“LDF တွေဆိုတာ မနေ့ကထက် ဒီနေ့ပိုကောင်းအောင် လုပ်နေတဲ့ကောင်တွေဆိုတော့ စစ်ရေးအတွေ့အကြုံတွေ လက်နက်တီထွင်တာတွေ ပိုကောင်းလာတာတော့ အမှန်ပဲ။ ဒီကောင်တွေက လွတ်မြောက်နယ်မြေမှာ ခြေကုပ်မယူပဲ သူတို့နယ်မြေကိုပဲ လွတ်မြောက်နယ်မြေဖြစ်အောင် ကြိုးစားနေကြတာ။ စစ်ကိုင်းတိုင်းရဲ့ ဒေသတော်တော်များများက လွတ်မြောက်နယ်မြေမဟုတ်ပေမယ့် လွပ်လပ်နယ်မြေအဆင့် ရောက်ကုန်ပြီ”
တော်တော်ကြာခဲ့ပြီ …..ကနီနယ်ထဲမှာ လက်နက်စမ်းသပ်ရင်း မတော်တဆဖြစ်ပြီး လူငယ်လေး ၂ ယောက် ကျဆုံးသွားခဲ့တယ်။ အဲဒီအကြောင်း သတင်းကြားပေမယ့် ထုတ်မရေးဖြစ်ခဲ့ဘူး။ အဲဒီတုန်းကတော့ လုံခြုံရေးအခြေအနေအရပေါ့။ ပြောရရင် ဆိုရှယ်မီဒီယာပေါ်မှာ တက်မလာပဲ ကိုယ့်ဒေသအလိုက် ကိုယ်လုပ်စရာရှိတာ လုပ်နေတဲ့ တပ်ဖွဲ့တွေအများကြီးပဲ။ တပ်ဖွဲ့ဆိုတာက ကျေးရွာတခုချင်းဖြစ်ဖြစ် ကျေးရွာအုပ်စုလိုက်ပဲဖြစ်ဖြစ် စစ်သင်တန်းတွေတက် စုဖွဲ့ထားတဲ့ တပ်ဖွဲ့တွေကိုပြောတာ။ နာမည်တောင် တပ်မထားကြဘူး။
ဆိုရှယ်မီဒီယာပေါ်ဘာကြောင့်တက်မလာတာလဲဆိုတော့ အရှင်းဆုံးပြောရရင် မတင်တာ။ ဖုန်းပွတ်သမားနည်းတာ၊ ဖုန်းဘေအကုန်မခံနိုင်တာနဲ့ လိုင်းမကောင်းတာတွေလည်း ပါတာပေါ့။ နောက်တခုကဘာလဲဆိုတော့ ဟိတ်ဟန်ထုတ်စရာ စတိုင်မရှိတာပဲ။ တကယ်တမ်း LDF တွေကြည့်လိုက်ရင် အလန်းစားမောင်းပြန်ရိုင်ဖယ်ကြီးတွေမကိုင်နိုင်ဘူး။
ပြောက်ကျားယူနီဖောင်းတွေ ဝယ်မဝတ်နိုင်ဘူး။ ဖင်ပါးနေတဲ့ ညှပ်ဖိနပ်တွေ ဒရွတ်တိုက်စီးပြီး နံကြီးကွင်းကျယ်ပုဆိုးနဲ့ ရှေ့တန်းထွက်နေကြတာ။ ကြည့်လိုက်ရင် ပေစုတ်စုတ်ကလေးတွေ။ သေကြပြီဟေ့ဆိုလည်း အဲ့ကောင်တွေရှေ့ဆုံးကပဲ။ မထင်မရှားနဲ့ ကြွကုန်တာလည်း မနည်းတော့ဘူး။
ဒါပေမယ့် မအလ တွေအတွက် အဲဒီကောင်တွေက ကြောက်ရတယ်။ အဲဒီကောင်တွေက နေရာတိုင်း ရွာတိုင်းမှာရှိတယ်။ အိမ်မှာရှိတဲ့ မြေဆီအိတ်နဲ့ သံတိုသံစရှိရင် လက်နက်လုပ်နေကြတဲ့ အဲ့ဒီကောင်တွေကို ကြောက်ရတယ်။ အဆင့်မီလက်နက်မရှိပဲ သေရဲတိုက်ရဲဖြစ်နေလို့ကို ကြောက်နေရတာ။ စစ်ကိုင်းကို ထိန်းချုပ်ထားတဲ့ အများစုကလည်း အဲ့ဒီကောင်တွေပဲ။ မအလ တွေ ဘယ်ကဝင်လာ ဝင်လာ သတင်းက ပြန့်ပြီးသား။ မိုင်းတွေ ပြင်ပြီးသား။
မိုင်းတွေတပ်ထားလို့ ခံစစ်ပဲလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဘယ်နား ဘာတဲ့ဟေ့ဆိုရင် နီးစပ်ရာရွာတွေ တပ်ဖွဲ့တွေက စစ်ကူသွားကြတာ။ မအလ တွေက ဆိုင်ကယ်တို့ ကားတို့ မီးရှို့ပစ်တာအလကားမဟုတ်ဘူး အဲ့လိုသွားလို့မရအောင် ထောက်ပို့ယန္တရားကို ဖျက်တာ။
