိုင်တော့တယ်။ ဗူးသီးတောင်မြို့မှာလည်း ကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်တိုက်ရင်း အသေမခံပဲ လက်နက်ချဖို့ နောက်ဆုံးအဆင့်အဖြစ် အသိပေးကြေညာနေပြီဖြစ်တယ်။ 

ချင်းပြည်နယ်က ပလက်ဝတစ်မြို့အပါအဝင်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းက ()မြို့နယ်နဲ့ တောင်ပိုင်းရမ်းဗြဲမြို့ အပါအဝင် စုစုပေါင်း (၁၀)မြို့နယ်ထိ ရှိနေပြီဖြစ်တယ်။ အာရက္ခတပ်တော် AA က စစ်ကိုစစ်နဲ့တူအောင်တိုက်နေသလို ပြောတဲ့အတိုင်းလဲ လုပ်နေတာကြောင့် ကျန်နေတဲ့မြို့တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက်တော့ ပြတ်ပြတ်သားသား ရွေးချယ်နိုင်မှရတော့မယ်။

အာရက္ခတပ်တော် AA ကတော့ နေ့စဉ်တိုက်ပွဲတွေ၊ စခန်းသိမ်းတွေနဲ့ စစ်ကောင်စီကို အနားမပေးပဲ ရခိုင်ပြည်နယ် တခုလုံးလွတ်မြောက်ဖို့အတွက် ပြည်နယ်မြောက်ပိုင်းသာမက တောင်ပိုင်းထိတရွေ့ရွေ့ မနားတမ်းချည်းကပ်လာနေတယ်။ စစ်ကောင်စီရဲ့ ဌာနချုပ်စခန်းတွေရှိတဲ့ အမ်းမြို့ပါအဝင်တောင် တောင်ပိုင်းမြို့တွေကို ထိုးစစ်ဆင်နေပြီး ရခိုင်ပြည်နယ်တခုလုံးလွတ်မြောက်ဖို့ရည်မှန်းချက် အောင်မြင်ဖို့ သေချာနေသလောက်ရှိနေပြီ။ 

ရခိုင်အရေးကို စိတ်ဝင်စားတဲ့ အွန်လိုင်းပရိတ်သတ်တွေကလည်း ပြည်နယ်အားလုံးထဲ စစ်ကောင်စီလက်အောက်က အစောဆုံးလွတ်မြောက်မယ့်ပြည်နယ်ကို ရခိုင်ပြည်နယ်အဖြစ် မဲပေးခဲ့ကြတယ်။ အွန်လိုင်း စစ်တမ်းအရဆိုရင် စစ်ကောင်စီလက်အောက်က ပထမဆုံး လွတ်မြောက်မဲ့ ပြည်နယ်အတွက် မဲအရေအတွက်မှာ ရခိုင် ၅၅၊ ကရင်နီ ၁၅၊ ကချင် ၁၃၊ ချင်း ၉၊ ကရင် ၄ ရာခိုင်နှုန်း အသီးသီးခန့်မှန်းမဲပေးခဲ့ကြတယ်။ ရခိုင်တမျိုးသားလုံးအပါအဝင် ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စနစ်တကျထူထောင်ထားတဲ့ အာရက္ခတပ်တော် AA ကြောင့် ရခိုင်ပြည်နယ်တခုလုံး လွတ်မြောက်ပြီးခဲ့ရင် အကြမ်းဖက်စစ်တပ်အတွက်တော့ သိက္ခာကျပြီး အိမ်နီးခြင်းနိုင်ငံတွေမှာ အရှက်ရစရာဖြစ်လာနိုင်တယ်။ 

ဒို့တာဝန်အရေးသုံးပါး တဖွဖွရွတ်နေပြီး ပြည်နယ်တွေက တဖြည်းဖြည်းကုန်နေပြီ၊ အရှက်မဲ့တဲ့ စကားလုံးတွေ လိမ်လည်တဲ့စကားတွေနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း လူရှေ့ထွက်ပြီး ပြည်သူတွေကိုမျက်နှာပြောင်တိုက် လိမ်လည်ရအုံးမယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ အာရက္ခတပ်တော် AA ကတော့ စစ်ရေးအရ စစ်ကောင်စီကို အဖက်ဖက်က ဖိထားနိုင်သလို စစ်အင်အားအတွက်လည်း အင်အားကောင်းတဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့အဖြစ် MNDAA, TNLA တို့နဲ့ မဟာမိတ်ဖွဲ့ထားနိုင်သလို ၁၀၂၇ စစ်ဆင်ရေးကြီးကိုဆင်နွှဲပြီး အကြမ်းဖက်စစ်တပ်ကို ကောင်းကောင်း ဦးနှိမ်ထားနိုင်ခဲ့တယ်။ 

AA ပါဝင်တဲ့ မဟာမိတ်ညီနောင် ()ဖွဲ့ရဲ့အင်အားကလည်း သက်ဆိုင်ရာနယ်မြေတွေမှာ စစ်ကောင်စီတပ်တွေ ကင်းစင်သွားအောင် မောင်းထုတ်ထားနိုင်ခဲ့တယ်။ကိုယ်တိုင်လဲ အင်အားတောင့်တင်းသလို မဟာမိတ်တွေကြောင့်လည်း အာရက္ခတပ်တော် AAက ရခိုင်ပြည်သူတွေယုံကြည်ကိုးစားသလောက် ထိထိရောက်ရောက် အောင်မြင်မှုတွေ ယူပေးထားနိုင်ပြီ။ မြန်မာနိုင်ငံက ပြည်နယ်တွေအားလုံးထဲမှာ ရခိုင်ပြည်နယ်က ပင်လယ်ထွက်ပေါက်ရှိသလို တရုတ်ရဲ့အကြီးဆုံး စီးပွားရေး ဇုန်တခုဖြစ်တဲ့ ကျောက်ဖြူ စီးပွားရေးဇုန်လည်း ရှိနေတယ်။ မြေဧက (၆၀၇) ဧကမှာ အခြေချထားတဲ့ အိမ်ရာစီမံကိန်း၊ ရေနက်စီမံကိန်းနဲ့ လမ်းတံတားစီမံကိန်းတို့ အပါအဝင်အလွန်ကြီးမားတဲ့ စီမံကိန်းကြီးတခုဖြစ်တယ်။ 

စစ်ပွဲတွေကြောင့် ကျောက်ဖြူအထူးစီးပွားရေဇုန်ကို ရပ်ထားရပေမယ့် တရုတ်ရဲ့ ကျောက်ဖြူသဘာဝဓါတ်ငွေ့စီမံကိန်းကတော့ လည်ပတ်နေဆဲပဲ။ AA ရဲ့ပြောခွင့်ရသူ ဦးခိုင်သုခကလည်း နိင်ငံခြားစီးပွားရင်းနှီးမြှုပ်နှံတာတွေကိုတော့ ကာကွယ်ပေးထားမယ်လို့ VOA သတင်းဌာနကို ဇွန်လ()ရက် နေ့က ဖြေကြားထားပြီး ရခိုင်ပြည်နယ်စီးပွားရေးအတွက် ပြည်ပနိုင်ငံတွေနဲ့ လမ်းဖွင့်ထားတယ်။ နိုင်ငံရေးအရလည်း ကွန်ဖက်ဒရိတ်အဆင့်ထက်မနိမ့်တဲ့ နိုင်ငံရေးရည်မှန်းချက်ထားကြောင်းနဲ့ ရည်မှန်းချက် ရောက်တဲ့အထိ သွားမှာဖြစ်ကြောင်းလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က VAO အင်တာဗျူးမှာ ဖြေကြားထားခဲ့ တယ်။ 

AA အနေနဲ့ မြန်မာပြည်သူတွေအားလုံး အတူတကွလက်တွဲညီညီ နေထိုင်သွားနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး အားလုံးနဲ့အတူတကွ လက်တွဲသွားလိုပြီး လက်ဝါးကြီးအုပ်တဲ့ မူဝါဒ မလိုလားကြောင်းဖြေကြားခဲ့တယ်။ လက်ရှိနိုင်ငံရဲ့အဖက်ဖက်က စစ်ရေးအရှုံးတွေက စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပေါ်မှာ တာဝန်ရှိနေတာကြောင့် ဒီလိုအရှုံးတွေပတ်လည်ဝိုင်းနေတဲ့ကြားက ရခိုင်ပြည်နယ်ကို လက်လွှတ်ခဲ့ရရင် စစ်ခေါင်းဆောင်တွေ အရှက်ရစရာပဲဖြစ်တယ်။ စစ်ခေါင်းဆောင် မျိုးဆက်တွေထဲမှာ အညံ့ဆုံးမျိုးဆက်လို့ သတ်မှတ်သူတွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အယုံကြည်ကင်းမဲ့နေချိန်မှာ ရခိုင်ပြည်နယ်တခုလုံးကိုလည်း လက်လွှတ်ရတော့မယ့် အခြေနေက နီးလာနေပြီ။ 

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မင်းအောင်လှိုင်ကလည်း မယုံကြည်ရသူတွေကို လက်ဦးမှုယူပြီး ရှင်းထုတ်နေရတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် စိတ်ရူးပေါက်ပြီး အာဏာသိမ်းလိုက်တဲ့နောက်မှာ လူထုအုံကြွမှုဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး အစစအရာရာ အဆိုးဝါးဆုံးအခြေနေဖြစ်သွားခဲ့တယ်။ ပြည်တွင်းမငြိမ်သက်မှုတွေနဲ့ စစ်အရာရှိတွေ၊ စစ်တပ်မိသားစုဝင်တွေရဲ့ အသက်တွေဘဝတွေ အလဟဿ ဆုံးရှုံးနေခဲ့ပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပိုဆိုးလာတဲ့ အခြေနေတွေကိုပဲ ဆက်ဖန်တီးနေတယ်။

ပြည်တွင်းကစစ်ရှုံးပွဲတွေကို ဘယ်ဒေသမှာမှ မထိန်းချုပ်နိုင်သလို ပြည်နယ်တွေရဲ့ မြို့တွေလည်း တခုပြီးတခု လက်လွှတ်နေရချိန်မှာ ရခိုင်ပြည်နယ်ကိုသာ စစ်တပ်ကဆက်ပြီး လက်လွှတ်လိုက်ရရင်ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဘာလုပ်မလဲ။ စစ်တပ်ရဲ့ သမိုင်းကို အစဉ်အဆက်ဂုဏ်ယူချင်နေတဲ့ တခြားစစ်ခေါင်းဆောင်တွေ ဘာလုပ်မလဲ။ အရှုံးကြီးရှုံးနေတဲ့ စစ်တပ်ရဲ့သိက္ခာကို စစ်ခေါင်းဆောင်တွေဘယ်လို အဖက်ဆယ်မလဲ ဆိုတာတော့ စိတ်ဝင်စားစရာ စောင့်ကြည့်နေရအုံးမှာပဲလို့ ထင်မြင်မိပါတယ်။ ။ 

Red News Agency

By Editor