“တဖက်ရန်သူက အဆမတန် များပြားလာတဲ့ အချိန်မှာ သူရိန်ကိုလည်း စစ်ကောင်စီအနေနဲ့ ဒုဗိုလ်မှူးကြီးကျော်ဇေယျလိုကဲ့သို့ “ငါမသေ ငါ့စခန်းမကျစေရ” ပုံစံမျိုး ခိုင်းစေချင်ပေမယ့် လက်တွေ့က တမင်အသေခံခိုင်းသလို ထိုးကျွေးနေတာဖြစ်တယ်”
နောင်ရိုး
စစ်ကောင်စီဟာ သူတို့အတွက် အသုံးမလိုဘူး၊ သူတို့ရဲ့အချုပ်အခြာ အာဏာကိုထိပါးလာရင် အလွယ်တကူ ဖျက်ဆီးတတ်ကြတဲ့ အကြောင်းနဲ့ အောက်ခြေ တပ်ရင်းမှူးအဆင့်လောက်ကိုတောင် ထိုးကျွေးနေတဲ့ ဖြစ်စဉ်တွေကို ပြောပြချင်ပါတယ်။ အဲဒီအကြောင်းကတော့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် ခလရ (၁) တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီး သူရိန်ရဲ့ ဖြစ်စဉ်နဲ့ ဥပမာပေးချင်ပါတယ်။
ဒုတိယဗိုလ်မှူးကြီးသူရိန်ဟာ ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်းက ရှေ့တန်းစခန်းတနေရာမှာ သူ့လက်အောက် ဗိုလ်ကြီးတဦးအပါအဝင် (၅)ဦး သေဆုံးသွားတာကို မျက်ဝါးထင်ထင်မြင်လိုက်ရပြီးတော့ သူကိုယ်တိုင်လည်း လက်နက်ကြီးကျည်ပေါက်ကွဲမှုဒဏ်မှ အသက်ကင်းလွတ်လာတဲ့အခါ မေလ (၂၁) ရက်နေ့မှာ စခန်းကနေ စွန့်ခွာထွက်ပြေးခဲ့ပါတယ်။ မေလ(၂၈) ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ ပြန်လည် ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။
ရှေ့တန်းပို့ခံထားရပြီး စစ်မတိုက်နိုင်တော့တဲ့ အနေအထားကနေ ထွက်ပြေးခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီးသူရိန်ကို မေလ (၃၁) ရက်နေ့မှာတော့ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်လိုက်ပြီးတော့ ပိုင်ဆိုင်မှုအကုန်သိမ်းယူဖို့ အမိန့်ချခဲ့သလို ဇနီးဖြစ်သူဝင့်နှင်းဖြူကိုလည်း မေလ (၃၁) ရက်နေ့ ညတွင်းပင် ခလရ (၁) တပ်ရင်းမှပြည်မြို့မင်းကြီးတောင်စစ်ကြောရေးသို့စစ်တပ်မှဖမ်းဆီးပို့ဆောင်ခဲ့ပါတယ်။
ဒုဗိုလ်မှူးကြီးသူရိန်ဟာဖြစ်စဉ်မဖြစ်ပွားခင်ကတရက်ကရှေ့တန်းမှာအသေအဆုံးများပြားမှုကြောင့်တပ်နောက်ပြန်ဆုတ်ခွင့်တောင်းဆိုခဲ့ပေမယ့်အထက်အရာရှိကြီးတွေကရှေ့တိုးတက်ခိုင်းခဲ့တယ်လို့တပ်တွင်းသတင်းရင်းမြစ်တွေအရသိရှိရပါတယ်။တကယ်ဆိုရင်ဒီစစ်ဆင်ရေးမှာသူရိန်အနေနဲ့တပ်ရင်းမှူးတယောက်ဖြစ်တာတောင်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်လည်းမရခဲ့သူပါ။အထက်အမိန့်အရအသေခံခိုင်းရင်အသေခံနေကြရတာပါ။ဒီလိုမသေနိုင်လို့ထွက်ပြေးတော့လည်းဟိုးလေးတကျော်ကျော်ဖြစ်လာတော့စစ်ခုံရုံးကသေဒဏ်တဲ့။
