မင်းအောင်လှိုင်ပြောတဲ့ ဖက်ဒရယ်ဆိုတာ စစ်အာဏာရှင်စနစ်တည်မြဲရေးသာဖြစ် 

စစ်ကောင်စီက PDF တွေကို EROs တွေ အကူအညီမပေးနိုင်ရေးနဲ့ PDF ၊ NUG အင်အားလျော့နည်းလာအောင် အချင်းချင်းသွေးကွဲလွဲအောင် နည်းမျိုးစုံသုံးပြီး အချိန်ဆွဲနေတာပါပဲ။ ဒါကြောင့် သန္ဓေမမှန် ရိုးသားမှု မရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးဆိုပြီး ဟန်ပြလုပ်နေတာဖြစ်ပါတယ်

ဇင်လင်းနိုင်

ဖက်ဒရယ်အခွင့်အရေးများ ပေးအပ်တဲ့နေရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးများကိုသာ ပေးမယ်လို့ နေ ပြည်တော်မှာ စက်တင်ဘာ ၂၇ ရက် မနေ့က လုပ်တဲ့ အစည်းအဝေးမှာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။ 

ဒါ့အပြင် ပြည်ပ ပရောဂတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဝိဝါဒကွဲပြားမှုတွေရှိနေတယ်လို့ သူက ဆိုပြန်ပါတယ်။ ဒီပြောဆိုမှုဟာ သူတို့နဲ့ မဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို ရည်ညွှန်းတာလို့ ထင်ပါတယ်။ ဒါပေမယ့် ပြည်ပက ဘယ်လိုပယောဂလဲ၊ ဘယ်လို ဝိဝါဒကွဲသလဲဆိုတဲ့ စကား (သတင်းထုတ်ပြန် ဝါဒဖြန့်တဲ့အထဲမှာတော့) တစ်စွန်းတစ်စမျှ မပါပေ။ 

အဲဒီလို အာဏာသိမ်းခေါင်းဆောင် ပြောကြားချက်တွေဟာ ဗမာပြည်နယ်ဖွဲ့စည်းဖို့ SSPP က စစ်ကောင်စီ ဥက္ကဌကိုတိုက်တွန်းခဲ့တာ၊UWSP  “ဝ” ပြည်နယ် သတ်မှတ်ဖို့နဲ့ NDAA  မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ရေး မူအာဖြင့် သဘောတူတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်  ဖြစ်နေပါတယ် ။စက်တင်ဘာ ၂၆ ရက်နေ့မှာ SSPP/ SSA၊ UWSP ၊ NDAA တို့နဲ့ စစ်ကောင်စီ ခေါင်းဆောင် တွေ့ဆုံခဲ့တယ်။ အဲဒီတွေ့ဆုံစဥ်မှာ အကျေအလည် မဖြစ်ခဲ့လို့လား၊ညှိနှိုင်းမှု အဖုအထစ်ဖြစ်သွားခဲ့တာလားဆိုတာ တွေးစရာတွေလည်း ရှိနေပါတယ်။ 

ဒါ့အပြင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စပါပြီး နှစ်ဖက်ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေကို ညှိနှိုင်းသဘောတူညီချက် ရမယ်ဆိုရင် ဥပဒေ နဲ့အညီလုပ် ဆောင်ရတယ်လို့ ပြောပါတယ် ။သူ့အနေနဲ့က နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေး လုပ်နေတာဖြစ်ပြီး  ဒီမိုကရေစီနဲ့  ဖက်ဒရယ်စနစ်ကို အခြေခံ ပြည်ထောင်စုကို တည်ဆောက်နေတာပါလို့ ပြောပါတယ်။ 

