တရုတ်နိုင်ငံသား (၃၃) ဦးအပါအဝင် ကျားဖြန့်လုပ်နေသူ (၁၀၅) ဦး ရန်ကုန်မှာ ဖမ်းဆီးရမိ

RNA_နိုဝင်ဘာ(၂၂)၊၂၀၂၆ခုနှစ်။

တရုတ်နိုင်ငံသား (၃၃) ဦး၊ ထိုင်းနိုင်ငံသား (၂) ဦး၊ မြန်မာနိုင်ငံသား (၇၀) ဦး စုစုပေါင်း (၁၀၅) ဦး လုပ်ကိုင်နေသော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်းက အွန်လိုင်းငွေကြေးလိမ်လည်သူများကို နိုဝင်ဘာ (၂၀) ရက်နေ့ ည (၁၁) နာရီခန့်က အာဏာသိမ်းစစ်တပ် လက်အောက်ခံများ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း နေပြည်တော်က သတင်းထုတ်ပြန်ထားသည်။

မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်း၊ အမှတ် (၁၉-A) နေအိမ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ဆောင်နေကြသော တရုတ်နိုင်ငံသား အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၈ ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၂ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၂၄ ဦးတို့ကို အွန်လိုင်းငွေကြေးလိမ်လည်ရာတွင် အသုံးပြုသည့် ကွန်ပျူတာမျိုးစုံ ၆၉ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၂၃ လုံး၊ Wi-Fi စက် ၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်းမှ ကျားဖြန့်များသည် ရန်ကုန်မြို့တွင် အခြေချကာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြကြောင်း၊ ကျားဖြန့်လုပ်ငန်းများကို တရုတ်နိုင်ငံသားများက ဦးဆောင်လုပ်ကိုင်နေပြီး အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံမှ ဖမ်းဝရမ်းထုတ်ခံရသူများ မြန်မာနိုင်ငံအတွင်း ခိုလှုံကာ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေကြကြောင်း၊ ၂၀၂၆ ခုနှစ် နို၀င်ဘာ ၁၂ ရက်နေ့ကလည်း သာကေတမြို့နယ်အတွင်းရှိ ကွန်ဒိုတစ်လုံးကို ဝင်ရောက်စီးနင်းခဲ့ရာ လူ ၁၀၀ ကျော်လုပ်ကိုင်နေသော ကျားဖြန့်လုပ်ငန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#REDNEWS #RedNewsAgency #RNA #yangonMyanmar

By Editor