သူရိန်မတိုင်ခင် ခလရ (၁)က တပ်ရင်းမှုးဒုဗိုလ်မှူးကြီး ကျော်ဇေယျဆိုရင်လည်း တော်လှန်ရေးအဖွဲ့ရဲ့ တိုက်စစ်ကြောင့် သေဆုံးခဲ့တယ်လို့ သိရတယ်။ ဒုဗိုလ်မှူးကြီး ကျော်ဇေယျဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ကရင်နီပြည်နယ်၊ ငွေတောင်ဆည်တိုက်ပွဲအတွင်း သေဆုံးခဲ့ရတာပါ။ တဖက်ရန်သူက အဆမတန် များပြားလာတဲ့ အချိန်မှာ သူရိန်ကိုလည်း စစ်ကောင်စီအနေနဲ့ ဒုဗိုလ်မှူးကြီးကျော်ဇေယျလိုကဲ့သို့ “ငါမသေ ငါ့စခန်းမကျစေရ” ပုံစံမျိုး ခိုင်းစေချင်ပေမယ့် လက်တွေ့က တမင်အသေခံခိုင်းသလို ထိုးကျွေးနေတာဖြစ်တယ်လို့ တပ်တွင်းမှာလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ရပါတယ်။
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကျော်ဇေယျနဲ့ဒုတိယဗိုလ်မှူးကြီးသူရိန်တို့ ဘာတွေများထူးသွားလို့လည်း။ တကယ်တော့ နှစ်ယောက်လုံးဟာ ပြည်သူကိုရန်သူလိုသဘောထား သတ်နေသူများရဲ့လက်အောက်ခံများဖြစ်ပြီးပြည်သူကိုရန်သူသဖွယ် လုပ်ဆောင်နေသူများသာဖြစ်တယ်။ နောက်ဆုံးတော့ ပြည်သူကို ရန်သူလိုသဘောထားသူများနဲ့ တဖွဲ့တည်းဖြစ်ခဲ့ပေမဲ့ ရလဒ်ကတော့ နာမည်ပျက်များနှင့် ပြည်သူ့ရန်သူအဖြစ်နဲ့ အဆုံးသတ်ရတာပဲ ဖြစ်တယ်။ စစ်အာဏာရှင်တွေဟာ လိုအပ်မှမဟုတ်ပဲအချိန်မရွေး ဖြုတ်ထုတ်သတ်ကိစ္စကိုလုပ်ဖို့ဝန်လေးသူတွေမဟုတ်ပါဘူး။ လိုအပ်လာရင် ကိုယ်တိုင်အသေခံပေးမှာမဟုတ်ပဲအားလုံးကို အသေခံခိုင်းမှာမျိုးသာ ဖြစ်တယ်။
အလားတူ ဖြစ်စဉ်မျိုးဖြစ်တဲ့ ကျိုက်ထိုမြို့အခြေစိုက် ခလရ (၂) က စစ်သားတွေကို ဆန္ဒမပါပဲ အထက်အရာရှိက အတင်းတိုက်ခိုင်းတဲ့အတွက် တပ်ကြပ် ပေါဆန်၊ တပ်ကြပ်နိုင်လင်း၊ တပ်သားမောင်ဇော်၊ ဒုတပ်ကြပ်အောင်မျိုးနဲ့ ရဲဘော်သစ် တပ်သားတယောက်ပါ ဧပြီ ၁၆ ရက်နေ့က မယ့်ကနယ်တိုက်ပွဲမှာ ၅ ယောက်တပြိုင်တည်းကျခဲ့တယ်လို့လည်း တပ်တွင်းသတင်းတွေကနေ သိရပါတယ်။ အထက်အမိန့်အရဆိုပြီး နောက်တန်းကနေထိုင်ပြီး ရှေ့တန်းက ငယ်သသားတွေကို သက်သက်အသေခံခိုင်းတဲ့ ဖြစ်စဉ်တွေစစ်ကောင်စီတပ်မှာဖြစ်နေတာပါ။
