စာပြင်စာတည်း၏မှတ်စုများ ( ၁၀) (၁၁)

မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

အောင်မှူးဝေ

ဝိပဿနာဆိုင်ရာများ
အရှင်အာနန္ဒာ။  ။ ပဋိစ္စသမုပ္ပါဒ် ခက်တယ်ပြောကြတယ်။တပည့်တော်တော့ ခက်တယ်မထင်ဘူးဘုရား ။ မြတ်ဗုဒ္ဓ – ဒီလိုမပြောနဲ့ အာနန္ဒ၊တွေးကြည့်ရုံနဲ့သိတဲ့တရားမျိုးမဟုတ်ဘူးပညာရှိတွေသာ ခံစားသိရှိနိုင်တဲ့တရားမျိုး ဖြစ်တယ်။ သဘောကို စိတ်နဲ့ကြည့် ရုပ်သဘော နာမ်သဘောကိုမျက်စိနဲ့မကြည့်ပါနဲ့စိတ်နဲ့ကြည့်ပါ။ဝေဒနာကို ဆွေမျိုးမတော်လိုက်ပါနဲ့သဘောကိုပဲ မိအောင်ရှုပါ ။သဲအင်းဂူဆရာတော်

အတွင်းလောကဓံကိုမှ သည်းမခံနိုင်ရင်အပြင်လောကဓံကိုလည်း သည်းမခံနိုင်ဘူး။
သဲအင်းဂူဆရာတော်
အရှိအသိ ကိုက်အောင်ကြည့်ကြည့်တဲ့အခါမှာ စိတ်ရှည်ရမယ်နော။ မြောက်ဦးဆရာတော်
နိဗ္ဗာန်ချမ်းသာဆိုတာမသိသေးလို့မို့ မလိုချင်ကြသေးတာနော။ သိရင်တော့ လိုချင်ပြီ။ဒီကနေ့ တရားအားထုတ်နေကြတယ်ဆိုတာ သိအောင်လို့ ကြည့်နေကြတာ။ မြောက်ဦးဆရာတော်
မင်းစည်းစိမ်ကို ရလို့မို့ မအိုတော့ဘူး မသေတော့ဘူးမှတ်သလား
ပံ့သကူမထေရ် တပည့်တော်သည် မိမိအစိုးရသည့် မြေပြင်အားလုံးကို အရှင်မြတ်များအား လှူဒါန်းပါသည်အရှင်ဘုရား။ဤသို့ လှူဒါန်းရသောကောင်းမှုကြောင့်  တပည့်တော်သည် နတ်ပြည်သို့လည်း မရောက်လိုပါ၊ဗြဟ္မာ့ပြည်သို့လည်း မရောက်လိုပါ၊မင်းစည်းစိမ်ကိုလည်း မခံစားလိုပါ။မင်းစည်းစိမ်ဟူသည်မှာ ရေပွက်ပမာ တစ်ခဏမျှသာ ခံပါသည်။ဤကုသိုလ်ကောင်းမှုကြောင့် တပည့်တော်ရလိုသောဆုမှာ အရိယာသံဃာတော်များ တန်ဖိုးထားကြသော မိမိစိတ် မိမိထိန်းချုပ်နိုင်ရေးပင် ဖြစ်ပါသည်ဘုရား။ယင်းဥစ္စာရတနာသည် မည်သည့်အခါမျှ ပြောင်းလဲဖောက်ပြန်မှုမရှိသည့် ဥစ္စာရတနာဖြစ်ပါသည်ဘုရား။ အသောကမဟာရာဇာ

☸ သတိပဋ္ဌာန်အကျိုး(၇)မျိုး  ☸     ဒီကနေ့ ဘုန်းကြီးများ မနေ့က ဗုဒ္ဓရဲ့ ဂုဏ်တော်အများထဲမှာ ဝိဇ္ဇာစရဏဂုဏ်တော် ထုတ်ဖော် ပြီး အကျဉ်းချုပ်ဟောသွားပါတယ်။ အဲဒါကိုချဲ့ထွင်ပြီးတော့ သဒ္ဓါတရားအသိဉာဏ်ပွားဖို့ရန် ဆက်လက်ပြီး တော့ ရှင်းလင်းဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ဒါပေမယ်လို့ မိမိတို့ အားထုတ်ရတဲ့ သတိပဋ္ဌာန်တရားရဲ့ ဂုဏ်ရည်တွေကိုသိဖို့က ပိုပြီး အရေးကြီးတာမို့လို့ ဘုန်းကြီးရည်ရွယ်ထားတဲ့ ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော် ခဏထားပြီးတော့ အခွင့်သင့်တဲ့အခါကျမှပဲ ထည့်ပြီးတော့ ပြောပါမယ်။    ဒီနေ့ သတိပဋ္ဌာန်လေးပါးရဲ့ ဂုဏ်ရည် (၇)ပါးကို အတိုချုပ် ပြီးတော့ စာပေအရ ရှင်းလင်းပြပါမယ်။ နောက်ပိုင်းကျတော့ စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်ပြီးတော့ ရှင်းလင်းတင်ပြပါမယ်။

ဗုဒ္ဓမြတ်စွာက သတိပဋ္ဌာန်တရား အားထုတ်မယ့်ပုဂ္ဂိုလ်များ တစ်နည်း အားထုတ်နေတဲ့ပုဂ္ဂိုလ်များ အားတက်သရောရှိရေးအတွက် အကျိုး(၇)မျိုးကို သတိပဋ္ဌာန်ရဲ့ အစမှာ တရားကြေညာချက်အနေနဲ့ ရဲရဲတောက်အာမခံပြီးတော့ မိန့်ကြားခဲ့ပါတယ်။ မိန့်ကြားပုံကတော့ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂါ သတ္တာနံ ဝိသုဒ္ဓိယာ .. ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ” အကျိုး(၇)မျိုးကို ခွဲပြီးပြောပါမယ်။ ဘိက္ခဝေ -ဘိက္ခုတို့၊ အယံ-ဤသည်ကား၊သတ္တာနံ- ဘုရားပစ္စေကဗုဒ္ဓ သမ္မာသမ္ဗုဒ္ဓ အရိယာသာဝကစသော အလုံးစုံသောသတ္တဝါတို့၏၊ ဝိသုဒ္ဓိယာ-စိတ်အညစ်အကြေးမှ ကင်းဝေးစင်ကြယ်ခြင်းငှာ၊ ဧကာယနော မ​ေဂ္ဂါ-တစ်ခုတည်းသော အကျင့်လမ်းကြောင်း၊ သေချာသောအကျင့် လမ်းကြောင်းပါပဲတဲ့။ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ-ယင်း တစ်ခုတည်းသော အကျင့်လမ်းကြောင်းဆိုတာ ဟောဒီ သတိပဋ္ဌာန်တရားလေးပါးတို့ပါပဲတဲ့။ အာရုံပေါ်ခိုက်မှာ စွဲမြဲစွာရှုမှတ်ရတဲ့ ဟောဒီ သတိပဋ္ဌာန်တရားလေးပါးပါပဲ။ အဲဒါက စလိုက်ပါတယ်။     နောက် ဒုတိယအကျိုးနဲ့ တတိယအကျိုးကိုတော့ ဗုဒ္ဓမြတ်စွာ က တွဲပြီးတော့ ပြပါတယ်။ သောကပရိဒေဝါနံ သမတိက္ကမာယ စိုးရိမ်ပူဆွေးရခြင်း တမ်းတငိုကြွေးရခြင်းတို့ကို လွန်မြောက်သွားဖို့ရန် တစ်ခုတည်းသောလမ်း၊ သေချာသော တစ်ကြောင်းတည်းသော လမ်းပါပဲတဲ့။ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ-ယင်းသောကနဲ့ ပရိ ဒေဝ လွန်မြောက်သွားဖို့ရန် လမ်းဟူသည်ကား ဤသတိပဋ္ဌာန်တရား လေးပါးတို့ပါပဲ။

