မြို့နယ်ဖွံ့ဖြိုး‌ရေးရန်ပုံငွေထုတ်ယူသုံးစွဲမှုကိုပွင့်လင်းမြင်သာစွာချပြသင့်

ညောင်လေးပင်၊ ဒီဇင်ဘာ ၁ ရက်။

ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်၌ပြည်သူများထည့်ဝင်ငွေဖြင့်စုဆောင်းထားသော မြို့နယ်ဖွံ့ဖြိုး‌ရေးရန်ပုံငွေများ ထုတ်ယူသုံးစွဲနေမှုကို ပွင့်လင်းမြင်သာစွာချပြသင့်ကြောင်း ဒေသခံများမှ တောင်းဆိုနေကြောင်း သိရသည်။

အဆိုပါဖွံ့ဖြိုးရေး ရန်ပုံငွေမှာ လွန်ခဲ့သော ၁၅ နှစ်ခန့် က မြို့သူမြိုသားများထည့်ဝင်ငွေဖြင့် ဘက်ဟိုးဝယ် ထားကာ သုံးမရသည့်အနေအထား၌ ပြန်လည်ထုခွဲရောင်းချခဲ့ပြီး ရရှိသောငွေဖြင့် ထွန်စက်တစ်စီး၊ ရိတ်ချွေစက်တစ်စီး၊ နောက်တွဲတစ်စီးဝယ်ယူ၍ စက်မှုလယ်ယာ၌ထားရှိကာ အသုံးပြုဧကနှုန်းထားဖြင့် အငှားချထားခဲ့‌‌ပြီး ရရှိသည့်ငွေများအား ဘဏ်၌အပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့မြို့နယ်ကနေ စုဆောင်းထားတဲ့ ကိုယ့်မြို့အတွက်ငွေကြေးပမာဏကို သိမ်းဆည်းထားတယ်လို့ကြားတယ်။ အဲ့ဒီငွေကြေးကိုလည်း မြို့နယ်က ပြည်သူတွေအတွက် မြို့နယ်ရဲ့ဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်း တိုးတက်ရာတိုးတက်ကြောင်းတွေကို လုပ်ကိုင်စေချင်တာပေါ့။ အခုကျွန်တော်တို့ ကြားသိရတာက အဲလိုမဟုတ်ဘဲ တစ် မျိုးကြားသိရတဲ့အတွက် အဲဒီငွေတွေကို မြို့နယ်ဖွံ့ဖြိုးရေးအတွက် ထင်သာမြင်သာရှိအောင် ပြည်သူတွေလက်ခံလာအောင် ချပြသင့်တယ်”ဟု ဒေသခံ ဦးအေးမြင့်က ပြောသည်။

ဖွံ့ဖြိုးရေးရန်ပုံငွေများအား ဘဏ်စာရင်းဖွင့်အပ်နှံထားရှိရာတွင်ပါဝင်သည့် မြို့မိမြို့ဖ ဦးသိန်းနိုင်က မြို့နယ် အုပ်ချုပ်ရေးမှူး၊ စက်မှုလယ်ယာဦးစီးမှူးနှင့် မြို့မိမြို့ဖ တစ်ဦး စုစုပေါင်းသုံးဦးဖြင့် မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်စာရင်းဖွင့်ထားပြီး နှစ်ဦးလက်မှတ်ဖြင့်ထုတ်ယူနိုင်ကြာင်း၊ ယခုထုတ်ယူသုံးစွဲနေမှုအား အစည်းအဝေးပြုလုပ်ခဲ့ခြင်းမရှိဘဲ စက်မှုလယ်ယာဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှစ်ဦးက လက်မှတ်ထိုး၍ ထုတ် ယူခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

စက်ကိရိယာနှင့်ပတ်သက်သည့် ဘဏ်စာအုပ်ရှိသော် လည်း စဖွင့်စဉ်က မည်သည့်ခေါင်းစဉ်ဖြင့် ဖွင့်ထားသည်ကိုမသိကြောင်း၊ ၎င်းစရောက်ရှိချိန်မှစ၍နှစ်ကြိမ်သုံးကြိမ်ခန့် ထုတ်ခဲ့ဖူးကြောင်း၊ မည်သည့်ခေါင်စဉ်ဖြင့် ထုတ်သည်ဆိုခြင်းအား မြို့နယ်အုပ်ချုပ်ရေးမှူးသာ သိမည်ဖြစ်ပြီး လက်ရှိတွင်၎င်းအနေဖြင့် ထွန်စက်တစ်စီးနှင့် ရိတ်ချွေစက်တစ်စီး ထိန်းသိမ်းပေးထားသည်ဟု စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရားကိုင်ထန်းက ပြောသည်။

အထက်ပါဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စနှင့်စပ်လျဉ်း၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်ထံ သွားရောက်မေးမြန်းခဲ့သော်လည်း အဆိုပါကိစ္စအား ပြန်လည်‌ဖြေကြားပေးခြင်းမရှိဘဲ နောက်အပတ်မှသာ ပြန်လည်ဖြေကြားပေးမည်ဟု ထပ်မံချိန်းဆိုခဲ့ကြောင်း၊ လက်ရှိတွင် မြို့ဖွံ့ဖြိုးရေးအတွက် အသုံးပြုရန်ရည်ရွယ် ဝယ်ယူထားသော စက်များမှာ နှစ်ခုသာကျန်ရှိပြီး ငွေထုတ်သုံးမှုအား မြို့ဖွံ့ဖြိုး‌ရေးရန်ပုံငွေဖြစ်သည့်အတွက် ပွင့်လင်းမြင်သာစွာချပြရန် ဒေသခံများက လိုလားလျက်ရှိသည်။

စွမ်းထက် (ညောင်လေးပင်)Red News Agency

By Editor