ULA/AA သည် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်ကို ဘက်ပေါင်းစုံမှ ကူညီပေးနေ

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)သည် မဟာမိတ်ဖြစ်သော ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်ကို ဘက်ပေါင်းစုံမှ ကူညီပေးနေသည့်အတွက် ကျေးဇူးတင်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (Chin People’s Union/ Chin People’s Army) ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့်နေ့တွင် ထုတ်ဖော် ပြောကြားထားသည်။

စစ်အာဏာရှင်စနစ်အပြင် မည်သည့်အာဏာရှင်စနစ်မဆို ချုပ်ငြိမ်းရေး၊ ချင်းပြည်သူလူထု၏ မွေးရာပါ အခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရန် ၂၀၂၆ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့သည် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်ကို စတင်ထူထောင်ဖွဲ့စည်းလာခဲ့သည့် (၁)နှစ် ပြည့်မြောက်သောနေ့ ဖြစ်သည်။

ဘက်ပေါင်းစုံမှ ကူညီပေးနေသော မဟာမိတ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် လက်ရှိမြေပြင်တွင် အတူတကွ တိုက်ပွဲဝင်နေကြသည့် ညီနောင်တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် လက်ရှိခုခံစစ်အတွင်း ငွေရေးကြေးရေး၊ ဆေးဝါးရိက္ခာများ ပေးလှူနေကြသော ပြည်တွင်းပြည်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေဖြင့် ဆက်လက်ကူညီ ပံ့ပိုးပေးကြရန်အတွက်လည်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က မေတ္တာရပ်ခံထားသည်။

တော်လှန်ရေးကာလ၌ အသက်ပေးလှူသွားကြသည့် အာဇာနည်ရဲဘော်များ၊ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းကို ပေးလှူကြသော ရဲဘော်ရဲမေများနှင့်တကွ လက်ရှိစစ်မြေပြင်တွင် ချင်းလူမျိုး၏ ဘိုးဘွားပိုင်မြေအား သူရသတ္တိပြည့်စုံစွာဖြင့် ခုခံကာကွယ်နေကြသော ချင်းပြည်သူ့တပ်မတော် ရဲဘော်များနှင့်တကွ အတူတိုက်ပွဲဝင် နေသည့် မဟာမိတ်ရဲဘော်များ အားလုံးကို ဂုဏ်ပြုဦးညွတ် အလေးပြုကြောင်းလည်း စသဖြင့် ထုတ်ပြန်ပြောကြားထားသည်။

#REDNEWS #RedNewsAgency #RNA

By Editor