ဉရုချောင်းဘေး ကျောက်ကျင်းတူးနေမှုကြောင့် တွင်းရေများခမ်းခြောက်ကာ ဒေသခံများအခက်အခဲတွေ့

RNA_ဖားကန့် မေလ (၂)ရက်၊ ၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီကျေးရွာဘက်ခြမ်း ဉရုချောင်းနှင့်ကပ်လျက် ကျောက်ကျင်းတူးဖော်နေမှုကြောင့် အနီးနားနေ ပြည်သူများအသုံးပြုသည့် တွင်းရေများခမ်းခြောက်ကာ သောက်သုံးရေပြတ်လပ်သည့်ပြဿနာကြုံတွေ့နေရသည်။

“ကျောက်တူးနေတဲ့နေရာက မှော်စီစာဘက်ခြမ်းဆိုပေမယ့် တစ်ဖက်က မလန်းကျေးရွာနဲ့ ငြိမ်းချမ်းသာယာကျေးရွာရှိတာ၊ အဲ့ဒီနား အိမ်ခြေ(၆၀၀)ဝန်းကျင်ရှိတယ်၊ ကျင်းတူးနေတော့ သောက်သုံးရေခမ်းတာဗျ၊ ရေရရှိရေး ပြန်လုပ်ပေးမယ့် အစီအစဉ်လည်း မရှိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောက်တူးနေသည့်လုပ်ကွက်ကို လက်ရှိ ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းက တူးဖော်နေပြီး ဒေသခံရေမဆေးများအားလည်း ရှာဖွေခွင့်မပြုကြောင်း သိရသည်။

“ဉရုချောင်းကို တစ်ဝက်လောက်နိုက်တူးနေတာ မြေဖို့တော့လည်း ချောင်းထဲပဲဆိုတော့ လာမယ့်မိုးတွင်းဆိုရင် အထက်ဘက်ဖြစ်တဲ့ လုံးခင်းတော့ ရေကြီးမယ့်အန္တရာယ်ရှိနိုင်တာပေါ့”ဟု ဒေသခံက ထောက်ပြသည်။

ကျောက်ကျင်းတူးနေသည့် နေရာအနီးတွင် မှော်စီစာနှင့် ငြိမ်းချမ်းသာယာ၊ မလန်းကျေးရွာတို့ ဆက်သွယ်မည့် ဉရုချောင်းကူးတံတားဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်း၊ ယခုတူးဖော်နေမှုသည် ဟိုတယ်ကဲ့သို့ အဆောက်အဦဆောက်လုပ်ရန် စီမံကိန်းဖြင့် အုတ်ရိုးကာရန်အတွက် တူးဖော်နေခြင်းဖြစ်သည်ဟုဆိုကာ အကြောင်းပြတူးဖော်နေကြောင်း သိရသည်။

“ကျနော်တို့ကတော့ သောက်သုံးရေရရှိရေး စီစဉ်ပေးစေချင်တယ်၊သူတို့အနေနဲ့ ဘက်ဟိုးယန္တရားကြီးတွေနဲ့ ကျင်းတောင်တူးကြသေးတာ၊ ရေရရှိရေးလုပ်ပေးဖို့က မခက်ခဲပါဘူး၊ ကျင်းတူးကြတာတော့ တူးပေါ့ သူများတွေကို မထိခိုက်စေသင့်ဘူး”ဟု ဒေသခံက ပြောသည်။

#RedNewsAgency

By Editor