နောက် ၄-ခုမြောက်အကျိုးဂုဏ်ရည်နဲ့ ၅-ခုမြောက် အကျိုး ဂုဏ်ရည်ကို တွဲပြီးတော့ တစ်မျိုးပြပြန်သေးတယ်။ “ဒုက္ခဒေါမနဿာနံ အတ္ထမင်္ဂမာယ ဧကာယနော မ​ေဂ္ဂါ… ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ”၊ ကိုယ်ဆင်းရဲနဲ့ စိတ်ဆင်းရဲတို့၏ ချုပ်ငြိမ်းကွယ်ပျောက်သွားဖို့ရန် တစ်ခုတည်းသောလမ်း၊ တစ်ကြောင်းတည်းသောလမ်း၊ သေချာသော အကျင့်လမ်းပါပဲတဲ့။ ယင်း ဒုက္ခဒေါမနဿ ချုပ်ငြိမ်းကွယ်ပျောက်ရန် အာမခံချက်ရှိတဲ့ လမ်းကြောင်းဆိုတာဟာ ဟောဒီသတိပဋ္ဌာန်တရားလေးပါးပါပဲ။     နောက်ခြောက်ခုမြောက်အကျိုး “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ ဉာယဿ အဓိဂမာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ”ဥယဿ အဓိဂမာယ-အရိယမဂ်ကိုရခြင်းငှာ၊ အရိယမဂ်ရဲ့ ရှေ့ပြေး ပုဗ္ဗဘာဂ မဂ်ကို ပွားပြီးတော့ အရိယမဂ်ကိုရခြင်းငှာ၊ ဧကာယနော မ​ေဂ္ဂါ တစ်ကြောင်းတည်းသော ခရီး၊ တစ်ကြောင်းတည်းသောလမ်း၊ သေချာသော အကျင့်လမ်းကြောင်းပါပဲတဲ့။

ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ-ယင်းဟာ ဤသတိပဋ္ဌာန်တရားလေးပါးတို့ပါပဲတဲ့။     နောက်ဆုံး ခုနစ်ခုမြောက်အကျိုးကတော့ “အယံ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဧကာယနော မ​ေဂ္ဂါ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ” ဤသည်ကား ဆင်းရဲခပ်သိမ်းတို့၏ငြိမ်းရာ၊ နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းငှာ တစ်ခုတည်းသောလမ်း၊ တစ်ကြောင်းတည်းသောလမ်းပါပဲ တဲ့။ သေချာသောလမ်းပါပဲ။ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ-ယင်းဟာ ဤသတိပဋ္ဌာန်တရား လေးပါးတို့ပါပဲ။        လမ်းခွဲလမ်းမြွှာ မရှိဘူး     ဧကာယနောမှာ ဧက+အယန၊ ဧက=တစ်ခုသော (ဝါ)သေချာသော၊ အယန-လမ်း၊ တစ်ခုတည်းသောလမ်း၊ သေချာသောလမ်း၊ ဒီလိုအဓိပ္ပာယ်ရပါတယ် ။ ဘာတွေအတွက်တုန်း၊ ဘာအကျိုးတွေရဖို့ အတွက်တုန်းဆိုတော့ ပထမဆုံး ကိလေသာစင်ကြယ်အောင်၊ ဒုတိယက သောကတွေလွန်မြောက်သွားဖို့၊ တတိယက ပရိဒေဝ-ငိုကြွေးမှု လွန် မြောက်ဖို့၊ စတုတ္ထကတော့ ကိုယ်ထဲမှာ အနေဆိုးခံခက်တဲ့ ကိုယ်ဆင်းရဲ တွေ ချုပ်ငြိမ်းသွားဖို့ရန်၊ ပဉ္စမကတော့ စိတ်ထဲမှာ မသက်မသာ စိတ် နှလုံး မချမ်းသာ မှုတွေ ချုပ်ငြိမ်းသွားဖို့၊ ဆဋ္ဌမကတော့ ပုဗ္ဗဘာဂမဂ် ပွားပြီးတော့ အခုလိုရှေ့ပိုင်းက အရိယမဂ်ရဖို့ရန်ပွားပြီးတော့၊ နောက်ဆုံးကတော့ ဆင်းရဲခပ်သိမ်းချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ပါပဲ။ အဲဒါ တစ်ကြောင်းတည်းသော သေချာတဲ့ခရီးပါပဲတဲ့။ ယင်းသေချာတဲ့ ခရီးဆိုတာ အခြားမဟုတ်ပါဘူး။

အခု ယောဂီတွေ အားထုတ်နေတဲ့ ကာယ ဝေဒနာ စိတ္တ ဓမ္မ ရှုကွင်း ၄-မျိုးထဲက ရှုကွက်ရုပ်အမူအရာလေးတွေ၊ ရှုကွက်ခံစားမှုလေးတွေ၊ ရှုကွက်စိတ်ကူးကလေးတွေ၊ ရှုကွက် အထွေထွေသဘောအမူအရာလေးတွေ မပြတ်မလပ် စွဲမြဲစွာ ရှုမှတ်နေတဲ့ သတိပဋ္ဌာန်လုပ်ငန်းပါပဲတဲ့။    လူတိုင်းလူတိုင်းအဖို့ရာ အလွန့်အလွန်လိုအပ်တဲ့အကျိုးလို့ ခေါ်ရမှာပဲ။ ဒီအကျိုး(၇)မျိုး ရဖို့ရန်အတွက် သတိပဋ္ဌာန်အကျင့်ဟာ သေချာတဲ့လမ်းကြောင်းပဲလို့ဆိုသဖြင့် သတိပဋ္ဌာန်နဲ့ကင်းပြီးတော့ အခြားတစ်ပါးသောလမ်းကြောင်းမရှိလို့ ဒီလိုဆိုလိုရာရောက်ပါတယ်။     ဒီတော့ အခုပြောခဲ့တဲ့ အကျိုးတွေအတွက် တစ်ခုတည်းသော လမ်းလို့ဆိုသဖြင့် အခြားလမ်းမရှိဘူးဆိုတဲ့အဓိပ္ပာယ်၊ အခြားလမ်းခွဲ လမ်းလည်းမရှိဘူး၊ ဒီတစ်ကြောင်းတည်း သေချာတယ်ဆိုရင် ဒီတစ်ကြောင်းတည်း သေချာတဲ့လမ်းစဉ် လိုက်ရတော့မှာပဲ။ အထူးသဖြင့် အခုပြောခဲ့တဲ့ အကျိုး(၇)မျိုး ရလိုတဲ့ပုဂ္ဂိုလ်ဟာ သေချာတဲ့ သတိပဋ္ဌာန်လမ်းကြောင်း လိုက်ဖို့ပဲ ရှိတော့တာပါပဲ။