ဒါပေမယ့် LDF တွေဆိုတာ မနေ့ကထက် ဒီနေ့ပိုကောင်းအောင် လုပ်နေတဲ့ကောင်တွေဆိုတော့ စစ်ရေးအတွေ့အကြုံတွေ လက်နက်တီထွင်တာတွေ ပိုကောင်းလာတာတော့ အမှန်ပဲ။ ဒီကောင်တွေက လွတ်မြောက်နယ်မြေမှာ ခြေကုပ်မယူပဲ သူတို့နယ်မြေကိုပဲ လွတ်မြောက်နယ်မြေဖြစ်အောင် ကြိုးစားနေကြတာ။ စစ်ကိုင်းတိုင်းရဲ့ ဒေသတော်တော်များများက လွတ်မြောက်နယ်မြေမဟုတ်ပေမယ့် လွတ်လပ်နယ်မြေအဆင့် ရောက်ကုန်ပြီ။ ဘောလုံးကွင်းမှာ စစ်သင်တန်းလုပ်ပြီး ရွာဘေးမှာ လက်နက်စမ်းနေကြပြီ။ ရှေ့တန်းထွက်ရင် တခြားရွာ ဘုရားပွဲသွားသလို အုံနဲ့ကျင်းနဲ့ လုပ်နေကြတာ။
အညာသားတွေ အဲ့ဒီအခြေအနေကိုရောက်လာတာဟာ ညီညွတ်တာ၊ တကယ့်သူရဲကောင်းစိတ်နဲ့ အနစ်နာခံသေရဲတာ၊ လုပ်စရာရှိတာကို ပြင်ပအကူအညီတွေထိုင်စောင့်မနေပဲ ရှိတာလေးနဲ့ တီထွင်ကြံဆ ပြန်တိုက်နေကြလို့ပဲ။ နောက်ဆုံးတော့ သူလုပ် ကိုယ်လုပ် ပြင်ဆင်ကြရင်း အင်အားကြီးထွားလာတာ။ နေ့စဉ်ကျဘမ်းအလုပ်နဲ့ မိဘ လယ်ယာလုပ်ငန်းပဲ လုပ်နေရတော့ တော်လှန်ရေးမှာ ပိုပြီးပါဝင်နိုင်တာကလည်း သူတို့အားသာချက်ဖြစ်မယ်။
ဘာပဲဖြစ်ဖြစ် အခုတော်လှန်ရေးဟာ ကျေးလက်ကို အခြေခံပြီး မအလ အုပ်ချုပ်ရေးယန္တရားကို ဖျက်ဆီး အနိုင်ယူဖို့က အားသာချက်အရှိဆုံးပဲ။ ငွေကုန်နည်းပြီး အထိရောက်ဆုံးဖြစ်မယ်။ နုကြည်ရဲ့ စစ်တပ်ကြီးကတော့ တော်လှန်ရေးအတွက် ဝင်တိုက်ဖို့ထက် အနာဂတ်တပ်မတော်အတွက်လောက်ပဲ ရည်မှန်းကြရုံပဲ။ တနိုင်ငံလုံးပိုက်ဆံသုံးထားတဲ့ စစ်တပ်ကို လက်နက်နဲ့ယှဉ်ဖို့ဆိုရင် နုကြည်တပ်မတော်ကို လက်နက်အပြည့်တပ်ဖို့ထက် ဒေသအသီးသီးမှာ စစ်ရေးဦးဆောင်မှုလုပ်နိုင်ဖို့က ပိုပြီးလက်တွေ့ကျလိမ့်မယ်။
လိုအပ်ချက်အနေနဲ့တော့ စစ်ကိုင်းတိုင်းထဲက ကျနော်တို့လို တပ်ဖွဲ့တွေအတွက် လက်နက်ခဲယမ်းကုန်ကျစရိတ်တွေကတော့ အိတ်စိုက် မလုပ်နိုင်ပါဘူး။ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေရဲ့ ငွေနဲ့ ကုန်ကြမ်းဝယ်ရတယ်။ လက်နက်တွေထုတ်လုပ်ပြီး မအလ တပ်တွေဝင်လာရင် တားဆီးဖို့အတွက် ပြင်ဆင်ရပါတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး တိုက်ပွဲဝင်နိုင်ပေမယ့် လက်နက်ထုတ်လုပ်ဖို့အတွက်တော့ ကျနော်တို့လို ငမွဲတွေက ငွေမရှိပါဘူး။ ဒါကြောင့် အလှူငွေလိုပါတယ်။
တော်လှန်ရေးဟာ ကျေးလက်ကို အခြေခံပြီး မြို့ပြကို ဝန်းရံမယ်။ ကျေးလက် စစ်သားတွေကို ကူညီကြပါ။
အာဠာဝက ရဲဘော်တဦး
Red News Agency