ဆရာတော်ကြီးကို ပစ်တယ်၊ ပြည်သူကို လိမ်တယ်၊ ဘယ်မလဲ စစ်တပ်ဂုဏ်သိက္ခာ

“တချိန်လုံးအမျိုးဘာသာ သာသနာဆိုတဲ့ ကတုံးတွေအသံမထွက်ကြဘူး။ ရွှေကျင်ဥက္ကဌ သီတဂူကိုယ်တိုင်က တိတ်ဆိတ်နေတယ်။ အဲ့ဒီအချိန် ဘာသာခြား တယောက်က ပြစ်မှုကျူးလွန်မိမယ်ဆိုရင် ငါတို့အရိုးစည်းရိုးထိုးမယ်ဆိုတဲ့ လူ့အတ္တတွေ ပေါ်လာပါလိမ့်မယ်။ အခုတော့ အဆုံးထိ လိမ်ကြမယ်ဆိုပြီး အထက်ရောအောက်ရော ဝိုင်းလိမ်ကြတယ်”

မောင်ဝိ – Wiper

ပဲခူးမြို့က ဝင်းနိမ္မိတာရုံစာသင်တိုက်ရဲ့ ပဓာနနာယကဆရာတော်၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တာကြောင့် ပျံလွန်တော်မူသွားခဲ့တဲ့ ဖြစ်စဥ်က အားလုံးသိပြီးဖြစ်မှာပါ။ ဒါနဲ့ပတ်သတ်ပြီး စစ်ကောင်စီ လှည့်ကင်းက ပစ်ခတ်ခဲ့ကြောင်း၊ အခင်းဖြစ်ရာနေရာမှာပဲ ပျံလွန်တော်မူခဲ့ကြောင်း မန္တလေး သာသနာရေးမှူး ကျော်လှိုင်ကနေ နေပြည်တော် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ဆီ အစီရင်ခံတင်ပြထားတဲ့ စာမှာ ဖော်ပြထားတယ်။

ဖြစ်စဥ်နဲ့ပတ်သတ်ပြီး ကံသုံးဆင့်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံရဲ့ မိန့်ဆိုချက်ရုပ်သံကြောင့် အားလုံး ရှင်းရှင်းလင်းလင်း သိခဲ့ရတယ်။ ဒီနေရာမှာ ပုဂ္ဂိုလ်တဦးချင်းစီရဲ့ လုပ်ရပ်တွေကိုမြင်တွေ့ရတယ်။ ပထမဆုံးက ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့ကားမောင်းတဲ့ ဒရိုင်ဘာဆိုသူရဲ့ထွက်ဆိုချက်။ သူကတော့ လက် ၃ ချောင်းပြတ်ပြီး၊ စစ်ကောင်စီဆေးရုံမှာတင်ထားရတယ်။ ပြီးတော့ စစ်တပ်မီဒီယာတွေကနေ PDF ပစ်တာပါဆိုပြီး ပြောခဲ့တယ်။ သူ့အနေနဲ့က သာမာန်လူဖြစ်နေတာက တကြောင်း၊ နောက်ကွယ်က သေနတ်ထောက်ပြောခိုင်းတာလည်း ဖြစ်နိုင်တော့ အပြစ်တင်ဖို့ဆိုတာလည်း အကန့်အသတ်နဲ့ပါ။


သိပ်မကြာခင်ပဲ ကံသုံးဆင့် ဆရာတော်ရဲ့ သံဃာတော်များကို လျှောက်တင်တဲ့ ရုပ်သံထွက်လာတယ်။ ဖြေရှင်းတဲ့ပုံစံက ဗုဒ္ဓဘုရားရှင်လက်ထပ်တုန်းက အတိုင်း သံဃာတော်တွေရဲ့အလယ်မှာ ဖြစ်စဥ်ကို အမှန်အတိုင်း ထုတ်ပြောခဲ့တာတွေ့ရတယ်။ “ဖော ကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေပေါ့၊ ရက်စက်လှချီလားဆိုတော့၊ အရှင်ဘုရားတို့က ဘုရား ဘုန်းကြီးမှန်း မသိလို့ပါ၊ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားလို့ ထင်လို့ ပစ်ပါတယ် ဘုရား သူတို့ ကိုယ်တိုင် ဝန်ခံပါတယ်” ဆိုပြီး ကန်သုံးဆင့် ဆရာတော် မိန့်ကြားခဲ့တယ်။

ဒါနဲ့ပတ်သတ်ပြီး ကံသုံးဆင့် ဆရာတော်အနေနဲ့ အခုလို အမှန်အတိုင်းပြောရင် စစ်တပ်က တကြိမ်မဟုတ်တကြိမ် ရန်လာရှာနိုင်ပါတယ်။ ဆိုတော့ ကံသုံးဆင့်ဆရာတော်အနေနဲ့ သီလ၊ သမာဓိနဲ့ပြည့်စုံတဲ့အပြင်၊ လိမ်ညာခြင်းအမှုကို အသက်နဲ့လဲပြီး စောင့်ထိန်းသွားတာကိုတွေ့ရတယ်။ နောက်ထပ် ရုပ်သံတခုမှာဆိုရင် စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိသူတဦးက သူတို့အနေနဲ့ မမှားဘူးဆိုတာမျိုး လာပြောသွားတာတွေ့ရတယ်။