သတိပဋ္ဌာန်အောက်စီဂျင်     လူတိုင်းလူတိုင်းမှာ သူ့ဟာနဲ့သူတော့ အရေးကြီးတဲ့ကိစ္စတွေ ရှိကြတာချည်းပါပဲ။ သို့သော် အဲဒီအရေးကြီးတဲ့ကိစ္စတွေထဲမှာ သာမန် အရေးကြီးတာ၊ နည်းနည်းပိုပြီး ထူးကဲပြီး အရေးကြီးတာ၊ အရေး အကြီးဆုံးဆိုတာ ခွဲလိုက်လို့ရှိရင် သတိပဋ္ဌာန်ဘာဝနာတရားဟာ အရေးကြီးဆုံးကိစ္စထဲမှာ ပါပါတယ်။ အရေးကြီးဆုံးကိစ္စထဲမှာ ပါရ ခြင်းရဲ့ အကြောင်းအချက်(၄)မျိုး ရှိပါတယ်။

လူတိုင်းအဖို့ အရေး ကြီးဆုံးကိစ္စဆိုတာ ..(၁) မလုပ်မဖြစ်ဘူး၊ (လုပ်ကိုလုပ်ရမယ်)။  (၂ ) ကိုယ်တိုင်လုပ်မှဖြစ်တယ်၊ (ကိုယ်စားလှယ်နဲ့မရ )။  (၃ ) အချိန်မီလုပ်ရမယ်၊ သို့မဟုတ် အချိန်မှန်လုပ်ရမယ် ၊ (အချိန်လွှဲပြီးတော့ အချိန်လျှော့ပြီးတော့ လုပ်လို့မရ)။ (၄) အကျိုးရ များတယ်၊ (သေးနုပ်တဲ့အလုပ် မဟုတ်ဘူးလို့ ဆိုလိုတယ်)။ အဲဒီအချက် (၄)ချက်နဲ့ သုံးသပ်လိုက်ရင် သတိပဋ္ဌာန်ဟာ အရေးကြီးဆုံးထဲမှာ ပါပါတယ်။ အနီးဆုံးဥပမာပြောရရင် ရှူမှု ရှိုက်မှု မကင်းတဲ့ ပုဂ္ဂိုလ်တွေဟာ ၊ အဆုတ်ရှိတဲ့သတ္တဝါတွေဟာ ရှုရ ရှိုက်ရမှ နေလို့ထိုင်လို့ကောင်းတယ်။ အထူးသဖြင့် ညစ်ညမ်းတဲ့လေတွေ နေရရင် လေမရတဲ့ လေလှောင်တဲ့နေရာမှာ နေရရင် သန့်ရှင်းလတ်ဆတ်တဲ့လေ သိပ်လိုအပ်တယ် အရေးကြီးတယ် ။

သန့်ရှင်းလတ်ဆတ်တဲ့လေဟာ လူတိုင်းအဖို့ ။ သန့်ရှင်းလတ်ဆတ်တဲ့လေရဖို့အတွက် လူတိုင်းအဖို့ အရေးကြီးဆုံးပဲ။ ဒီလေရှူရမှ ကျန်းမာရေးရမယ် ၊ အသက်ဆက် ရမယ် ဆိုရင် လောလောဆယ် ဒီလေကို ချက်ချင်းရဖို့ အရေးကြီးတယ် ။ ဒီတော့ သန့်ရှင်းလတ်ဆတ်တဲ့လေ မရှူလို့မဖြစ်ပါဘူး။ အငှားနဲ့ရှူလို့မရပါဘူး။ ကိုယ်တိုင်ရှူရပါတယ်။ အချိန်မီ ပါတယ် ရှုရပါတယ် ။ အသက်ရှူကြပ်နေတဲ့အခါ ဆက်ပြီးတော့ အချိန်မှန် ရှူသွားရမှာပါပဲ။ အကျိုးကျေးဇူးလည်းပဲ အင်မတန်များပါတယ်။ အခု သတိပဋ္ဌာန်ဘာဝနာတရားဟာ လူတိုင်းအဖို့ မရှိမဖြစ်တဲ့ ပစ္စည်း တစ်ရပ်အနေနဲ့ အမြဲတမ်းအသုံးချရမယ့်ပစ္စည်းတစ်ရပ်လို့ သဘောထားရပါတယ်။

အထူးသဖြင့် သန့်ရှင်းလတ်ဆတ်တဲ့လေလို သဘော ထားရပါတယ်။ လူရယ်လို့ဖြစ်လာပြီဆိုရင် လူပီသဖို့ လူလိုစိတ်ထားတတ် ဖို့နဲ့ လူ့အသိဉာဏ်ရှိပြီးတော့ လူ့ထက်လူဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီကိုယ်ကျင့်တရားတွေဟာ အရေးကြီးဆုံးပါပဲ။ သတိမရှိရင် အဲဒီ အခြေအနေ မဆိုက်ရောက်နိုင်ပါဘူး။ သတိမဲ့ရင်တော့ အဲဒါတွေ ဘာမှ မရနိုင်ပါဘူး။ သတိမဲ့ရင်ခဲ့သလောက် ရှောင်ရှားသင့်တဲ့ လူမှုဝတ္တရား တွေ ရှောင်ရှားဖို့ လစ်ဟင်းပျက်ကွက်သွားတော့တာပဲ။ အကျိုးမဲ့တွေ ဖြစ်တော့တာပဲ။ ပြီးတော့ ဆောင်သွားလိုက်နာသင့်တဲ့အရာတွေလည်း ဆောင်ပွားလိုက်နာဖို့ရန် သူ့နေရာနဲ့သူ သူ့အချိန်နဲ့သူ လိုက်နာဖို့ရန် အတွက် လစ်ဟင်းပျက်ကွက်တော့တာပါပဲ။ အဲဒီလိုဆိုရင်လည်း အကျိုးမရဘူး။ ရှောင်ရှားသင့်တဲ့အရာတွေ မရှောင်ရှားဘဲနဲ့ လစ်ဟင်းပြီး ပျက်ကွက်ပြီဆိုရင် ဒါ မေ့တာပဲ။ သတိလစ်တာပဲ။ သတိကင်းတာပဲ။ အကျိုးမဲ့တွေ ဖြစ်တော့တာပဲ။ လိုက်နာသင့်တဲ့ အရာတွေ သူ့အချိန်နဲ့သူ သူ့နေရာနဲ့သူ ဆောင်ရွက်ဖို့ရန်အတွက် လစ်ဟင်း ပြီဆိုရင် အကျိုးမရတော့ပါဘူး။ သတိရှိရင်တော့ ရှောင်ရှား သင့်တဲ့ အရာတွေ ရှောင်ရှားနိုင်တော့ ဘေးအန္တရာယ်တွေလည်း မကြုံရဘူး။ အကျိုးဖြစ်ထွန်းတဲ့ အရာတွေ ဆောင်ရွက်တော့ ဆောင်ရွက် နိုင်သလောက် အကျိုးတွေဖြစ်ထွန်းလာဖို့ပါပဲ။

