ကျန်းမာရေးဆိုးဝါးပြီး နောက်ဆုံးအချိန်ရောက်မှသာ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို လွှတ်ပေး

ဍRNA_အောက်တိုဘာ(၆)၊၂၀၂၄ ခုနှစ်။

မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က အာဏာသိမ်းသည့် နေ့မှစပြီး ဖမ်းဆီး အကျဉ်းချထားသည့် မန္တလေး တိုင်း၀န်ကြီးချုပ်၊ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်သည် ကျန်းမာရေးဆိုးဝါးပြီး နောက်ဆုံးအချိန်ရောက်မှ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။

“ICU ထဲရောက်နေတဲ့ အခုအခြေအနေက နောက်ဆုံးအခြေအနေလို့ ပြောလို့ရတယ်။ ရှင်သန်ဖို့ နည်းပါးသွားပြီ။ ဒီလို အခြေအနေမှာ ရှင်သန်တဲ့သူတော့ မရှိဘူး။ ဒီနေ့မဟုတ် မနက်ဖန် ဆိုတာမျိုးပဲ။ ရှင်သန်ဖို့အခွင့်အရေးနည်းပါးပြီး နောက်ဆုံးအခြေအနေလို့ ပြောလို့ရတယ်” ဟု CDM ဆရာဝန်တဦးက ပြောပြသည်။

NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်အားစစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ပြုသည့် လျှို့ဝှက်စာတွင် “လူမှုရေးအရ ငဲ့ညှာသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တကြိမ် ပြသ်မှုကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလုပ်ကြောင်း” ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ (၅) ရက်နေ့က ကျန်းမာရေးဆိုးဝါးလာသည့်အတွက် ထောင်မှတဆင့် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ဆောင် (ICU) တွင် ဆေးကုသမှုခံယူနေချိန် သတိလစ်မြောကာ ယနေ့ ညနေပိုင်းအထိ သတိပြန်လည်မလာသေးကြောင်း သိရသည်။

NLD ပါတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေး တိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖမ်းဆီးပြီး ပုဒ်မမျိုးစုံတပ်ကာ ထောင်ဒဏ် (၂၉) နှစ်ချမှတ်ထားကြောင်း၊ အသက် (၇၃) နှစ်ရှိ ဒေါက်တာဇော်မြင့်မောင်သည် ကင်ဆာရောဂါဝေဒနာခံစားနေရပြီး အကျဉ်းထောင်အတွင်း ကျန်းမာရေးမှာ တနေ့တခြား ပိုမိုဆိုးဝါးလာခဲ့ခြင်း ဖြစ်ကြောင်း သိးသည်။

#RedNewsAgency #RNA

By Editor