ရက္ခိုင့်တပ်တော်မှ မြောက်ဦးရဲစခန်းအပါအဝင် စစ်ရေးပစ်မှတ်များကို ဆက်တိုက်သိမ်းပိုက်

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၃ခုနှစ်။

အာဏာသိမ်း စစ်ကောင်စီတပ်အခြေစိုက် ရခိုင်ပြည်နယ်၊ မြောက်ဦးရဲစခန်း၊ ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသအတွင်းရှိ ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းတို့အား ရက္ခိုင့်တပ်တော်-AA မှ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ဒီဇင်ဘာလ (၂၆) ရက်နေ့ ည (၉) နာရီခန့်က မြောက်ဦးမြို့ ခရိုင်ရဲစခန်း၊ ဒီဇင်ဘာလ (၂၇) ရက်နေ့ နံနက် (၆) နာရီ (၁၀) မိနစ်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ ဒီဇင်ဘာလ (၂၈) ရက်နေ့ နံနက် (၉) နာရီ (၂၀) မိနစ်ခန့်က အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် (၃၇၇) စစ်ဆင်ရေး ခြေကုပ်စခန်းကုန်းတို့အား သိမ်းပိုက်ခဲ့ကြောင်း၊ ကျန်ရှိနေသေးသော စစ်ရေးပစ်မှတ်များကိုလည်း ဆက်လက်သိမ်းပိုက် ရယူသွားမည်ဟု AA က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

AA ဦးဆောင်သည့် တပ်ဖွဲ့များက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသရှိ စစ်ကောင်စီတပ် ဗျူဟာကုန်များ၊ စစ်စခန်းနှင့် ရဲစခန်းများပါဝင်သည့် စစ်ရေးပစ်မှတ်များကို နေ့စဉ်တိုက်ခိုက်နေကြောင်း၊ ရခိုင်ပြည်နယ်အတွင်းနှင့် ပလက်ဝဒေသတွင် စစ်ရေးလိုအပ်ချက်အရ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#RedNewsAgency

By RNA Editor