ဒါကြောင့် သတိဟာ သိပ်အရေးကြီးတယ်လို့ ဆိုပါတယ်။ လူရယ်လို့ ဖြစ်လာပြီဆိုရင် ဓမ္မလမ်းကြောင်း ဖြောင့်ဖြောင့်လျှောက်ပြီးတော့ လူပီသဖို့၊ လူလိုစိတ် ထားတတ်ဖို့နဲ့ လူ့အသိဉာဏ်ရှိဖို့ ဒီသတိပဋ္ဌာန်ဟာ မပါလို့ မဖြစ်ပါဘူး။ သူ ပါကိုပါရတယ်။    သတိမရှိဘဲနဲ့ သတိအထိန်းအချုပ်မထားဘဲနဲ့ ဒုစရိုက်(၁၀) ပါးပေါ်မှာ စိတ်အလိုကျ လွှတ်ထားကြည့်စမ်းပါလား။ ကာမဂုဏ် (၅ )ပါးအပေါ်မှာလည်း စိတ်အလိုကျ လွှတ်ထားကြည့်စမ်းပါလား။ ဘာမှသိမ်းဆည်းမှုမရှိဘူးဆိုရင် မိမိမှာ လောဘ, ဒေါသ, မောဟ အစွန်းရောက်တဲ့ လောဘ, ဒေါသ, မောဟတွေ၊ ပြီးတော့ စိတ်ထဲမှာ ဖြစ်နိုင်တဲ့ လောဘ, ဒေါသ , မောဟတွေ ဖြစ်နေမှာပဲ။  အဲဒီလိုဖြစ် နေတာဟာ ညစ်ညမ်းတဲ့လေတွေ ရှူရလို့ ကိုယ်ထဲမှာ သွေးအသွား အလာတွေ ဖောက်ပြန်ပြီးတော့ နေလို့ထိုင်လို့ မကောင်းသလို ဖြစ်သွား နိုင်ပါတယ်။

tension တို့၊ stress တို့၊ depression တို့ ဖြစ်ကုန်တော့တာပဲ။ အဲဒါ polluted air ရှူရတဲ့အခါ ကျန်းမာရေးထိခိုက်သလိုပေါ့။ စိတ်ချမ်းသာရေးအတွက် ထိခိုက်မှု ဖြစ်တော့တာပဲ။ သန့်ရှင်းလတ်ဆတ်တဲ့လေကို မရှူရဘူးဆိုရင် ကိုယ်ထဲမှာ လိုအပ်တဲ့ အောက်စီဂျင်ဓာတ်တွေကို မရတော့ သူလည်းပဲ နေလို့ ထိုင်လို့ မကောင်းပါဘူး။ အဲဒီတော့ ဒုစရိုက်(၁၀)ပါးအပေါ်နဲ့ ကာမဂုဏ် (၅)ပါးအပေါ် စိတ်အလိုကျလွှတ်ထားရင် polluted air တွေ ရှူရလို့ ကျန်းမာရေးချို့တဲ့သလို၊ သန့်ရှင်းလတ်ဆတ်တဲ့ လေကို မရှူရလို့ ကိုယ်ထဲမှာလိုအပ်တဲ့ အောက်စီဂျင်တွေမရတော့ ချမ်းသာမှုမရသလို အဲဒါနဲ့ အများကြီးတူပါတယ်။ အဲဒါနဲ့ နှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်။ အများစုလူတွေမှာဆိုရင်တော့ သတိမဲ့လို့ ဒုစရိုက် လူ့သဘာဝအကျင့်ဆိုးထဲမှာ နစ်မွန်းပြီးတော့နေတာတွေ၊ ကာမဂုဏ် (၅  )ပါးထဲမှာ နစ်မွန်းပြီးတော့နေတာတွေ အဲဒီပုဂ္ဂိုလ်တွေ သွားကြည့် ပေါ့။ စက်မှုသိပ္ပံထွန်းကားတဲ့နိုင်ငံတွေ၊ ရုပ်ဝတ္ထုကြွယ်ဝတဲ့နိုင်ငံတွေ၊ လူနေမှုအဆင့်အတန်းမြင့်မားတဲ့နိုင်ငံတွေ ဆိုရင် ဒီသတိက ကင်းနေ တော့ သူတို့မှာ polluted air တွေ ရှူရသလို မချမ်းမသာ ဖြစ်နေကြတာကိုကြည့်ပေါ့။ အဲတော့ ဒီမှာ တစ်ခုတော့လိုနေပြီဆိုတာ ပြပါတယ်။

အဲဒါ လိုတာဟာ သတိပဋ္ဌာန်ပဲ။    တရားအဆုံးသတ်တော့မယ်။ သန့်ရှင်းလတ်ဆတ်တဲ့လေကို စက္ကန့်တိုင်းမလတ် ရှူခြင်းအားဖြင့် ကိုယ်ရောစိတ်ပါ လန်းလန်းဆန်းဆန်း အမြဲတမ်းရှိနေသလို ပေါ်တာလေးတွေ ပေါ်ဆဲ မပြတ်တမ်း ရှုမှတ်ခြင်းအားဖြင့် ကိုယ်ရောစိတ်ပါ အညစ်အကြေးတွေ ကင်းဝေးစင်ကြယ် ပြီးတော့ polluted air နဲ့တူတဲ့ အညစ်အကြေးတွေ ကင်းဝေးစင်ကြယ် ပြီးတော့ အမြဲတမ်း ကိုယ်စိတ်နှစ်မျိုး လန်းလန်းဆန်းဆန်း ဖြစ်နိုင်ကြပါစေလို့ တိုက်တွန်းရင်းနဲ့ ဒီနေ့ တရားအဆုံးသတ်လိုက်ပါတယ်။    ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်။

