“အမိန့်အရဆိုရင် လူ့အသက်တွေက အပွင့်အခက်တွေလောက် အရေးမကြီးတတ်ကြဘူး။ လက်သုံးချောင်း မထောင်နဲ့ သေတတ်တယ်၊ အာဏာရှင်လို့ မရေရွတ်မိစေနဲ့ သေတတ်တယ်၊ လူ့အခွင့်အရေးအကြောင်း မပြောမိစေနဲ့ သေတတ်တယ်၊ နှင်းဆီပန်း မပန်ချင်နဲ့၊ လမ်းမပေါ် မထွက်နဲ့၊ ခြောင်းမကြည့်နဲ့၊အမျိုးသားနှစ်ယောက်တွဲပြီး ဆိုင်ကယ်မစီးနဲ့ စသဖြင့်ပေါ့ အကုန်သေတတ်တယ်”
*********************************
လုပ်ပိုင်ခွင့်တွေနဲ့ အာဏာစက်ရဲ့ တန်ခိုးရှိန်ဝါကို ပင်လယ်ရေသောက်မိသလို သောက်လေငတ်လေ ရမ္မက်မပြေ ဖြစ်နေကြတဲ့ အဲ့ဒီအသိုင်းအဝန်းမှာ သူတို့ရဲ့ အာဏာပါဝါအတွက်ဆို ဒီနိုင်ငံကို ပြာချဖို့လည်း တစ်စက်လေးတောင် တွန့်ဆုတ်မနေတတ်ကြဘူး။ ထပ်ဖြည့်စရာမလိုတော့အောင် ပြည့်နေပေမယ့် သူတို့ရဲ့ အကျိုးစီးပွား ကြီးမားရေး အတွက်ဆို မြို့တွေရွာတွေကို စစ်တလင်းအဖြစ် ပြောင်းလဲပြစ်ဖို့လဲ ဝန်မလေးတတ်ကြဘူး။ သူတို့ရဲ့ လုပ်ရပ်တွေသာ အမှန်တရားဖြစ်ကြောင်း သက်သေပြနိုင်ဖို့အတွက် ပြည်သူတို့ရဲ့ အသက်တွေကို ချနင်းရမှာလဲ စဉ်းစားတွေဝေ မနေတတ်ကြဘူးလေ။
ပြန်မတွန်းလှန်ရဲစေလိုတဲ့ စိတ်တစ်ခုနဲ့ အာဏာရူးတွေရှို့တဲ့မီးက မြို့ပြတွေမှာလောင်တယ်၊ လေးကေကော်မှာလောင်တယ်၊ စစ်ကိုင်းမှာလောင်တယ်၊ ထန်တလန်မှာလောင်တယ်၊ ပဲခူးရိုးမလည်းလောင်တယ်၊ ရခိုင်ရိုးမလည်း လောင်တယ်၊ မိဘတွေရဲ့ ရင်ဘတ်ထဲမှာလောင်တယ်၊ သားသမီးတွေရဲ့ နှလုံးသားထဲမှာလောင်တယ် ၊ အနာဂါတ်တွေအားလုံးကို လောင်တယ်။ နောက်တော့ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ တစ်တိုင်းပြည်လုံးရဲ့ စိတ်ထဲ အသည်းထဲမှာ ထပ်လောင်တယ်။
တနိုင်ငံလုံးရဲ့ အပူမီးတွေနဲ့ ငိုးကြွေးသံကြားမှာ ဘုရားတည်ပြီး သာဓုခေါ်ပြနေတာက ကုသိုလ်လည်းရ ဝမ်းလည်းဝ တယ်ဆိုတဲ့အကြောင်းကို မီးဟုန်းဟုန်းတောက်နေတဲ့ ရောမမြို့ပျက်ကြီးနဲ့ တယောထိုးနေတဲ့ နီရိုးဘုရင်သာမြင်နိုင်ရင် စစ်အာဏာရှင်ကို ဆရာပါ တင်လောက်တာပေါ့။ အပြစ်ရှိသမျှကို ဘုရားတွေတည် ကျောင်းတွေဆောက်ပြီး အလှူတွေပြုလိုက်တိုင်း ဝဋ်ကြွေးကျေတယ်လို့ ဘယ်ဘုရားကမှ မဟောထားခဲ့ပေမယ့် ဘုရားထူး ခံရတာကို သာယာချင်တဲ့ အဲ့ဒီအသိုင်းအဝိုင်းမှာ ငရဲဆိုတာ သူတို့အာဏာ ရပ်တည်မှုလောက်တောင် အရေးမပါတော့ပါဘူး။