စစ်ကော်စီဟာ သူတို့ကို မထောက်ခံတဲ့ ဆန့်ကျင်တော်လှန်နေသူ ဘယ်သူမဆို  ကလေးသူငယ်တွေမကျန် ဖမ်းဆီးနှိပ်စက်တာ ရက်ရက်စက်စက် ဥပဒေမဲ့ တရားမဲ့ သတ်ဖြတ်နေတာ ကမ္ဘာအသိဖြစ်ပါတယ်။ဒါပေမယ့် ၂၀၀၈ခြေဥနဲ့အညီမဟုတ်ဘဲ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ခြေဥကို ကိုင်ကိုင်ပြကာ ဥပဒေနဲ့အညီ ဆိုတဲ့ စကားလုံးကို အသွင်သွင်သုံးနေတာတွေ့ရပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အစည်းတွေရဲ့ တောင်းဆိုချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စတွေပါတာမို့ နှစ်ဖက်ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေကို ညှိနှိုင်းသဘောတူညီချက် ရမှ ဥပဒေနဲ့အညီ လုပ် ဆောင်ရတယ်လို့ ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်လိုတာတွေကို လွှတ်တော်မှာမဲခွဲဆုံးဖြတ်တာ ၊လွှတ်တော်လမ်းကြောင်းကပဲ  အခြေခံဥပဒေ ပြင်ဆင်နိုင်မယ်လို့ပြောသွားပါတယ် ။ 

စစ်ပွဲတိုက်ပွဲမရှိတဲ့ EAO ၁၀ ဖွဲ့လောက်နဲ့ ဟန်ပြတွေ့ဆုံရေးတွေလုပ်နေပါတယ်။ ဒါကိုငြိမ်းချမ်းရေးရရှိရေး တွေ့ဆုံဆွေးနွေးနေခြင်းမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရရှိဖို့ ကြိုးပမ်းနေတာလို့ သူကပြောပါတယ်။ ဒါပေမယ့်လည်း ငြိမ်းချမ်း ရေးဆွေးနွေးပွဲလို့သာ ခေါင်းစဥ် တပ်ထားပေမယ့် အများပြည်သူလူထုအကျိုး တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ လိုလားချက် တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ ရလဒ် ချမပြနိုင်ခဲ့ပါ။ စစ်ကောင်စီ လက်အောက်ခံ ဝါဒဖြန့် သတင်း စာတွေ TV တွေမှာ ပါရုံ ၊ ဓာတ်ပုံနဲ့တကွ ရေးသားလို့ရရုံ ဟန်ပြတွေ့ ဆုံနေခြင်း ဖြစ်တယ်ဆိုတာ လေ့လာကြည့်သူတိုင်း သိကြပါတယ် ။ 

ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင် ကတော့ နောင်လာမယ့် လွှတ်တော်သက်တမ်းမှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့သဘော တူညီချက်တွေ ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေကို ပေါင်းစပ်ပြီး လွှတ်တော်မှာ ဆွေးနွေးသွားမယ်လို့ ပြောပါတယ် ။ ဒီလို လုပ်နိုင်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပိုမိုလျှင်မြန်စေမယ်လို့ ပြောထားပြီး တစ်ဖက်မှာလည်း ရဲတပ်ဖွဲ့တွေကို ထိခိုက်မှုများ ရှိလာမယ်ဆိုရင်  လက်တွေ့ကျတဲ့ တုံ့ပြန်မှုတွေ လုပ်မယ်လို့ ဆိုပြန်ပါတယ်။

ဒါကို ကြည့်ရင် အခုဆွေးနွေးပွဲတွေဟာ လူထု စိတ်မဝင်စားတဲ့ ရွေးကောက်ပွဲ ၊ ဘယ်သူမှ အာရုံသိပ်မရှိတော့တဲ့ ခြေဥပြင်ဆင်ရေးဆီကိုပဲ ဦးတည်နေတာတွေ့ရပါတယ်။အခုလို ငြိမ်းချမ်းရေး ခေါင်းစဥ်နဲ့ ဟန်ပြဆွေးနွေးပွဲဟာ တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ လိုလားတောင်းဆိုခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ကိုယ်ပိုင်ပြဌာန်းခွင့် ၊ ပြည်နယ်ဖွဲ့စည်းပုံ ၊ပြည်နယ်ဖွဲ့စည်းခွင့် ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွေနဲ့ အလှမ်းကွာဝေးနေသလို ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေး ဆိုတာလည်း အများကြီးအလှမ်းကွာဝေးနေပါတယ်။ နောက် ၅ နှစ် လွှတ်တော်သက်တမ်းမှ လိုလားချက်တွေ ရဖို့ လုပ်ဖို့ မသေချာမရေရာ ပုံစံမျိုး ဖြစ်နေပါတယ်။

“ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယ ဥက္ကဋ္ဌ ဦးစန်ပေ့ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်နှင့် မင်းအောင်လှိုင်တို့ စက်တင်ဘာ ၂၆ ရက်နေ့က တွေ့ဆုံစဉ်

စစ်ကောင်စီဟာ လူထုရွေးကောက်တင်မြှောက်တဲ့ အစိုးရ လူထု ထောက်ခံယုံကြည်တဲ့ အစိုးရကို လက်နက်ကိုင်အကြမ်းဖက် အင်အားအများအပြားသုံးကာ ဖမ်းဆီးထားပြီး ဒီနေ့မထိ ဘယ်တော့မှ မပြီးဆုံးနိုင်တော့တဲ့ ပုဒ်မမျိုးစုံတပ်ကာ အငြိုးအတေး အာဃာတွေနဲ့ တရားစွဲဆိုတာတွေ ဆက်တိုက်လုပ်နေခဲ့တယ်။ သူ့ခြေသူ့လက် သူ့လက်အောက်ခံ တရားရုံအမည်ခံတွေ တစ်ဖက်သတ် အမိန့်ဆိုတာမျိုးတွေ မျက်ကွယ်တရားစီရင်တာမျိုးတွေ လုပ်နေပါတယ်။ 

မဲစာရင်းမှားယွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မတရား အာဏာထိန်းထားတယ်ဆိုတာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ပြည်သူလူထုက သိထားပြီးသား ကိစ္စ ဖြစ်ပါတယ်။ မဲစာရင်းမှားကြောင်း၊ မဲမသမာမှုပြုလုပ်တယ်လို့ အကြောင်းပြ စွပ်စွဲပြီး သတင်းစာရှင်းလင်းပွဲတွေ မကြာခဏ လုပ်ခဲ့ပေမယ့် သူတို့ ပြောပြနေတဲ့ သတင်းထုတ်ပြန်နေတာတွေဟာ မဲစာရင်းအမှား ရှိခဲ့တယ်ဆိုတာကလွှဲပြီး မဲမသမာမူ ကိစ္စ အထောက်အထား အချက်အလက် တစ်ခုမှ မတွေ့ရပါ။ 

ဒီလို လူထုရဲ့ ဆန္ဒ လူထုရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်မှာ  ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ဆိုခဲ့ပြန်ပါတယ်။ လူထုက စိတ်ဝင်စားလား၊ ဒါတွေ သူတို့ ခေါင်းထဲမှာမရှိ၊ သူတို့ သက်တမ်းရှည်ဖို့ ထွက်ပေါက် တစ်ခုရဖို့ သူတို့ကိုယ့်ကျိုးအတွက်က လွဲလို့ တခြားအကြောင်းရင်း မရှိနိုင်တာသေချာပါတယ်။ 

ဒါကလည်း ရှင်းပါတယ်။ အာဏာသိမ်းထားတာ လပေါင်း ၂၀ နီးပါး ရှိလာခဲ့ပေမယ့် တိုင်းပြည်ဟာ တစ်နေ့တစ်ခြား အပျက်ဘက်ကို ဦးတည်နေပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး ၊စီးပွားရေး ဘာတစ်ခုမှ မထိန်းနိုင်ခဲ့သလို နိုင်ငံတကာ ထောက်ခံမှု အသိအမှတ် ပြုမှု ဘာမှမရှိခဲ့ပဲ ကမ္ဘာ့နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေသာ ရနေပါတယ်။ရုရှား အားကိုး ပုဆိန် ရိုး ခဲ့ရပုံကိုသာ ကြည့်ပါလေ။ စစ်ကောင်စီဟာ နေရာအနှံ့ စစ်မျက်နှာဖွင့်ထားရတယ်။ စစ်ကိုင်း မကွေးနဲ့ ကချင် ကရင် ချင်း ကယား ရခိုင် အပါအဝင် နိုင်ငံအဝှမ်း ဒေသပေါင်းစုံမှာ လက်နက်ကိုင် ပဋိပက္ခတွေ တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေတယ်။ စစ်ကောင်စီတပ်တွေကို နေရာပေါင်းစုံ ဒေသပေါင်းစုံကနေ တိုက်ခိုက်နေကြတယ်။ 

