” မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဟန်ပြငြိမ်းချမ်းရေး “

စစ်တပ်အတွက် စစ်ဘောင်ကျယ်နေသည့် အခြေအနေဖြစ်သည်
ယခုလို လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်မှုများနိုင်ငံအဝှမ်း နေ့စဥ်ဖြစ်ပေါ်နေချိန် အာဏာ သိမ်းစစ်ကောင်စီက နိုင်ငံတော်ကြီး ငြိမ်းချမ်းရေးအတွက် ခေါင်းစဥ်တပ်ကာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့တွေ့ဆုံလျက်ရှိနေလေသည်။
 
စစ်ကောင်စီခေါင်းဆောင်နှင့် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကြရမည့် ထိုပွဲသို့ အပစ်ရပ်လက်မှတ်ထိုးထားသော RCSS/SSA(သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ )၊ALP( ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ)၊KNU/KNLA-PC(ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ) ၊ NMSP(မွန်ပြည်သစ်ပါတီ)၊LDU(လားဟူ ဒီမိုကရက်တစ်အစည်း အရုံး )၊PNLO(ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊DKBA(ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်) စသည့် အဖွဲ့ ၇ ဖွဲ့နှင့် အပစ်ရပ် လက်မှတ်မထိုးသော UWSA ‘ဝ’ တပ်ဖွဲ့ ၊ SSPP(ရှမ်းပြည်တိုးတက်ရေးပါတီ)၊ NDAA(မိုင်းလားအဖွဲ့ )စသည့် အဖွဲ့ ၃ ဖွဲ့တို့ကတက်ရောက်မည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
 
အင်အားကြီး လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသည့် KIA၊ KNU ၊ AA အဖွဲ့များက စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည်ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး အကုန် တွေ့ဆုံဆွေးနွေးနိုင်မည့် အခင်းအကျင်း မဟုတ်ဟု ထောက်ပြထားသည်။ တက်ရောက်စရာ အကြောင်းမရှိဟုလည်း တုန့်ပြန်ထားသည်။
 
ယခုဆိုလျှင် RCSS၊ မွန်ပြည်သစ်ပါတီ၊ KNU/KNLA(PC) ၊ ဝ အဖွဲ့တို့နှင့် တွေ့ဆုံပြီးစီးနေပြီ ဖြစ်သည်။ တစ်ဖွဲ့လျှင် ၃ ရက်ခန့် ဆွေးနွေးခြင်း ဖြစ်ပြီး တစ်ဖွဲ့နှင့် တွေ့ဆုံပြီးတိုင်း သုံးရက်တာဆွေးနွေး ညှိနှိုင်းချက်များကို သဘောတူညီ အတည်ပြု လက်မှတ်ထိုးခဲ့ကြသည်ဟုဆိုကာ သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးမည်ဆိုသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် မည်သည့်အချက်များ ဆွေးနွေးသဘောတူညီခဲ့ကြသည်ဆိုသည့် အကြောင်းအရာအသေးစိတ်မပါပဲ ယေဘုယျသာ အပေါ်ယံ သတင်းထုတ်ပြန်လေ့ရှိသည်။

 
ယခင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နိုင်ငံရေး အခင်းအကျင်းမှာ အစိုးရ၊တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီတို့ ကြားသာ တွေ့ဆုံဆွေးနွေးရသည် ဖြစ်သည်။ တိုင်းသားလက်နက်ကိုင်များနှင့် အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်း အဖြေရှာ၍ ရသည့် အခင်းအကျင်းသာ ဖြစ်နေသည်။
 
လက်ရှိနိုင်ငံရေး အခင်းအကျင်းသည် တစ်တိုင်းပြည်လုံး လက်နက်ကိုင် တိုက်ခိုက်မှုများ၊တိုက်ပွဲများနှင့် ပဋိပက္ခမျိုးစုံ ဖြစ်ပေါ်နေသည့် အခြေအနေဖြစ်သည်။ တိုင်းရင်းသားနယ်မြေဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသာမက စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်း ပြည်နယ် ၊ မကွေးတိုင်း စသည့် ဒေသများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များဖြင့် စစ်တပ်တို့ နေ့စဥ် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်အတွက် စစ်ဘောင်ကျယ်နေသည့် အခြေအနေဖြစ်သည်။
 
ထိုအခြေအနေမျိုးတွင် လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းနိုင်ရေး ၊ငြိမ်းချမ်းရေးအတွက်ဟုဆိုကာ စစ်မဖြစ်သည့် စစ်ပွဲမရှိသည့် တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့အချို့နှင့်တွေ့ဆုံနေခြင်းမှာ ဟာသသဖွယ် ဖြစ်နေလေသည်။ လက်ရှိနိုင်ငံရေး အ​ခြေအနေအရ သက်ဆိုင်သူ အားလုံးမပါဝင်သော ဆွေးနွေးပွဲမဖြစ်လျှင် အဓိပ္ပါယ်မရှိနိုင်၊ မည်သူမျှလည်း လက်ခံကြလိမ့်မည် မဟုတ်ပေ။
 