အဲ့ဒီ အာဏာရှင်တွေ အသိုင်းအဝန်းကသိတဲ့ ဘာသာတရားဆိုတာ အစ္စလာမ် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား လူမျိုးရေး ဘာသာရေးအခြေခံ သွေးထိုးလှုံ့ဆော်တာ၊ တိုင်းရင်းသားများအကြား လူမျိုးရေး ဘာသာရေးအခြေခံပြီး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်တာမျိုးလောက်သာ ဖြစ်ပါတယ်။ ဘာသာရေးအမုန်းတရားတွေ ကင်းစင်ကွယ်ပျောက်ဖို့ ဗုဒ္ဓရဲ့ သားတော်တွေကို သိဒ္ဓိတင် လက်နက်ကပ်လှူချင်တဲ့ အာဏာရှင်ကြောင့် ဒီနိုင်ငံဟာ ကျိန်စာသင့်နေခဲ့တာ ကြာခဲ့ပါပြီ။
ကမ္ဘာမှာ ကပ်ဘေးတွေကြုံပြီး အသေအဆုံးများလေတိုင်း ကိုယ်ချင်းစာတရားနဲ့ တွေးကူပေးဖို့ထက် ငါတို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံမို့ ဒါမျိုးမကြုံဘူးလို့ ဂုဏ်ယူပြီး နေစိမ့်တတ်ကြလေအောင်၊ ဘုရားရှင်ရဲ့ ဓမ္မတရားတော်တွေနဲ့ နီးနီးကပ်ကပ်ရှိနေပါလျက် ဂုဏ်တော်ထက် ပုံတော်မက်နေကြလေအောင် ဘယ်သူတွေစီမံခဲ့ပါသလဲ။ စစ်အာဏာရှင်ဟာ လောကီရော လောကုတ္တရာမှာပါ ဘာသာရေးနဲ့ ပြည်သူကို ဒုက္ခပေးနေတဲ့ ဒေဝဒတ်လက်သစ်သာ ဖြစ်တယ်။
ခြံစောင့်တဲ့ခွေးလေးတစ်ကောင်လောက်တောင် သစ္စာမရှိတော့တဲ့ တာဝန်သိ၊ တာဝန်ရှိပါတယ်ဆိုတဲ့ အဲ့ဒီအသိုင်းအဝန်းမှာ အမိန့်အရဆိုရင် လူ့အသက်တွေက အပွင့်အခက်တွေလောက် အရေးမကြီးတတ်ကြဘူး။ လက်သုံးချောင်း မထောင်နဲ့ သေတတ်တယ်၊ အာဏာရှင်လို့ မရေရွတ်မိစေနဲ့ သေတတ်တယ်၊ လူ့အခွင့်အရေးအကြောင်း မပြောမိစေနဲ့ သေတတ်တယ်၊ နှင်းဆီပန်း မပန်ချင်နဲ့၊ လမ်းမပေါ် မထွက်နဲ့၊ ခြောင်းမကြည့်နဲ့၊အမျိုးသားနှစ်ယောက်တွဲပြီး ဆိုင်ကယ်မစီးနဲ့ စသဖြင့်ပေါ့ အကုန်သေတတ်တယ်။ ဘယ်လောက်ထိ သေတတ်လာသလည်းဆို အိမ်ထဲမှာလှဲနေရတဲ့ အဖိုးအဖွားအိုတွေကနေ၊ ဘာသာရေး အလှူပွဲတွေ၊ ဆုတောင်းပွဲတွေ၊ ဈေးသွားဈေးဝယ်တွေနဲ့ စာသင်ကျောင်းက ကလေးငယ်တွေ၊ ကစားကွင်းထဲက ကလေးငယ်တွေအထိ မထင်မှတ်ထားလောက်အောင် သေတတ်သွားခဲ့ပြီ။
