ကျားခဲကျေးရွာတွင် သတ်ဖြတ်ခံရသော ရဲဘော်(၅) ဦးနှင့်ပတ်သက်ပြီး ခွင့်လွှတ်မည်မဟုတ်ဟု ထီးလင်းပကဖ အသိပေး

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ ခုနှစ်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာမှ ကျေးရွာလုံခြုံရေးကင်းတဲတွင် တာဝန်ထမ်းဆောင်နေသော ပကဖရဲဘော် သန်းစိန်မင်း၊ ရဲဘော် နေမျိုးကျော်နှင့် အခြားရဲဘော်တဦး၊ ရဲဘော်မင်းသူ၊ ခရိုင်တပ်ရင်း ၂မှ ရဲဘော်နေဆန်းဝင်းတို့ကို သတ်ဖြတ်သွားသော စစ်ကောင်စီတပ်နှင့်ပျူများအား ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အနေဖြင့် လုံးဝ ခွင့်လွှတ်နိုင်မည် မဟုတ်ကြောင်း ယနေ့ အသိပေးထားသည်။

“ရဲဘော်နေဆန်းဝင်းမှာ ကင်းတဲတောင်ဘက် မီတာ ၂၀ခန့်အကွာ လယ်ကွက်ထဲတွင် ညာဘက်ပေါင်ရင်း ကျည်မှန်ဒဏ်ရာ ခြေမ ပြတ်ရှဒဏ်ရာတို့ဖြင့် ကျဆုံးခဲ့ပါသည်။ ကင်းတဲတွင်ကျန်ခဲ့သော ရဲဘော်၃ဦးနှင့် မိမိအိမ်တွင်အိပ်နေရာမှ သေနတ်သံကြား၍ ထွက်ပြေးစဉ်ဖမ်းဆီးခံရသော ရဲဘော်မင်းသူ တို့အား ဖမ်းဆီးစစ်ဆေးခံရသောပြည်သူများ ကင်းတဲအနီးပုန်းခိုနေကြသော ပြည်သူများ၏ပြောကြားချက်အရ ရဲဘော် (၄)ဦးကို ‌စစ်ကောင်စီမှ သေနတ်ဖြင့်ပစ်သတ်ကာ မသေမရှင် ဓာတ်ဆီလောင်းပြီး ကင်းတဲပေါ်တွင် မီးရှို့ခဲ့ကြောင်း သိရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထီးလင်းမြို့မှ အောက်တိုဘာ (၂၅) ရက်နေ့မှထွက်လာသော အင်အား (၈၀) ခန့်ရှိ စစ်ကောင်စီတပ်နှင့် ပျူ စစ်ကြောင်းသည် အောက်တိုဘာ (၂၆) ရက်နေ့ နံနက် (၃) နာရီ ၃၀ မိနစ်ခန့်က ကျားခဲကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပကဖ ရဲဘော်များကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းများယူခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။

#RedNewsAgency #RNA

By Editor