ရှေးရေစက် အကြောင်းကံ

သူငယ်ချင်းတို့ မိတ်ဆွေတို့ဆိုတာလည်း ရှေးကုသိုလ်ရေစက်ကြောင့် ဒီဘဝလာဆုံကြရတာပဲ။ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးတဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့တွေ့တဲ့အခါ “ဘယ်လိုလူတွေနဲ့ကုသိုလ်အတူတူပြုခဲ့မိမှန်းမသိဘူးကွာလို့ တွေးမိတယ်” ဒါပေတဲ့ဒီကောင်တွေဟာ ငါတို့အလှူလုပ်နေတုန်း သာဓုဝင်ခေါ်ခဲ့တဲ့ သူတောင်းစား စဏ္ဍာလ ခွေးမျိုးဝက်နွယ်တွေဖြစ်မှာပါပဲလို့ ဆက်တွေးလိုက်တော့ အံမယ် စိတ်သက်သာရာရသွားရော။ စိတ်နေကောင်းဖို့လိုအပ်တယ်လေ။

အောင်မှူးဝေ ရေးတဲ့စာ ” မင့်စာတွေ ငါမဖတ်ဖူးဘူးကွ မာန်တက်မနေနဲ့”
” တပည့်တော်က လူတကာဖတ်ဖူးအောင် ဤနေရာတွင်သေးမပေါက်ရ၊အမှိုက်မပစ်ရတွေရေးတဲ့လူ မဟုတ်ဘူးဘုရား” အောင်မှူးဝေ

မြဖူး ။ သီးတမ်းမလင့်၊ပန်းမန်ပွင့်၍၊ဆင့်ဆင့်ဝန်းဝန်း၊ရွာသွန်းပတ်ကုံး၊လျှပ်ဝါပြုံးသည်၊ ၊မိုးလုံးညိုပြာ မြဖူးတည်း။ တွင်းသင်းမင်းကြီး၏ဝိလာသိနီ ဆင်တော်မော်ကွန်းမှ
ပညာရှိ လက္ခဏာ ၃ ပါး။
၁။ ကောင်းသော အကြံကို ကြံစည်လေ့ရှိခြင်း၊
၂။ ကောင်းသော စကားကို ပြောဆိုလေ့ရှိခြင်း၊
၃။ ကောင်းသော အမှုကို ပြုလေ့ရှိခြင်း။ (အံ၊၁။၁၀၁။) (အံ၊မြန်၊၁။၁၁၉။) (ပဋိသံ၊ဋ္ဌ၊၂။၂၄၃။) (နေတ္တိ၊ဋ္ဌ။၁၄၈။)
ငသတ်ကာရန်။ ငသတ်ကာရန်၊ ရေးထုံးမှန်၊ ၉-တန်မြန်မာနည်း။ ။ မြန်မာ့ရေထုံးကာရန်ငယ် အသံခြောက်ပါးကိုပြရာ၍ “အင် အင့် အင်း၊ အိုင် အိုင့် အိုင်း၊ အောင် အောင့် အောင်း”ဟု ပညာရှိများ မှတ်သားထားကြ၏။ ကလာအတတ် ၆၄-ရပ်  သိပ္ပံပညာခေါ် လက်မှုပညာအတတ် ၆၄-ရပ်ကို လိုရင်းပဓာနမျှထုတ်ပြသော သုကြနီတိကျမ်းလာ ဖြစ်၏၊ ဘာဂဝတ ပုရာဏ်စသည်တို့၌လည်း ကလာအတတ်ပေါင်းများစွာရှိသေးသည်။

(၁) နစ္စ-အကမျိုးစုံအတတ်၊ (၂) ဝါဒန- တီးမှုတ်မျိုးစုံအတတ်၊ (၃) ဝတ္ထာလင်္ကာရ သန္ဓာန- လူနှင့်လျော်အောင် အဝတ်တန်ဆာဆင်ယင်ပေးမှုအတတ်၊ (၄) အနေက ရူပ ဝိဘာဝ ကရဏ- အဆင်းသဏ္ဌာန်မျက်နှာရုပ်ပုံအမျိုးမျိုးတို့ကို ကောင်းစွာလှပအောင် ပြုပြင်ပေးနိုင်ခြင်း၊ အလှပြင်အတတ်၊ (၅) သေယျတ္ထရဏာဒိ သံယောဂ ပုပ္ဖါဒိ ဂန္ထန- အိပ်ရာ ခုတင်စသည်တို့ကို တင့်တယ်ဖွယ်ရာစွာ ပြင်ဆင်ခင်းကျင်းတတ်ခြင်း၊ ပန်းစသည်တို့ကိုသီကုံးပြုပြင်တတ်ခြင်းအတတ်၊ (၆) အနေက ကီဠာရဉ္စန- ကစားမျိုးစုံတို့ဖြင့် လူအပေါင်းအား နှစ်သက်စေနိုင်ခြင်းအတတ်၊ (၇) အနေကာသန သန္ဓာန ရတိဇာနန- နေရာအမျိုးမျိုး နည်းအမျိုးမျိုးဖြင့် ကာမ မွေ့လျော် ခံစားပြုလုပ်ပုံနည်းကို သိသောအတတ်၊ (၈) မဇ္ဇ သဝါဒိကရဏ- သေရည်သေရက် အမျိုးမျိုး စိမ်ချက်မှုအတတ်၊ (၉) သလ္လဟာရဏ ဝဏဝိဇ္ဈန- စူးဝင်သောမြား ကျည်ဆန်နှင့် အနာဟူသမျှတို့ကို ခွဲစိတ်ကုသနိုင်ခြင်းအတတ်၊ (၁၀) အန္နာဒိပဝန- အချက်အပြုတ် စဖိုစသည်အတတ်။ (၁၁) ဗီဇာရောပနာဒိ- သစ်ပင်မျိုးစေ့တို့ကို စိုက်ပျိုးစောင့်ရှောက်ခြင်း လယ်ယာ ဥယျာဉ်မှူးအတတ်၊(၁၂) ပါသာဏ ဓါတွာဒိ ဝိဓါကရဏ ဘသ္မီကရဏ- ကျောက်ခဲ ရွှေ ငွေ သံ စသောဓာတ်တို့ကို ခွဲစိတ်ခြင်း၊ သန့်စင်ခြင်း၊ ပြာချခြင်းအတတ်၊ (၁၃) ဥစ္ဆု ဝိကာရ ကရဏ- ထန်းလျက် ကြံသကာ တင်လဲ သကြားစသည် ချက်လုပ်မှုအတတ်၊ (၁၄) ဓာတောသဓိ သံယောဂါဓိ ကိရိယာ- ရွှေစသောဓာတ်နှင့်ဆေးတို့ကို ယှဉ်စပ်သောအတတ်၊ (၁၅) ဓာတု သံယောဂ ဝိဘာဂ ကရဏ- ရွှေ ငွေစသော ဓာတ်တို့ကို ရောစပ်ခြင်း ခွဲထုတ်ခြင်းဟူသော ဓာတုဘေဒအတတ်၊ (၁၆) ဓာတွာဒိ သံယောဂ ပုဗ္ဗဝိညာဏ- ဓာတ်မျိုးစုံစပ်နည်းကို ရှေးဦးစွာစတင်စမ်းသပ်ပြုလုပ်နိုင်ခြင်း အတတ်၊ (၁၇) ခါရနိက္ကာသန- ယမ်း ဆား ဆပ်ပြာထုတ်လုပ်တတ်မှု၊ (၁၈) သတ္ထ သန္ဓာန ဝိက္ခေပ- အလိုရှိရာ၌ ကျရောက်ထိမှန်နိုင်စေရန် လက်နက်ကို ချိန်ရွယ်ပစ်လွှတ်ခြင်းအတတ်၊ (၁၉) မလ္လယုဒ္ဓ- လက်ပမ်းလုံးခြင်းအတတ်၊ (၂၀) ဗာဟု ယုဒ္ဓ- လက်ဝှေ့သတ်ခြင်းအတတ်။(၂၁) ပတိကိရိယာ- ရန်သူလက်ချက်မှလွတ်မြောက်အောင် ရှောင်လွှဲခြင်းအတတ်၊ (၂၂) ဗျူဟာစရနာဒိ ကရဏ- စည် မောင်း ဘင် ခရာအမှတ်ဖြင့် စစ်ဆင် စစ်တက်အမျိုးမျိုး ယန္တရားလက်နက်တို့ကို စနစ်တကျ စီစဉ်ချထားပစ်ခတ်ခြင်းအတတ်၊ (၂၃) ဒေဝတာတောသန- နတ်တို့အားနှစ်သက်စေခြင်း မေတ္တာပို့အမျှပေးဝေမှုအတတ်၊ (၂၄) သာရယျ ဟတ္ထိ အဿ ဂတိ သိက္ခာ- ရထားမောင်း ဆင်စီး မြင်းစီးအတတ်၊(၂၅) မတ္တိကာဘဏ္ဍ သံကိရိယာ- အိုး အင် အုတ်လုပ် အိုးထိန်းသည်အတတ်၊ (၂၆) ကဋ္ဌာ ဘဏ္ဍ သံကိရိယာ- သစ်သားထည်မျိုးစုံ ပန်းပု လက်သမားအတတ်၊

(၂၇) ပါသာဏ ဘဏ္ဍ သံကိရိယာ- ကျောက်ရုပ်ကျောက်ပန်း ကျောက်ဆစ်အတတ်၊ (၂၈) ဓာတု ဘဏ္ဍ သံကိရိယာ- ကြေးထည် သံထည်မျိုးစုံ ပန်းပဲပန်းတင်းအတတ်၊ (၂၉) စိတ္တာဒျာလေခန- ပန်းချီပုံဆွဲအတတ်၊ (၃၀) တဠာက ပိပါသာဒ သမဘူမိကိရိယာ-ချောင်း မြောင်း ရေတွင်းရေကန်တူးခြင်း၊ ကျုံးတူးခြင်း၊ တိုက်အိမ် မြို့ကွက်တို့၌၊ မြေညှိခြင်းအတတ်။ (၃၁) ယန္တရ ကရဏ- နာရီ စက် တူရိယာမျိုးစုံ ပြုလုပ်နိုင်ခြင်းအတတ်၊ (၃၂) ဝဏ္ဏ ရဉ္ဇန-အရောင်မျိုးစုံ ဆေးဆိုးပန်းရိုက် လုပ်ငန်းအတတ်၊ (၃၃) ဇလ ဝါယွဂ္ဂိ သံယောဂ နိရောဓ ကိရိယာ- ရေစက်လေစက် မီးစက် အင်ဂျင်စက် အတတ်၊ (၃၄) ယာန ကရဏ- ယာဉ်မျိုးစုံတို့ကို တည်ဆောက်ပြုလုပ်ခြင်းအတတ်၊ (၃၅) သုတ္တာဒိ ရဇ္ဇ ကရဏ- ချည်မျှင် ချည်ကြိုး အမျိုးမျိုးငင်လုပ်သောအတတ်၊ (၃၆) ဝတ္ထုဝါယန- အထည်မျိုးစုံရက်လုပ်သောအတတ်၊ (၃၇) ရတနဝေဓာဒိ သန္တသန္တညာန- ရတနာတို့၏ အနေအထားအပေါက်စသည်တို့၌ ကောင်း မကောင်းသိသောအတတ်၊ (၃၈) သုဝဏ္ဏာဒိ ယထာယထဝိညာဏ- ရွှေစသည်တို့ကို အမျိုးမှန် မမှန်၊ ကောင်း မကောင်းသိသောအတတ်၊ (၃၉) ကိတ္တိမ သုဝဏ္ဏရတနာဒိ ကိရိယာဝိညာပန-ပြုလုပ်အပ်သော ရွှေစသည့် ကိတ်ရတနာတို့ကို ပြုလုပ်နိုင်ခြင်း ရွှေဖြစ် ငွေဖြစ် အတတ်၊ (၄၀) လေပါဒိသံကိရိယာ-ပန်းရန် အတတ်။ (၄၁) စမ္မမဒ္ဒဝါဒိကိရိယာ- သားရေနယ်အမျိုးမျိုးနှင့် ၎င်းင်းတို့ကိုဆေးဆိုးခြင်း သားရေနယ်အတတ်၊(၄၂) သုဝဏ္ဏဒျာလင်္ကာရကိရိယာ- ပုံစံမျိုးစုံလုပ်နိုင်သော ရွှေပန်းထိမ်အတတ်၊

(၄၃) ပသုစမ္မင်္ဂနီဟာရ ကိရိယာ-သားကောင်ပုံမပျက်အောင် သားရေကိုခွာဆုတ်နိုင်သောအတတ်၊ (၄၄) ဒုဒ္ဓဒေါဟာဒိဝိညာဏ- နို့ညှစ်မှစ၍ထောပတ်အထိပြုလုပ်နိုင်ခြင်း အတတ်၊ (၄၅) ကဉ္ဇကာဒိ သီဝန- ချပ်ဝတ် သင်တိုင်း အင်္ကျီစသည်တို့ကို ချုပ်လုပ်သီတွယ် ဖြတ်ညှပ်မှုအတတ်၊ (၄၆) ဇလ တရဏ- ရေကူး ရေငုပ်အတတ်၊ (၄၇) ဂေဟ ဘဏ္ဍာဒိမဇ္ဇန-အိမ်သုံးပရိဘောဂအိုးခွက် စသည်တို့ကို ပြောင်လက်စင်ကြယ်အောင်ပြုလုပ်ခြင်းအတတ်၊ (၄၈) ဝတ္ထသမ္မဇ္ဇန- ခဝါသည်အတတ်၊ (၄၉) ခုရကမ္မ- ဆတ္တာသည် အတတ်၊ (၅၀) တိလ မံသာဒိ သိနေဟ နိဏ္ဏသန- နှမ်းဆီ အမဲဆီစသည်တို့ကို ထုတ်ယူခြင်းအတတ်။ (၅၁) သီရာဒျာကဿက- လယ်ထွန်အတတ်၊ (၅၂) ရုက္ခာရောဟ- သစ်ပင်တက်အတတ်၊ (၅၃) မနောနုကူလ သေဝါကရဏ- အရှင့်စိတ်တိုင်းကျအောင် ခစားလုပ်ကျွေးခြင်းအတတ်၊ (၅၄) ဝေဏုတိဏာဒိ ပတ္တ ကရဏ- နှီးခွက် နှီးဖျာ မြက်ခွက် မြက်ဖျာစသည်အတတ်၊ (၅၅) ကာစ ပတ္တာဒိ ကရဏ-စဉ့်အိုးခွက်, ကြွေဖလ်အိုးခွက်, ပန်းကန်ပြုလုပ်ခြင်း အတတ်၊ (၅၆) ဇလ သံသေစန ဟရဏ- ရေယူ ရေထုတ် ရေလှောင် ရေပေး ဆည်မြောင်းအတတ်၊ (၅၇) လောဟာဘိသာရ သတ္ထကရဏ- သံမဏိ သံရေကြိုစက် လက်နက်မျိုးစုံလုပ်ခြင်းအတတ်၊ (၅၈) ဟတ္ထိ အဿာဒိ ပိဌရဏကိရိယာ- ဆင်ကုန်း မြင်းကုန်းစသည် လုပ်ခြင်းအတတ်၊ (၅၉) သီသုသံရက္ခဏ ဓာရဏာဒိကိရိယာ-ကလေးသူငယ်စောင့်ရှောက်မွေးမြူရေး ကလေးထိန်းအတတ်၊ (၆၀) အပရာဓိတာဠနဏ- အပြစ်ရှိသူကိုအပြစ်နှင့်လျော်စွာ ပုတ်ခတ်ရိုက်နှက်ခြင်းအတတ်။ (၆၁) နာနာဒေသိယ ဝဏ္ဏ လေခန- ဘာသာမျိုးစုံတို့၏ စာပေအက္ခရာကို ရေးသားမှုအတတ်၊(၆၂) တမ္ဗူလာရက္ခာဒိကိရိယာ- ကွမ်းယာ ကွမ်းပြင်စသည်အတတ်၊ (၆၃) ပြဆိုပြီး ၆၂-ပါးသောကလာတို့၌လေးဆေးသင့်လျှင် လေးဆေးစွာပြုလုပ်တတ်ခြင်း အာဒါနဂုဏ်၊ (၆၄) လျင်မြန်သင့်လျှင် လျင်မြန်စွာပြုလုပ်တတ်ခြင်း ပတိဒါနဂုဏ်။

တရားအားထုတ်ပုံ နှစ်မျိုးရှိပါတယ် (၁)စိတ်ငြိမ်အောင် အားထုတ်တာရယ်။ (၂)စိတ်မှာ အမှန်အတိုင်းသိတတ်တဲ့ ဥာဏ်ပညာ ပေါ်ဖို့ အားထုတ်တာရယ်။အဲဒီတော့ ကိုယ်က ဘာလိုချင်တာလဲ?
ပန်းတိုင်ချင်း မတူတဲ့ အတွက် အယူအဆချင်း၊အားထုတ်ပုံချင်း၊ တူမှာမဟုတ်ဘူး။
ပြောတော့ …..အမှန်အတိုင်းသိအောင်  အားထုတ်ချင်တယ်၊  လုပ်တော့..ငြိမ်အောင်လုပ်နေရင်
ငြိမ်တော့ ငြိမ်မယ် သဘောပေါက်မှာ မဟုတ်ဘူး …။ ငြိမ်ဖို့ ကြိုးစားတဲ့သူဟာ အာရုံကို ဂရုစိုက်ရတယ် …။ ဥာဏ်ဖြစ်ဖို့ ကြိုးစားတဲ့သူဟာ  အလုပ်လုပ်တဲ့စိတ်(အားထုတ်တဲ့စိတ်)ကို ဂရုစိုက်ရတယ် …။ အာရုံပိုင်းရယ် စိတ်ပိုင်းရယ် (အားထုတ်တဲ့စိတ်) နှစ်မျိုးရှိတယ် …။ ဘယ်ဟာက အရေးကြီးလဲ?။

စိတ်က အသိဥာဏ်ဖြစ်ချင်ပေမဲ့ အားထုတ်တဲ့စိတ်မှာ လောဘ ဒေါသ  မောဟရှိနေရင် အသိဥာဏ် ဖြစ်ပါ့မလား? အဲဒါကြောင့် အမှန်အတိုင်း သိချင်တဲ့သူက  စိတ်ကို ဂရုစိုက်ရတယ်။
ဘယ်လိုစိတ်နဲ့ လုပ်နေလဲ၊ ဘယ်လို သဘောထားနဲ့ လုပ်နေလဲ ပြန်စစ်ရတယ်…။ အာရုံ ကို မမဲတော့ဘူး၊ အာရုံ ကို အဓိကမထားတော့ဘူး၊ ဘယ်လိုစိတ်နဲ့ အားထုတ်နေလဲ ဆိုတာ ပြန်ပြန် စစ်တော့မယ် …။အာရုံက ပါနေပြီးသားပဲ …အာရုံဆိုတာ သတိ ရှိဖို့ အတွက်ပါ …သတိ ရှိနေဖို့ အတွက် အာရုံကို အသုံးချရမယ် …။ ဗဟုသုတဥာဏ်ရှိတဲ့သူဟာ အာရုံကို အကြောင်းပြု ပြီး သတိ သမာဓိ ဥာဏ်ဖြစ်စေတယ်။ဥာဏ်အားနည်းတဲ့ သူကျတော့ အာရုံ ကို အကြောင်းပြု ပြီး လောဘ ဒေါသ မောဟတွေ  ဖြစ်စေတယ်။( ဆရာတော်အရှင်တေဇနိယ-ရွှေဥမင်)

