ရိက္ခာပြတ်လပ်နေသော စစ်ကောင်စီလက်အောက်ခံများ ပြည်သူများကိုဖမ်းပြီး ရိက္ခာနှင့်လဲလှယ်နေရ

RNA_စက်တင်ဘာ(၈)၊၂၀၂၄ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံများ ရိက္ခာပြတ်လပ်နေသည့်အတွက် ဒေသခံပြည်သူများကို ဖမ်းဆီးပြီး ရိက္ခာနှင့်လဲလှယ်နေရသည်ဟု သိရသည်။

ကန့်ဒေါင့်နယ်မြေရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၄ နာရီခန့်က သရက်လှကျေးရွာသို့ ရောက်ရှိပြီး ပြည်သူ ၁၅ ဦးနှင့် နွား ၂ ကောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူများကို ရိက္ခာနှင့်လဲလှယ်ခဲ့သည်ဟု ဒေသခံ ရွာသားတဦးက ပြောကြားထားသည်။

“ဖမ်းသွားတဲ့ ပြည်သူတွေကို ဆန်၊ ဆီ၊ ဆား၊ မျှစ် စတဲ့ စားနပ်ရိက္ခာတွေနဲ့ ပြန်လဲခဲ့ရတယ်၊ တစ်ယောက်ကိုတော့ ဆက်ဖမ်းထားတယ်” ဟု ၄င်းက ပြောသည်။

ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းကလည်း ကန့်ဒေါင့်နယ်မြေရဲစခန်းမှ တစ်မိုင်ခန့်သာ ကွာဝေးသည့် ကြောင်ဝန္ဒူးကျေးရွာကို စစ်ကောင်စီလက်အောက်များ ဝင်ရောက်ခဲ့ပြီး ပြည်သူ ၅၀ ခန့်နှင့် နွား ၆ ကောင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသည့် ကြောင်ဝန္ဒူးကျေးရွာမှ အမျိုးသမီး (၁၇) ဦးကို ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိသည့် စားနပ်ရိက္ခာများနှင့် လဲလှယ်ခဲ့ရကြောင်း၊ အမျိုးသား ၃ ဦးကို ယနေ့အထိဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်သည်။

#RedNewsAgency

By RNA Editor