ရေမဆေးကျောက်ရှာသူတစ်ဦး ချောင်းကမ်းပါးမှ ပြုတ်ကျသေဆုံး

RNA_ဖားကန့်၊ ဇွန်(၁၇)၊၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မော်မောင်းလျံ-တောင်ပြိုကျေးရွာဘက်ခြမ်းရှိ ယခင် ပိုင်ဖြိုးသီဟ ကုမ္ပဏီမြေစာပုံဟောင်းအောက်ရှိ ရေချောင်းကမ်းပါးတွင် ယနေ့နေ့လယ် (၁၂)နာရီ ဝန်းကျင်ခန့်က ရေမဆေးကျောက်ရှာသူ တစ်ဦး ကမ်းပါးပြိုကျပြီး ရေချောင်းအောက်သို့ပြုတ်ကျ သေဆုံးသွားကြောင်း သိရသည်။

​သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း ယခုအချိန်အထိ ရပ်မိ/ရပ်ဖများနှင့် တာဝန်ရှိသူ များထံ မိသားစုမှ ဆက်သွယ်လာခြင်းမရှိသေးပဲ သူငယ်ချင်း မိသားစု ဆွေမျိုးအသိုင်းအဝန်းမှ ဆက်သွယ်လာရန် စောင့်ဆိုင်းနေသည့်အတွက် ရုပ်အလောင်းအား သုဿာန်သို့မပို့ဆောင်ရသေးကြောင်း တောင်ပြိုကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးထံမှ သိရသည်။


​ယနေ့ နံနက်ကလည်း ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာနှင့် ဆိပ်မူကျေးရွာသွားလမ်းဘေးရှိ ရတနာအဓိပတိ ကျောက်တူးဖော်ရေးကုမ္ပဏီက လုပ်ငန်းလုပ်ဆောင်ချိန် မိုးကာလမတိုင်မီတွင် ခြံစည်းရိုးခတ်ကာ အများပြည်သူသွား လမ်းဘေးကပ်လျက် ကျောက်တူးဖော်ပြီး ကျင်းချိုင့်ကြီးအဖြစ် လမ်းသာချန်ထားရစ်ခဲ့သည့်အနေအထားရှိနေရာ အဆိုပါလမ်း ကမ်းပါးပြိုကျပြီး ဥရုချောင်းနှင့် ကပ်လျက် အများပြည်သူသွားလမ်း ပျက်စီးသွားခဲ့သည်။

​ဖားကန့်၌ ယခုရက်ပိုင်း မိုးရွာသွန်းချိန် ကမ်းပါးပြိုကျခြင်းများနှင့်အတူ လူထိခိုက် သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေပြီး ယခုလ (၁၃)ရက်နေ့ မနက်ပိုင်းကလည်း လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်း သာယာကုန်း ကမ်းပါးပြိုကျပြီး ဒေါ်ခမ်းပေါင်း လုပ်ကွက်မှ ကမ်းပါးကျင်းတူးနေသူ လေးဦး မြေစာနှင့်အတူ ကမ်းပါးအောက်သို့ပြုတ်ကျခဲ့ပြီး တစ်ဦး သေဆုံး သုံးဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သေးသည်။

#RedNewsAgency

By Editor