စစ်ကျွန်လွှတ်တော် ကမ်းပါးပြို၊ လက်နက်ချအတွေးအခေါ်ပေါင်ကျိုး

ကိုယ့်ကို မုဒိန်းကျင့်တဲ့ လူဆိုးဗိုလ်ကို ဘယ်သူမှ မချော့ချင် မပေါင်းချင်ကြတာ သဘာဝပါ။ဒီသဘာဝကို လွန်ဆန်ပြီး သူတို့အတွေးကို တည်ဆောက်ထားပါတယ်။မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ ရှေးပုံပြင်ရဲ့ အဆုံးသတ်က လူဆိုးဗိုလ်ကို ချောက်ကမ်းပါးပေါ်က တွန်းချရေးဖြစ်ပါတယ်။အခုလူတွေရဲ့ အောင့်ကာနမ်းက ကိုယ်ပဲချောက်ထဲကျတဲ့ကိန်းမျိုးဖြစ်နေတာပါ

ကျော်ကိုကို

ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပွဲရဲ့ အနက်ဂယက်တွေက အများကြီးပါ။ထင်ရှားတဲ့အရာတွေကိုပဲ ပြောကြပါစို့။ဒီချုပ်က တခဲနက်ကြွေးကြော်ထားတဲ့ တောင်ပြိုကမ်းပြိုရထားသော မဲရလာဒ်ဆိုတာ လုံးလုံးပျက်ပြယ်သွားခဲ့ပါပြီ။ဒါကို မဟုတ်ပါဘူးလို့ ငြင်းလို့မရပါ။လူထုရင်ထဲမှာ ထာဝရ NLD ပဲမို့လို့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်အတိုင်း အတည်ဖြစ်နေတုန်းပဲ၊ပြည်သူတင်ထားတဲ့ သမ္မတက ဦးဝင်းမြင့်ပဲဆိုတာတွေက အပိုစကားတွေပဲဖြစ်ပါတယ်။လူထုကို မျှော်လင့်ချက်အမှားတွေ ဆက်မပေးကြပါနဲ့။၉၀ ရွေးကောက်ပွဲရလာဒ်ကို ဆုပ်ကိုင်ပြီး စောင့်ခဲ့တုန်းကလို နှစ်အကြာကြီး အချိန်ကုန်ခံပြီး သဲထဲရေသွန်ဖြစ်ရတာမျိုး ထပ်မကြုံသင့်တော့ပါ။လက်တွေ့အရ တပ်က အာဏာ သိမ်းသွားပြီဖြစ်တဲ့အတွက် နိုင်ငံရေးမှာ ရွေးကောက်ပွဲရလာဒ်ကို ထည့်စဉ်းစားတာထက်စာရင် စစ်အစိုးရဖယ်ရှားရေးလုပ်တာက ပိုလက်တွေ့ကျပါလိမ့်မယ်။

နောက်တချက်က စစ်အစိုးရက သူတို့ပြင်ဆင်ထားတဲ့ ၂၀၀၈ အခင်းအကျင်းအောက်ကပဲ အာဏာသိမ်းယူလိုက်တယ်ဆိုတာကို မြင်အောင်ကြည့်ကြပါ။အခြားအထိုင်ပေါ်က စစ်အာဏာသိမ်းပွဲ ထွက်လာတာမဟုတ်ပါဘူး။ဒုသမ္မတ မြင့်ဆွေဆိုတာ တပ်က တင်ထားတဲ့ ကိုယ်စားလှယ်ပါ။အခုလို ကြေညာချက်တွေ အချိန်မရွေးထုတ်ပြန်နိုင်အောင်လို့ သူလိုလူကို ကာလုံကောင်စီထဲ ထည့်ထားတာပါ။ကာလုံကောင်စီ ၁၁ယောက်မှာ ခြောက်မဲက တပ်ကမို့ အမြဲအသာစီးရပြီးသားလည်းဖြစ်ပါတယ်။ဘယ်လိုနည်းနဲ့ပဲလုပ်လုပ် စစ်အုပ်စုပဲ အသာရနေတဲ့ ဖွဲ့စည်းပုံပါ။ဒီဥပဒေအရ ခေါ်ယူထားတဲ့ လွှတ်တော်နဲ့အစိုးရကို တပ်က ဖျက်ပြီးသွားပါပြီ။ဒီဥပဒေကို ယုံကြည်လက်ခံတဲ့ ဒေါ်စုတို့ကိုလည်း ဖမ်းလိုက်ပါပြီ။ဆိုတော့ကာ ဘယ်လိုအခြေအနေရောက်ရောက် ကျနော်တို့ပြည်သူတွေက ဒီလို ဥပဒေမျိုးကို ပြန်အသက်သွင်းစရာ တောင်းဆိုစရာ မလိုတော့ဘူးလို့ မြင်ပါတယ်။

NLD က ထုတ်ပြန်တဲ့ကြေညာချက်ရဲ့ နံပါတ်(၃)အချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တတိယအကြိမ်လွှတ်တော်ခေါ်ယူနိုင်ရေးကို အကောင်အထည်ဖော်နိုင်ဖို့ တောင်းဆိုထားတာတွေ့ရတယ်။ကိုယ့်ကို ထိုးထားတဲ့ နဖားကြိုးကိုမှ တန်းတန်းစွဲနှစ်သက်နေတဲ့ နွားတွေလို၊ ကိုယ့်လည်ပင်းကို စွပ်မယ့်ကြိုးကို တမ်းတနေတဲ့ တရားခံလို fetish တမျိုးလို့ပဲ မြင်တယ်။လက်တွေ့မှာ စစ်အာဏာသိမ်းမှုနဲ့အတူ စစ်ကျွန်လွှတ်တော်ကြီးလည်း ကမ်းပါးပြိုခဲ့ပြီးပါပြီ။

စစ်ကျွန်လွှတ်တော်ကမ်းပါးပြိုတာကို ဒီချုပ်က လက်ဖဝါးနဲ့ ဘာလို့တားချင်နေသလဲဆိုတော့ သူတို့ခေါင်းထဲရောက်နေတဲ့ ဂျင်းအကြီးစား သို့မဟုတ် ပြုပြင်ပြောင်းလဲရေးမှိုင်းတွေကြောင့်ပဲဖြစ်ပါတယ်။ဒီမှိုင်းတွေကို စတိုက်ခဲ့တဲ့သူတွေကတော့ ပြည်သူလူထုနဲ့နိုင်ငံရေးအင်အားစုကြားမှာ လက်နက်ချအတွေးအခေါ်ထွန်းကားအောင် လုပ်ဆောင်ခဲ့တဲ့ Egress နေဝင်းမောင်၊ The Wave ကျော်ဝင်း၊ ချမ်းအေး ခေါ် မောင်စူးစမ်းတို့လို လူတွေကြောင့်ပဲဖြစ်တယ်။ သူတို့ရဲ့ trend နောက်ကို ဒီကနေ့အထိ လိုက်နေတဲ့ လက်နက်ချအုပ်စု(သန်းစိုးနိုင်၊မောင်မောင်စိုး၊အေးမောင်ကျော်တို့ ဦးဆောင်)နဲ့ စကော်လာအုပ်စု(အောင်နိုင်ဦး၊မင်းဇော်ဦး၊ကျော်ရင်လှိုင်၊မင်းဇင်တို့ ဦးဆောင်)တွေ ရှိနေပါသေးတယ်။ဒီနှစ်အုပ်စလုံးရဲ့ အဓိကပင်မအတွေးရေစီးကြောင်းက တပ်နဲ့ အဆင်ပြေအောင် ချော့မြူပေါင်းသင်းရေးဖြစ်ပါတယ်။သူတို့သွင်းတဲ့ ဂျင်းကြောင့် နိုင်ငံရေးသမားအတော်များများ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးအောက်မှာ ရေစုန်မျောခဲ့ရတာပဲဖြစ်ပါတယ်။

ကိုယ့်ကို မုဒိန်းကျင့်တဲ့ လူဆိုးဗိုလ်ကို ဘယ်သူမှ မချော့ချင် မပေါင်းချင်ကြတာ သဘာဝပါ။ဒီသဘာဝကို လွန်ဆန်ပြီး သူတို့အတွေးကို တည်ဆောက်ထားပါတယ်။မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ ရှေးပုံပြင်ရဲ့ အဆုံးသတ်က လူဆိုးဗိုလ်ကို ချောက်ကမ်းပါးပေါ်က တွန်းချရေးဖြစ်ပါတယ်။အခုလူတွေရဲ့ အောင့်ကာနမ်းက ကိုယ်ပဲချောက်ထဲကျတဲ့ကိန်းမျိုးဖြစ်နေတာပါ။

ဆိုတော့ကာ စစ်အာဏာသိမ်းပွဲ တနည်း စစ်ဘီလူးစွယ်ထုတ်ပြပွဲကြောင့် လက်နက်ချတွေ တဖွဖွပြောနေတဲ့ တပ်ကို ယဉ်ပါးအောင် ထိန်းကြောင်းရေးဆိုတာကြီး လုံးဝ အဓိပ္ပာယ်မရှိတော့ဘူးဆိုတာ ဘွားဘွားကြီးပေါ်လာခဲ့ပါပြီ။လူသားစားကျားကို ဘယ်လိုယဉ်ပါးအောင်ထိန်းထိန်း တနေ့တော့ ဇာတိအမှန်ကိုပြပြီး တောသံပေး တောသွေးဝင်စမြဲမို့ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးဆိုတဲ့ အတွေးအခေါ်၊စစ်တပ်ဆိုတာ ပေးထားချက်လို့ ရှုမြင်တဲ့အယူအဆ၊စစ်တပ်ကို နိုင်ငံရေးအရ တန်းထားရမယ်ဆိုတဲ့ အတွေးအခေါ်ဟာလည်း ပေါင်ကျိုးသွားပြီဖြစ်ကြောင်း တင်ပြလိုပါတယ်။

ဗမာစကားပုံမှာ ညောင်ဦးကမ်းပါးပြိုတာ စမ္မာနဂိုရ်က နွားမပေါင်ကျိုးလို့ ရှိတယ်မဟုတ်လား။အခုလည်း စစ်ကျွန်လွှတ်တော်ကမ်းပါးပြိုတော့ လက်နက်ချအတွေးအခေါ်ပေါင်ကျိုးသွားပြီလို့သာ ပြောလိုက်ချင်ပါတော့တယ်ခင်ဗျား။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *