“မိမိစိုက်ပျိုးသမျှကိုသာ မိမိပြန်လည်ရိတ်သိမ်းရမှာဖြစ်တဲ့အတွက် ဓမ္မ နဲ့ အဓမ္မ အကျိုးပေးကွာခြားမှုဟာ စိုက်ပျိုးနေချိန်ထက် အသီးအပွင့် ခူးဆွတ်ရိတ်သိမ်းချိန်မှာ အငြင်းပွားစရာ မလိုတော့အောင် အဖြေထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်”
ကေဂျီ
အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်နေတဲ့ အဖွဲအစည်းနဲ့ လူထုအတွက် နိုင်ငံအတွက် ယုံကြည်ချက်နဲ့ လက်နက်ကိုင်ရတဲ့ အဖွဲအစည်း နှစ်ခုရဲ့ အနှစ်သာရဟာ ဆီနဲ့ရေလို ကွာခြားလွန်းလှတဲ့အပြင် ရည်ရွယ်ချက်ခြင်းမတူညီသလို လားရာလည်း တူညီမှာမဟုတ်တာသေချာပါတယ်။ အဖွဲ့အစည်းတင် မဟုတ်ဘဲ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီမှာလည်း မှန်ကန်တဲ့ ခံယူချက်နဲ့ ပြတ်သားတဲ့ လုပ်ရပ်အပေါ် မှုတည်ပြီး တစ်ဦးနဲ့တစ်ဦးရဲ့ တန်းဖိုးဟာ ကွာခြားသွားကြတာပဲ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးအစဦး အချိန်တုန်းကဆို မတရားမှုကို တွန်းလှန်တိုက်ခိုက်ခြင်တဲ့ ဒေသအနှံ့အပြားက ကြီး၊ ငယ်၊ လတ် အသက်အပိုင်းအခြား မရွေးသော ပြည်သူလူထူဟာ ဘယ်ရောက်လို့ ဘာဖြစ်မယ်တောင် ကြိုမသိနိုင်တဲ့ အနေအထားမျိုးကနေ တစ်ကြိမ်တစ်ခါမှ မရောက်ဘူးတဲ့ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင်အဖွဲ့တွေဆီကို ဆင်ကန်းတောတိုး အ ရောက်သွား ပြီး စစ်သင်တန်း တက်ကြရပါတယ်။
ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျောက်မှာ တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဘူးတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေမှာ ပင်ပန်းမှုတွေကို ကြုံတွေ့ကြရပေမယ့် တစ်ဦးနဲ့ တစ်ဦး ကူညီဖေးမကြရင်း သင်တန်းကာလကို အားပေးဖြတ်ကျော်ခဲ့ကြပါတယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ သမျှကိုလည်း နိုင်ငံနဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂါတ် တောက်ပကောင်းစားစေရေးအတွက် စစ်အာဏာရှင်စနစ်ကို ငါတို့ ခေါတ်မှာ အမြစ်ပြတ်တွန်းလှန်နိုင်ရမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ နေတတ်စားတတ်လာအောင် ကြိုးစားနေထိုင်ရင်း စစ်ပညာကို တတ်မြောက်အောင် သင်ယူခဲ့ကြ ရပါတယ်။
















