RNA_ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။
တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည် ( ကယား) တွင် စစ်ဘေးရှောင်ပြည်သူများကို ဦးတည်ပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည့်အတွက် စစ်ဘေးရှောင်ပြည်သူများ မြေပြင်နှင့်တောထဲတွင် နေမရသည့်အတွက် လိုဏ်ခေါင်းများတွင် နေထိုင်ကြရကြောင်း ဒေသခံထံမှသိရသည်။

” စစ်ရှောင်တွေဟာစစ်ရှောင်စခန်းမှာမနေရဲတော့ဘဲ လေယာဉ်နဲ့ဗုံးလာထပ်ကြဲမှာ စိုးရိမ်ရလို့နေ့ခင်းဘက်တောင် အပြင်မှာ မနေရဲဘဲ အရမ်းအေးတဲ့ဂူတွေထဲမှာ ရွေ့ပြောင်းနေကြရပါတယ်။ ဒီလိုသာ ရက်ကြာရှည်နေနေရရင် အထူးသဖြင့် အမျိုးသမီးတွေ (ကိုယ်ဝန်ဆောင် နို့တိုက်မိခင်အပါအဝင်) သက်ကြီးရွယ်အိုနဲ့ ကလေး သူငယ်တွေဟာ အကြီးအကျယ် ဒုက္ခရောက်ဖွယ်ရာ ရှိနေပါတယ်” ဟု ကိုရဲနောင်က ပြောပြထားသည်။

ရာသီဥတုက အေးနေသည့်အခါ လိုဏ်ခေါင်းများအတွင်း နေထိုင်ရသည့် စစ်ဘေးရှောင် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမျိုးများ ကျန်းမာရေးဆိုးရွားလာနိုင်ကြောင်း၊ ယနေ့အချိန်ထိ စစ်ဘေးရှောင်ပြည်သူ ကရင်နီပြည်မှာ တစ်သိန်းကျော် ရှိကြောင်း ဒေသခံများထံက သိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်း နန်းမယ်ခုံ နှင့် ဖရူဆိုမြို့နယ် အနောက်ခြမ်း ရခီးဘူး စစ်ဘေးရှောင် စခန်းတို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တဦးအပါအဝင် စစ်ဘေးရှောင် ၃ ဦးနှင့် ဆေးဝန်ထမ်း (ပရဟိတသမား) ၃ ဦး သေဆုံးခဲ့ရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို သပ်ညှာခြင်းမရှိ တိုက်လေယာဉ်များအသုံးပြု စစ်ရေးအရှိန်တိုးမြှင့်လာသည့်အတွက် လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်း တူးထားရန် အချက်ပါအဝင် ဆောင်ရန် ရှောင်ရန်များကို ဇန်နဝါရီလ ၁၇ ရက်နေ့က ကရင်နီပြည်အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနက လုံခြုံရေးဆိုင်ရာ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားသည်။
Red News Agency