စစ်ကောင်စီ၏ တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ထရန်စဖော်မာ အလုံး ၈၀ ကျော်ဖျက်ဆီးနိုင်သည့်အပြင် အရာရှိ (၂) ဦးအပါအဝင် (၃၀) ကျော်သေဆုံး

RNA_ဧပြီ(၇)၊၂၀၂၅ခုနှစ်။

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တညောင်ဓာတ်အားခွဲရုံ တိုက်ပွဲတွင် ကပစများကို ဓာတ်အားပေးနေသော ထရန်စဖော်မာ အလုံး ၈၀ ကျော် ဖျက်ဆီးနိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ အရာရှိ (၂) ဦးအပါအဝင် (၃၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

တညောင်ဓာတ်အားခွဲရုံသည် စစ်ကောင်စီ လေတပ်အတွက် လေယာဥ်ဗုံးသီးများထုတ်လုပ်ရာ ကပစ ၂၁၊ လေကြောင်းကာကွယ်ရေးလက်နက်များ ထုတ်လုပ်ရာ ကပစ ၂၀ နှင့် ကပစ ၂၅ နှင့် ဆိပ်ဖြူမြို့ အမှတ် (၉) လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ်သို့ အဓိက ဓာတ်အားပေးနေကြောင်း၊ ဓာတ်အားခွဲရုံတိုက်ပွဲကို မတ်လ ၃၁ ရက်နေ့က ၄ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ရသည်ဟု ဗမာ့တပ်တော်(BAMAR ARMY) နှင့် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

တညောင် ဓာတ်အားခွဲရုံ တိုက်ပွဲကို ဗမာ့တပ်တော်၊ အမှတ်(၃)စစ်ဦးစီးကွပ်ကဲရေးမှူးမှ ဦးစီးလျက် ဗမာ့တပ်တော် တပ်ရင်း(၇၀၇)၊ ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် Local PDF၊ မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း၊ ဂန့်ဂေါခရိုင်ပူးပေါင်းတပ်ဖွဲ့၊ စလင်းမြို့နယ် ပကဖ၊ ဆိပ်ဖြူမြို့နယ်ပကဖ၊ မကွေးတိုင်းဒရုန်းလက်ရုံးတပ်ဖွဲ့၊ မင်းဘူးခရိုင်လက်ရုံးတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

ဓာတ်အားခွဲရုံအတွင်း ထရန်စဖော်မာ ၈၀ လုံးခန့် ပျက်စီးကာ ကပစ ၂၀၊ ၂၁၊ ၂၅ နှင့် လစခ ၉ တို့သည် လျှပ်စစ်ဓာတ်အား လုံးဝပြတ်တောက်ကာ စစ်ဆင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ လုံးဝရပ်တန့်သွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်းနှင့် တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်မှလေကြောင်းတိုက်ခိုက်မှုများရှိကြောင်း၊ တိုက်ပွဲအတွင်း ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦး မြင့်မြတ်စွာအသက်ပေးခဲ့ရသည်ဟု သိရသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor