အာဏာသိမ်း စစ်တပ်လက်အောက်မှ ရုန်းထွက်လာသည့် တပ်ရင်းမှူးအဆင့်အပါအဝင် (၃၅၀၀) ကျော်ရှိ

RNA_ဖေဖော်ဝါရီ ၂၆၊၂၀၂၂ခုနှစ်။

မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းအဖွဲ့လက်အောက် စစ်တပ်မှာ မနေလိုသည့်အတွက် ဆန့်ကျင်ကာ ပြည်သူ့ဘက်ကူးပြောင်းလာသူ တပ်ရင်းမှူးအဆင့် ဒုဗိုလ်မှူးကြီး (၂) ဦးအပါအဝင် စစ်သားနှင့်ရဲ (၃၅၀၀) ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

” တပ်ရဲ CDM တွေ အင်အားဟာ ကိန်းဂဏန်းတစ်ခုထိထပ်တိုးလာပါပြီ၊ အထူးသဖြင့်တော်လှန်ရေးအင်အားစုတွေဆီ ဝင်ရောက်ကြတာ များပါတယ်၊ စစ်တပ်ဘက်ကတော့ နည်းနည်းလေးပဲလို့ ငြင်းနေပေမယ့် ကျနော်တို့ပြည်သူ့ရင်ခွင်အဖွဲ့က တပ်ရဲ CDM code ထုတ်ပေးမှုဟာ ၃၅၀၀ ကျော် သို့ရောက်ရှိလာပါပြီ၊ ၃၅၀၀ ဟာ တရားဝင်တဲ့စာရင်းတစ်ခု ဖြစ်ပြီး ဆက်သွယ်မှုအခက်အခဲ နေရာအခက်အခဲတွေကြောင့် ကျနော်တို့ဆီ စာရင်းမပေးသွင်းနိုင်တာ အင်အားတော်တော်များများ ကျန်နေပါသေးတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်ထံမှ သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် ကယားပြည်နယ်ရှေ့တန့်၊ ကရင်ပြည်နယ်ရှေ့တန်း၊ ချင်းပြည်နယ် ရှေ့တန်း၊ စစ်ကိုင်းတိုင်း ရှေ့တန်းရောက် စစ်ကောင်စီလက်အောက်ခံ တပ်မှ ဆန့်ကျင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်လာသူများရှိကြောင်း၊ PDF များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း ကူးပြောင်းလာသူများကို စိစစ်ကြိုဆိုနေကြောင်း သိရသည်။

ရဲနှင့်စစ်သားများ စစ်ကောင်စီတပ်မှ ထွက်လာပြီး ပြည်သူ့ရင်ခွင်ခိုလှုံကာ PDF များနှင့်အတူ တိုက်ပွဲဝင်သူများရှိပြီး၊ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက် တာဝန်ထမ်းဆောင်သူများရှိကြောင်း၊ လွတ်မြောက်နယ်မြေတွင် နေထိုင်သူများနှင့် လက်နက်ထုတ်လုပ်ရေးတွင် ပါဝင်ကူညီနေကြသူများရှိကြောင်း၊ ယခုရက်ပိုင်း ပြည်သူ့ဘက် ရပ်တည်လာသည့် ဒုဗိုလ်မှူးကြီး (၂) ဦးအမည်ကို ထုတ်ဖော်ပြောကြားထားမှု မရှိသေးကြောင်း သိရသည်။

RedNewsAgency

By Editor