အင်္ဂလန် ချားလ်ဘုရင်က ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာအုပ်နှင့် သံတမန်အိတ်ပိတ်စာ (၂) စောင် ပေးပို့

RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ်။

နေပြည်တော်၌ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အင်္ဂလန်နိုင်ငံ တတိယမြောက် ချားလ်ဘုရင်က စာအုပ်နှင့် သံတမန်အိတ်ပိတ်စာများ ပေးပို့ခဲ့ကြောင်း စစ်အုပ်စုက ယနေ့ (အောက်တိုဘာ ၁၉ ရက်) ထုတ်ပြန်ထားသည်။

တတိယမြောက် ချားလ်ဘုရင် ဖိလစ်အာသာဂျော့ချ် (Charles Philip Arthur George) က ဒေါ်အောင်ဆန်းစုကြည်ထံ The Land Garderners – Soil to Table နှင့် Soil: The World at Our Feet စာအုပ် (၂) အုပ်အပါအဝင် အိတ်ပိတ်စာအိတ် (၁) အိတ်၊ သံတမန်အိတ်ပိတ်စာတို့ကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့သည့် စာအုပ်နှင့် အိတ်ပိတ်စာများကို စစ်အုပ်စု ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက် (၁၀) နာရီ (၄၀) မိနစ်အချိန်တွင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်ထားရှိသည့် နေအိမ်၌ တွေ့ဆုံပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး၏ ထုတ်ပြန်ချက်၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို အပြည့်အစုံမဖော်ပြဘဲ “အထူးအကျဉ်းသူ ဒေါ်စုကြည်” ဟု ကနဦး၌ ရေးသားသုံးနှုန်းခဲ့ပြီး မိနစ်အနည်းငယ်အကြာ၌ ပြန်လည်ပြင်ဆင်ခဲ့သည်။

အသက် (၈၁) နှစ်အရွယ် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက မတရားပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားပြီး ၎င်းအား ပြန်လွှတ်ပေးရေးသည် ပြန်လည်စဉ်းစားသုံးသပ်စရာ အကြောင်းအရာများ ထွက်ပေါ်လာပါက အခြေအနေမှာ ပြောင်းလဲသွားနိုင်ကြောင်းနှင့် သူမအပေါ်သာ မူတည်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က TIME မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

By RNA Editor