သမထကျင့်စဉ် ကျင့်ပုံ ဝိပဿနာကျင့်စဉ် ကူးပုံ
• သမထကျင့်စဉ် ကျင့်ပုံ          ဘုရားဖြစ်တာ ဘာကမ္မဋ္ဌာန်းနဲ့  ဘုရားဖြစ်သလဲဆိုရင်  အာနာပါနကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်တာ။ ထွက်လေ၀င်လေကို ရှုမှတ်တယ်၊  ပထမ သမထကျင့်စဉ်နဲ့ သွားတယ်၊ ညကို သုံးပိုင်း ပိုင်းလိုက်တဲ့အခါ…ပထမယာမ်မှာ စျာန်တွေ အဆင့်ဆင့်တက်သွားပြီး ပထမစျာန် ရတယ်၊ ဒုတိယစျာန် ရတယ်၊  တတိယစျာန် ရတယ်၊ စတုတ္ထစျာန် ရတယ်။ စတုတ္ထစျာန် ရပြီးတော့  “ပုဗ္ဗေနိဝါသနုဿတိ အဘိညာဉ်”ကို ရတယ်။
ဒီအဘိညာဉ်က အတိတ်ဘ၀ကို  ပြန်ပြီးတော့ ကြည့်နိုင်တဲ့ အစွမ်းရှိတဲ့ ပညာမျိုးဖြစ်တယ်။
‘မဇ္ဈိမယာမ်’ လို့ခေါ်တဲ့  သန်းခေါင်ယာမ် ရောက်တဲ့အခါ ခြားကွယ်နေတဲ့ နေရာတွေ၊ ဝေးလံတဲ့ နေရာတွေမှာ ရှိတဲ့  သာမန်ပုဂ္ဂိုလ်တွေ မမြင်နိုင်တဲ့  အရာတွေကို မြင်နိုင်စွမ်းတဲ့  ထူးခြားတဲ့ မျက်စိတစ်မျိုး  အမြင်တစ်မျိုးကို ရရှိလာတယ်။ ဒိဗ္ဗစက္ခုဉာဏ် လို့ခေါ်တယ်။
ဒီအချိန်မှာ ဘုရားမဖြစ်သေးဘူး၊  သမထကျင့်စဉ်အရ အစွမ်းသတ္တိတွေ ထက်တာပဲ ရှိသေးတယ်။

” ဝိပဿနာကျင့်စဉ် ကူးပုံ” နောက်ဆုံး ‘ပစ္ဆိမယာမ်’ ရောက်တဲ့အခါကျတော့မှ  “အာသ၀က္ခယအဘိဉာဏ်” ဆိုတာကို  ရတယ်။ ဒီကျတော့ သမထကျင့်စဉ်နဲ့  သွားတာမဟုတ်တော့ဘူး၊  ဝိပဿနာကျင့်စဉ်ဘက် ကူးသွားပြီ။ နောက်ဆုံးယာမ်မှာ  အာနာပါန စတုတ္ထစျာန်ကနေ ထပြီး  ထိုအာနာပါန စတုတ္ထစျာန်မှာရှိတဲ့  သဘာ၀တရားတွေကို မမြဲတဲ့သဘော ဆင်ခြင်တယ်၊  ဆင်းရဲတဲ့သဘောကို ဆင်ခြင်တယ်၊  အစိုးမရတဲ့ သဘောကို ဆင်ခြင်မိတယ်။
အနိစ်စ, ဒုက်ခ, အနတ်တဆိုတဲ့  လက္ခဏာသုံးရပ်တင်ပြီးတော့  ဆင်ခြင်တဲ့ ဝိပဿနာဉာဏ်တွေ  အဆင့်ဆင့်ဖြစ်လာတယ်။ အဆင့်ဆင့်ဖြစ်ပြီးတော့ အရုဏ်မတက်ခင်  အချိန်လေးအတွင်းမှာပဲ  ဝိပဿနာဉာဏ် အဆင့်ဆင့်ကနေပြီး  ပထမ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်ရတယ်။ သောတာပန်ဖြစ်တယ်ပေါ့။သောတာပန်ဖြစ်ပြီနောက် ဆက်တိုက်ပဲ  သကဒါဂါမ်၊ အနာဂါမ်ဖြစ်ပြီး  ဝိပဿနာဉာဏ်ကို  အဆင့်ဆင့် မြှင့်တင်လိုက်လိုက်တဲ့အခါ နောက်ဆုံး အရဟတ္တမဂ်၊  အရဟတ္တဖိုလ်ဆိုတဲ့ ဉာဏ်ကိုရတယ်။

ရပြီး အရုဏ်လည်းတက်ရော  သဗ္ဗညုတဉာဏ်တော်ကြီးကိုပါ  တွဲဖက် ပါလာပြီးတော့  ဘုရားအဖြစ်သို့ ရောက်သွားတယ်။ ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ပိယသုညောတိ ဝစနံ ပိသုဏဝါစာတိ ဝုစ္စတိချစ်ခင်မှုတွေဆိတ်သုဉ်းသွားစေတဲ့စကားကိုပိသုဏဝါစာလို့ခေါ်ပါတယ်။

မြူညို့ညို့မှာလပူဖို့ရန်တသိန်ခြွေလို့မှိန်ပြေပြေ ဂိမှေဆန်းပြန်တော့အစိန္တေကပ္ပီနန်းကိုမြန်းကြွရာသီ။ •ဦးကြော့•။
စာပေ ဝတ္ထု၊ရတု ကဗျာ၊ပျို့လင်္ကာနှင့်၊သာသည့်သီချင်း၊စောင်းအဲငြင်းကို၊မကင်းမပြတ်၊ဖတ်ရွတ်လေ့ကျက်၊တီးမှုတ်လျက်သာ၊နေကောင်းစွာ၏။ #ဝန်ကြီးပဒေသရာဇာ
မြတ်စွာဘုရား၏ ဝါဒသည် တစ်ခုတည်းသောဘဝ၌ အမြင်နှစ်မျိုးကိုပြောင်းသွားစေနိုင်၏။အဝိဇ္ဇာအမြင်နှင့်ဝိဇ္ဇာအမြင်တို့ဖြစ်ကြ၏။ပုထုဇဉ်တို့၏အမြင်မှာ အဝိဇ္ဇာအမြင်ဖြစ်၏။အရိယာတို့၏အမြင်ကား ဝိဇ္ဇာအမြင်ဖြစ်၏။အဝိဇ္ဇာအမြင်ကို အိပ်မက်နှင့် နှိုင်းယှဉ်နိုင်၏။အိပ်မက်ထဲ၌လူတို့သည် ကောင်းကင်၌လည်းသွားနိုင်၏။ ရေပြင်၌လည်းသွားနိုင်၏။ရှင်ဘုရင်လည်းဖြစ်နိုင်၏။သူဌေးကြီးလည်းဖြစ်နိုင်၏။သူတောင်းစားလည်းဖြစ်နိုင်၏။ ဦးရွှေအောင်

Red News Agency ဆက်လက်တင်ပြပါမည်််။

By Editor

Leave a Reply

Your email address will not be published. Required fields are marked *