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကစစ်ဗိုလ်ချုပ်တွေဟာ လက်အောက်ငယ်သားတွေကို သေတွင်းထဲကိုတမင်ပို့လွှတ်ခဲ့ပြီးလက်အောက်ငယ်သားမှ အမိန့်အာဏာဖီဆန်လာတဲ့အခါ စစ်ဆင်ရေးရှောင်ဖယ်မှု၊ အာဏာဖီဆန်မှု၊ စခန်းစွန့်ခွာထွက်ပြေးမှုစတဲ့ စစ်ခုံရုံးပုဒ်မတွေတပ်၊ မတရားအမိန့်ချမှတ်ခဲ့ပြီးသူတို့ရဲ့လက်အောက်ငယ်သားတွေကို မကြည့်ရှုမှု၊ ရဲဘော်ရဲဘက်စိတ်မထားရှိမှု၊ ရိက္ခာအလုံအလောက်ပေးပို့ခြင်းမရှိမှုတွေကိုတော့ ထိန်ချန်ထားခဲ့ပါတယ်။ ဒါတွေကိုပြည်သူတွေကိုလည်း အသိမပေးခဲ့သလို တပ်တွင်းမှာလည်း တခုနဲ့တခုသိခွင့်မရအောင် ပိတ်ထားတာဖြစ်တယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေစိုးမိုးမှု ကျယ်ပြန့်လာတာနဲ့အမျှ စစ်ကောင်စီဟာ ရှေ့တန်းစခန်းတွေကို ရိက္ခာလုံလောက်အောင် ပို့ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။ တချို့ရှေ့တန်းရောက်တဲ့ တပ်တွေမှာ စစ်သည်တွေကို မူးယစ်ဆေးတိုက်ကျွေးပြီး တိုက်ပွဲဝင်ခိုင်းတာတွေ၊ ကယားပြည်နယ်ဒီမော့ဆိုမှာဆိုရင် တပ်မ (၆၆)က စစ်သားတွေဖျားနာ မိုင်းထိတာကို ဆေးထိုးသတ်တဲ့ ဖြစ်စဉ်တွေ အထိပါ ဖြစ်ပေါ်လာပြီပဲ ဖြစ်ပါတယ်။ ရှေ့တန်းက တပ်ပြေးတွေဖမ်းမိရင်၊ ဒဏ်ရာအပြင်းအထန်ရသူတွေကို အလုပ်ရှုပ်မခံတော့ဘူးဆိုပြီး အချင်းချင်း အထက်အမိန့်အရ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
“ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသောမေတ္တာတရား၊သံဃောဇဉ်တရား၊ သစ္စာစောင့်သိမှုပင်ဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေအနေနဲ့သူတို့ရဲ့ စစ်သည်ရဲဘော်တွေအပေါ် တကယ်ပဲရဲဘော်ရဲဘက်စိတ်၊ အကြီးအကဲစိတ်ဓာတ်ပီသမှုရှိသလားဆိုသည်ကိုတော့ ဒုဗိုလ်မှူးကြီးသူရိန်ရဲ့ဖြစ်စဉ်ကသာဓကပြလျက်ရှိနေပါတယ်။ ဒုဗိုလ်မှူးကြီးသူရိန်အနေနဲ့စစ်ကောင်စီရဲ့လက်အောက်ကနေပြန်တိုက်ပေးမယ်လို့ပြောပေမယ့်စစ်တပ်က လက်မခံဘဲသေဒဏ်ချမှတ်ခဲ့တာပါ။
တဖက်မှာလည်း ပြည်သူ့ဘက်ရပ်တည်ခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး (တပ်ရင်းမှူး) အဆင့်တွေ လွတ်မြောက်နယ်မြေမှာရှိနေကြတယ်။ သူတို့ဆိုရင် အေးအေးချမ်းချမ်းပါပဲ။ ဥပမာ ပြရရင် ပြင်ဦးလွင်မြို့ အခြေစိုက် (တသန) တပ်မတော်သိပ္ပံနဲ့ နည်းပညာသုတေသနဌာနကနေ CDMပြုလုပ်လာတဲ့ ဒုတိယဗိုလ်မှူးကြီး ဗညားကျော် ဖြစ်တယ်။ သူဆိုရင် ပြည်သူ့ရင်ခွင်မှာခိုလှုံပြီး ပြည်သူ့ဘက် သေနတ်ပြောင်းမလှည့်ခဲ့တဲ့အတွက် ဂုဏ်ယူစရာ လူတယောက်အဖြစ်ရပ်တည်နိုင်ခဲ့တယ်။