ဒီအခြေအနေမှာ ဟန်ပြငြိမ်းချမ်းရေးဆိုပြီး EAO တစ်ချို့နဲ့ လုပ်တယ်၊ မတွေ့သေးရတဲ့ EROs တွေကိုလည်း ဆွေးနွေးချင်ပါတယ်ဆိုပြီး ဖိတ်တယ်။ ဒီအခြေအနေမှာပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF)၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နဲ့ မဆွေးနွေးဘူးဆိုပြီး စစ်ကောင်စီက ပြောတယ်။ PDF တွေကလည်း ဆွေးနွေးဖို့ စစ်ကောင်စီကို တောင်းဆိုဖို့ လက်နက်ကိုင်နေတာမဟုတ်သလို နေရာတိုင်း ဒေသတိုင်းမှာ အင်အားတွေ တစ်နေ့တစ်ခြား ကြီးထွားခဲ့တယ်။ ဒါကို သိတဲ့ စစ်ကောင်စီက PDF တွေကို EROs တွေ အကူအညီမပေးနိုင်ရေးနဲ့ PDF ၊ NUG အင်အားလျော့နည်းလာအောင် အချင်းချင်းသွေးကွဲလွဲအောင် နည်းမျိုးစုံသုံးပြီး အချိန်ဆွဲနေတာပါပဲ။ ဒါကြောင့် သန္ဓေမမှန် ရိုးသားမှု မရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးဆိုပြီး ဟန်ပြလုပ်နေတာဖြစ်ပါတယ်။ 

ပြန်ပြီးသုံးသပ်ကြည့်ရင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ရဲ့ ပြောကြားချက်တွေဟာ တောင်စဥ်ရေမရဖြစ်နေ တာ၊ စိတ်ကူးယဉ် ဆန်နေတာ၊အဓိပ္ပာယ်မရှိတာတွေ တွေ့ရသလို  လက် တွေ့နဲ့လည်း အများကြီး ဆန့်ကျင် ကင်း ကွာနေသလို ဖြစ်နေပါတယ်။မြန်မာ နိုင်ငံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ် အဲဒီလို ဖက်ဒရယ်ကို သူ့အလိုကျ အဓိပ္ပာယ် ဖွင့်နေတာတွေ့ရပါတယ်။

ပြည်သူလူထုက ရွေးကောက်ပွဲတွေ ၂၀၀၈ ခြေဥ​ပြင်ဆင်တာတွေ ငြိမ်းချမ်းရေးဆွေး နွေးနေတာတွေကို စိတ်မဝင်စား၊ လူထုရဲ့ အဓိက ရည်မှန်းချက် ပန်းတိုင်ဟာ “အကြမ်းဖက်စစ်တပ်နဲ့  စစ်အာဏာရှင် အမြစ်ဖြတ်ရေး၊အနာဂတ်မျိုးဆက်တွေ တိုင်းရင်းသား ပြည်သူ လူထုတစ်ရပ်လုံးအတွက် ဖက်ဒရယ်ပြည်ထောင်စု ဖက်ဒရယ် တပ်မတော်ကြီး ပေါ်ပေါက်ရေး” ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စေ့စပ်ညှိနှိုင်းတာတွေ စစ်ကောင်စီပြောတဲ့ ဖက်ဒရယ်ဆိုတာတွေဟာ ဆေးမတိုးတော့ဘူးဆိုတာ နိုင်ငံအဝှမ်း ဆန္ဒပြမှုတွေ လက်နက်ကိုင် ခုခံတော်လှန်တိုက်ခိုက်နေတာတွေက သက်သေပြနေပါတယ်။

Red News Agency 

By Editor