AAကို ပိတ်ဆို့အရေးယူရန် ယူကေအစိုးရကို Burma Campaign အဖွဲ့တောင်းဆို

RNA_နိုဝင်ဘာ(၂၆)၊၂၀၂၆ခုနှစ်။

ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က အကြမ်းဖက်မှုများ ကျူးလွန်သည်ဟုဆိုကာ ဖိအားပေး ပိတ်ဆို့အရေးယူရန် ယူကေအစိုးရကို Burma Campaign – UK က တောင်းဆိုထားသည်။

နိုင်ငံတကာတရားရုံး (ICJ) ၏ မြန်မာနိုင်ငံအပေါ် အမိန့်စီရင်ချက် ချမှတ်မှုကို ယူကေအခြေစိုက် Burma Campaign အဖွဲ့က ကြိုဆိုကြောင်း၊ စစ်အုပ်စုလက်အောက်ခံ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်၊ ရေနံနှင့် ဓာတုဗေဒလုပ်ငန်းများအား ပိတ်ဆို့အရေးယူရန်နှင့် အာရက္ခတပ်တော် (AA) ကိုလည်း ပိတ်ဆို့အရေးယူရန် တောင်းဆိုထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ (၄၅၀၀၀၀) ဝန်းကျင်သည် အာရက္ခတပ်တော် (AA) ၏ ထိန်းချုပ်မှုအောက်၌ရှိနေကြောင်း၊ AA တပ်ဖွဲ့ဝင်များသည် ရိုဟင်ဂျာများအား အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း Burma Campaign အဖွဲ့က ပြောဆိုထားသည်။

နိုဝင်ဘာ (၂၃) ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည့် ယူကေနိုင်ငံခြားရေးဝန်ကြီး၏ မိန့်ခွန်း၌ AA တပ်တော်အား ဖိအားပေးအရေးယူမှုများ လုပ်ဆောင်ရန် ထည့်သွင်းပြောဆိုခြင်း မရှိခဲ့သည်ကို တွေ့ရကြောင်းနှင့် ယူကေအစိုးရအနေဖြင့် AA တပ်တော်ကို ပိတ်ဆို့အရေးယူခြင်းဖြင့် ရိုဟင်ဂျာများ၏ အခွင့်အရေးကို ထုတ်ဖော်ပြောဆိုရန် လိုအပ်ကြောင်း Burma Campaign က ဆိုသည်။

AA တပ်တော်ကို ဖိအားပေး အရေးယူမှုများ မလုပ်ဆောင်ပါက ရိုဟင်ဂျာများ နေရပ်ပြန်ရေးသည် ခဲယဉ်းနေဦးမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများသည် အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးနေရဆဲဖြစ်ကြောင်း ၎င်းတို့က ပြောဆိုထားသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် စစ်အုပ်စုတာဝန်ရှိသူများအပါအဝင် လူပုဂ္ဂိုလ် (၄၂) ဦးနှင့် စစ်အုပ်စုနှင့် ဆက်နွယ်ပတ်သက်သည့် အဖွဲ့အစည်းပေါင်း (၃၉) ခုတို့ကိုလည်း ပိတ်ဆို့အရေးယူမှု အကြိမ်ရေ (၁၉) ကြိမ်အထိ ချမှတ်ခဲ့ကြောင်း ယူကေအစိုးရ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

By RNA Editor