တိုက်ပွဲတစ်ခုမှာ နှစ်ဖက်ပစ်လို့ ထိခိုက်ကျဆုံးသွားရတဲ့ သူတွေထက် ကြွက်မနိုင်ရင် ကျီမီးနဲ့ ရှို့တတ်တဲ့ အဲ့အသိုင်းအဝန်းက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆံတွေနဲ့ လေယာဉ်ပေါ်ကကြဲချတဲ့ ပေါင် ၅၀၀ဗုံး အလုံးပေါင်းများစွာကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့အရပ်သားတွေဟာ အဆမတန် များပြားသွားခဲ့ပြီ။ ပဇီကြီးတို့၊ ကနန်တို့၊ လက်ယက်ကုန်းတို့က ကလေးငယ်တွေရဲ့ အသက်မဲ့ခန္ဓာနဲ့ ငိုကြွေးသံတွေဟာ မြေကျန်ရင် ရပြီဆိုတဲ့ စကားနဲ့ ဗုံးတွေကြဲချခဲ့တဲ့ ခင်ဗျားတို့အတွက်တော့ အောင်ပွဲခံစရာ ဖြစ်နေမှာပေါ့။
ကိုယ်ချင်းစာတရား ကင်းမဲ့ပြီး လူစိတ်မရှိတဲ့ အာဏာရူးတွေကြောင့် “မင်း” ဘေးဒုက္ခ သင့်နေရတဲ့ ဒီနိုင်ငံမှာ နောက်တစ်ခါ လူပြန်လာပြီး မဖြစ်ကြပါစေနဲ့တော့ ကလေးတို့ရေ။ အဲ့ဒီ အာဏာရူးတွေမှာလည်း မိသားစုတွေရှိတယ်၊ အရွယ်မရောက်သေးတဲ့ သားမြေးတွေလည်း ရှိတယ်၊ နှေးတုံ့လေးကန်သွားကြတဲ့ မိအိုဖအိုတွေလည်း ရှိကြတယ်။ သူတို့မှာ ကိုယ်တို့လို ချစ်ခြင်းမေတ္တာတရားနဲ့ ဘဝကို ရောင့်ရဲကျေနပ်နိုင်တဲ့စိတ် မရှိတာကလွဲရင် ကျန်တာ အကုန်ရှိကြတယ်။
ကံကြမ္မာလှည်းဘီးဆိုတာဟာ အဆိုးတစ်ခါ အကောင်းတစ်လှည့် လည်ပတ်နေတာမို့ အဆိုးတွေကို မြန်မြန်အလှည့်ကျော်ဖို့ ကျွန်တော်တို့ကြိုးစားအားစိုက်ကြဖို့ လိုအပ်သလိုအကောင်းအလှည့်မှာ ရပ်တန့်နေစေနိုင်ဖို့လဲ ကျွန်တော်တို့ထိန်းသိမ်းနိုင်ဖို့ လိုအပ်တယ်။ ခေါင်းကိုပစ်တဲ့ လူနဲ့ အပစ်ခံရတဲ့လူ နှစ်ယောက်ရဲ့အဖြစ်အပျက်ကြားမှာ အတိတ်ဘဝ ဝဋ်ကြွေးကြောင့်ဆိုတာဟာ အံကြိတ်ပြီး ခဏခဏငြီးကောင်းတဲ့အရာ ဖြစ်မနေသင့်တော့ပါဘူး။
လက်နက်ကိုင်မှ တော်လှန်တာမဟုတ်တော့တဲ့ ၂၁ ရာစုမှာ တစ်ထောင့်တစ်နေရာကပါဖို့အတွက် ကျွန်တော်တို့ရဲ့တွေဝေမှု၊ တွန့်ဆုတ်မှုနဲ့ ကြောက်ရွံ့မှုတွေကြောင့် ကလေးငယ်တွေရဲ့ ငိုသံတွေ၊ အဖိုးအဖွားတွေရဲ့ ညည်းညူသံတွေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေကို ထပ်မံကြုံတွေ့ဖို့ အချိန်ပိုမပေးသင့်တော့ပါ။ ။
ကေဂျီ – Wiper
#RedNewsAgency