အထက်ပါလူ၂ယောက်မှာဆိုရင်အမှန်တရားဘက်ရပ်တည်ခဲ့တဲ့သူနဲ့အာဏာရှင်အတွက်အသုံးချခံရတဲ့ဒုတိယဗိုလ်မှူးကြီးအဆင့်ပုဂ္ဂိုလ်၂ဦးရဲ့လက်ရှိအမှန်တရားဘဲဖြစ်တယ်။ဘဝတွေဟာလည်းကွာခြားနေပြီးတစ်ဦးမှာစစ်တပ်ရဲ့အသုံးချခံအဖြစ်ကနေသေဒဏ်အထိပါရောက်ရှိခဲ့ပြီးဇနီးဖြစ်သူမှာလည်းစစ်ကြောရေးကိုရောက်နေပါပြီ။နောက်တခုကခလရ၁တပ်အတွင်းမှာပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်နေတာပါပဲ။အမိန့်နာခံမှုမရှိတပ်သားတွေကမုဒိမ်းကျင့်မှုတွေဖြစ်လိုဖြစ်၊ရှေ့တန်းမှာလည်းထင်ရာတွေလုပ်နေကြတာဖြစ်ပါတယ်။
ရာထူး အာဏာလုပ်ပိုင်ခွင့် ပိုရလာတာနဲ့အမျှ စစ်ကျောင်းတွေမှာ သင်တဲ့ (senior/ junior) ညီအကိုဆိုတာတွေဟာကိုယ်ကျိုးစီးပွားအတွက်ချယ်လှယ်နေတဲ့စစ်ဗိုလ်ချုပ်တွေကြားထဲမှာပျောက်ဆုံးနေတာကြာခဲ့ပါပြီ။လုပ်ပိုင်ခွင့်အာဏာအတွက်ဆိုအချင်းချင်းတောင်ချနင်းဖို့ဝန်မလေးတတ်ကြတဲ့စစ်ဗိုလ်ချုပ်တွေအတွက်လက်အောက်ငယ်သားတွေရဲ့အသက်ကသူတို့သောက်နေကျအရက်တခွက်လောက်တောင်တန်ဖိုးမရှိပါဘူး။ခလရ၁ဟာအရင်အာဏာရှင်ဟောင်းသန်းရွှေလည်းတပ်ရင်းမှူးအကြာကြီးလုပ်သွားတဲ့တပ်ဖြစ်တယ်။အခုတော့တွေဦးတော်လှန်ရေးအတွင်းသန်းရွှေလည်းမကယ်နိုင်တဲ့အနေအထားဖြစ်နေပြီ။တပ်ရင်းမှူးတဦးသေတိုက်ပွဲမှာသေတယ်၊ နောက်တပ်လာတဲ့တပ်ရင်းမှူးက တိုက်ပွဲမှ ာသေမှာကြောက်လို့ထွက်ပြေးတော့စစ်ခုံရုံးကသေဒဏ်ချမှတ်တယ်။
စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့ ပေးအပ်လာတဲ့ မူးမူးရူးရူးနဲ့ ရှေ့တန်းအကြောင်း ဘာမှမသိ နောက်တန်းအထိုင်ကနေ ထင်ရာတွေပေးနေတာကို အမိန့်လို့ သတ်မှတ်ပြီး သင့်မသင့်ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ ဆုံးဖြတ်နိုင်လောက်တဲ့ဦးနှောက်တွေ မရှိအောင်လည်း စစ်တပ်မှာ လေ့ကျင့်ပေးထားတာမျိုး ဖြစ်နိုင်ပါတယ်။ အမှန်တကယ်က အမိန့်ဆိုသော်ငြားလည်း သင့် မသင့်ဆိုတာ ဆောင်ရွက်ရမှာက အောက်ခြေက စစ်သည်တွေရဲ့တာဝန်ပါ။ ဒါကိုမှ “စစ်တပ်ကွ.. ရေဘူးပေါက်တာမလိုချင်ဘူး…ရေပါတာပဲလိုချင်တယ်” ဆိုတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ လက်အောက်မှာ ဆက်နေချင်တယ်ဆိုရင် “ဆီပုလင်း ခါးချိတ်ထားဖို့” လိုကြောင်း စစ်သားဟောင်းတယောက်အနေနဲ့ အကြံပေးလိုပါတယ်…။
Red News Agency