ဆရာတော်အပစ်ခံရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး လက်ရှိနိုင်ငံအခြေအနေကိုပြောပါဆိုရင် အခုဖြစ်စဥ်က အထင်ကရ ဆရာတော်မို့ အခုလောက်ထိ လူပိုသိသွားကြတာပါ။ ဆိုင်ကယ် မောင်းလာတဲ့ လူငယ် ၂ ယောက်၊ စစ်တပ်ဂိတ်ကို မြင်တော့ အရှိန်လွန်ပြီး နည်းနည်းကျော်သွားမိတယ်၊ စစ်တပ်ဂိတ်က လက် မခံဘူး သေနတ်နဲ့ပစ်တယ်၊ ၂ ဦး စလုံးဆုံးပါးခဲ့တဲ့ ဖြစ်စဥ်တွေ။ ကားပေါ်ပါလာတဲ့လူငယ်တွေကို ဆွဲချတယ်၊ စစ်တပ်ထဲမဝင်ရင် စစ်ကြောရေးပို့မယ်ဆိုတဲ့ လူမသိသူမသိ ဖြစ်စဥ်တွေက အာဏာမသိမ်းခင်ကတည်းက ဖြစ်ခဲ့တာပါ။

၂၀၂၁ အာဏာစသိမ်းတော့ နိုင်ငံရေးသမားတွေ စပြီး ပြေးကြရတယ်။ ပြီးတော့ တက်ကြွလှုပ်ရှားသူ လူငယ်တွေပြေးရတယ်။ နိုင်ငံကမတည်ငြိမ်တော့ လုပ်ငန်းရှင်တွေ ပြည်ပပြန်ထွက်ကြတယ်၊ အလုပ်လက်မဲ့တွေများပြီး ပြည်သူတွေ အငတ်ဘေးဆိုက်ကြတယ်။ စစ်ရှောင်တွေပေါလာတယ်။ စစ်ဘေး၊ အငတ်ဘေး ဒါတွေကိုအခြေခံလူတန်းစားတွေ တပြိုင်တည်းခံစားလိုက်ရတယ်။ နောက်ပြီးတော့ စစ်မှုထမ်းဥပဒေ စတယ်၊ လူငယ်တွေမျက်ခုံးလှုပ်ကြရတယ်။ တဆက်တည်း ရွှေဆိုင်ပိုင်ရှင်တွေ ဖမ်းဆီးငွေညှစ်ခံရတယ်။ အခု သံဃာ့ မဟာနာယက ဆရာတော်တွေပါ ပစ်သတ်ခံနေရတယ်။

ပြန်စဥ်းစားကြည့်ရင် နိုင်ငံရေးက လူတိုင်းနဲ့ဆိုင်တယ်ဆိုတာကိုသွားတွေ့ရတယ်။ ဘယ်လို့မှ ရှောင်လွှဲလို့ကိုမရခဲ့တာ။ အယုတ်စွဆုံး ပြည်ပမှာ အေးအေး ချမ်းချမ်းလုပ်စားနေတဲ့ လူတွေဆီကနေတောင် နိုင်ငံခြားငွေ အခွန်ရဖို့ ငွေညှစ်သေးတယ်။ ဒီလိုလူတွေဆီက တရားမျှတမှု၊ လူ့အခွင့်အရေးမျှော်ကို မမျှော်သင့်တာ။


ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဖြစ်စဥ်ပြန်ဆက်ရရင် တချိန်လုံးအမျိုးဘာသာ သာသနာဆိုတဲ့ ကတုံးတွေအသံမထွက်ကြဘူး။ ရွှေကျင်ဥက္ကဌ သီတဂူကိုယ်တိုင်က တိတ်ဆိတ်နေတယ်။ အဲ့ဒီအချိန် ဘာသာခြား တယောက်က ပြစ်မှုကျူးလွန်မိမယ်ဆိုရင် ငါတို့အရိုးစည်းရိုးထိုးမယ်ဆိုတဲ့ လူ့အတ္တတွေ ပေါ်လာပါလိမ့်မယ်။ အခုတော့ အဆုံးထိ လိမ်ကြမယ်ဆိုပြီး အထက်ရောအောက်ရော ဝိုင်းလိမ်ကြတယ်။ စစ်တပ်အောက်ဆွဲတွေက အသံက Ai နဲ့လုပ်ထားတာပါဆိုပြီး ငြင်းတယ်၊ စစ်တပ်လက်အောက်ခံတာဝန်ရှိသူက သူတို့မှာအပြစ်မရှိကြောင်း ဆရာတော်ကြီးတွေကို လာလျောက်တယ်။ ဒီတော့ ကမ္ဘာ့အဆင့် (၃၅) စစ်တပ်ကြီးရဲ့ ဂုဏ်သိက္ခာတွေဘယ်မှာလဲ?။

ဖြစ်စဥ်အပေါ် “စစ်သားတယောက်မှားပြီး ပစ်လိုက်မိတယ်၊ အဲ့ဒီစစ်သားကိုလည်းအရေးယူထားတယ်ပေါ့၊ ပြီးရင်ဆရာတော်ကြီးတွေကို ဝန်ချတောင်းပန်” ဒါဆိုရင် အဖြေကရှင်းနေပြီ။ ဒါကိုပဲ အပေါ်ကလိမ်တယ် အောက်ကပေါ်တယ် ဆိုသလို၊ စစ်တပ်ကကောင်တွေအနေနဲ့ တရှက်ကနေ နှစ်ရှက် ဘူးပေါ်သလိုပေါ်တာပါပဲ။ ဒီပုံစံနဲ့ဆိုရင် ဘုရားလက်ထက်က ဖခင်ကိုသတ်ဖို့ အခါတော်ပေးတဲ့ ဒေဝဒတ်နဲ့ သားဖြစ်သူ အဇာတသတ်လိုပဲ၊ လိမ်ညာရင်း နောက်ဆုံးတော့ စစ်တပ်ပျက်ပြီး မင်းအောင်လှိုင်နဲ့ သီတဂူပဲ ကျန်မယ်ထင်ပါတယ်။

#RedNewsAgency

By Editor