တိုင်းရင်းသား လက်နက်အဖွဲ့များကိုသာ ငြိမ်း ချမ်းရေး စကားပြောလိုပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) မပါ၊ PDF တို့နှင့် ဆွေးနွေးမည်မဟုတ်ဟု ထုတ်ဖော်ပြောဆိုထားသော်လည်း PDF အပါအဝင် နွေဦးတော်လှန်ရေး တိုက်ပွဲဝင်နေကြသူ အားလုံးကလည်း “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဟု ကြွေးကြော်တိုက်ပွဲဝင်နေကြသည်။ စစ်ကောင်စီနှင့် မည်သည့်အချိန်အခါတွင်မှ ဆွေးနွေးမည်မဟုတ်သလို စစ်ကောင်စီနှင့် စစ်အာဏာရှင်ဖြုတ်ကျရေး တိုက်နေကြခြင်း ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား သဘောထားများ ထုတ်ပြန်နေကြသည်ကို တွေ့နေရသည်။
 
တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးဟူ၍ ပြောဆိုနေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့နှင့် ဆွေးနွေးမည်မဟုတ်ဟု ထုတ်ဖော်ပြောဆိုထားမှုကလည်း စစ်ကောင်စီ အပေါ် တိုင်းရင်းသားလက်နက်အဖွဲ့များ မယုံကြည်စရာ အချက်ဖြစ်နိုင်သည်။ စစ်တပ်က သူ့အတွက် ထွက်ပေါက်ရှာနေခြင်း ဖြစ်သည် သုံးသပ်နေကြသည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွေ့အကြုံများ၊ သာဓက များစွာ ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက သဘောပေါက်ဟန်ရှိသည်။ စစ်ကောင်စီနှင့် ဆွေးနွေးစရာ အကြောင်းမရှိဟု ပြတ်ပြတ်သားသား သဘော ထားထုတ်ပြန်ခဲ့ကြသည်။
 
တစ်ဖက်တွင် ငြိမ်းချမ်းရေးစကားဆိုနေသော်လည်း စစ်ကိုင်းတိုင်း၊ မကွေးတို့ဘက်ရှိ ကျေးရွာများကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေသည်။စစ်ဘေးရှောင် ပြည်သူများ၏ တဲများကို မီးရှို့ ဖျက်ဆီးနေသည်။ ပြည်သူများစွာ အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့ကြရပြီး အိုးမဲ့အိမ်မဲ့ များစွာ ဒုက္ခပေါင်းများစွာ ကြုံတွေ့နေကြရသည်။ ထိုအခြေအနေမျိုးတွင် စစ်ကောင်စီ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဖြစ်နေလေသည်။
 
မြေပြင်တွင် စစ်တပ်ဘက်မှ တိုက်ပွဲ အတော်များများတွင် အကျအရှုံးများစွာ ဖြစ်နေပြီး တောရော မြို့ပေါ်မှာပါ လက်နက်ကိုင် တိုက်ခိုင်နေကြသည့်အတွက် စစ်ကောင်စီအနေဖြင့် ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေပြီဟု တပ်မတော်ထောက်ခံသူတစ်ဦး ဖြစ်သူ ကိုမင်းက လူမှုကွန်ယက်ပေါ်တွင် ပေါက်ကွဲသံစဥ်များဖြင့် ထောက်ပြဝေဖန်ထားသည်ကို တွေ့ရသည်။
 
လက်ရှိနိုင်ငံရေး အခြေအနေအရ PDFများနှင့် မဆွေးနွေး NUG၊ CRPH တို့နှင့် မဆွေးနွေးဟု ပြောဆိုနေခြင်းသည် အမှန်တကယ် တိုင်း ပြည်ငြိမ်းချမ်းရေးအတွက်မဟုတ်ဘဲ နိုင်ငံတ ကာကို ပြလို့ ကောင်းရုံသက်သက် လုပ်နေခြင်း ဖြစ်ကြောင်း စစ်ရေး၊နိုင်ငံရေး ကျွမ်းကျင်သူအချို့ သုံးသပ်နေကြသည်။ အပြစ် မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေ၊ ပြည်သူ့နေအိမ်များ၊ စီးပွားဥစ္စာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီက တိုက်ပွဲမဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး အကြောင်းပြော၊ အမှတ်တရ ဓာတ်ပုံရိုက် ကြေးမုံ ၊မြန်မာ့အလင်းတွင် ဖော်ပြနေခြင်းမှာ မီးစတစ်ဖက်ရေမှုတ်တစ်ဖက်နှင့် ဟန်ပြ ငြိမ်းချမ်းရေးအဆင့်သာ ဖြစ်နေပါသည်။
 
ဇင်လင်းနိုင် ( Red News Agency)
 
ဓာတ်ပုံ – အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် KNU/ KNLA (PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဇွန်လ ၄ ရက်နေ့က တွေ့ဆုံခဲ့ကြသည်။
 
RedNewsAgency

By Editor