“အရင်းရှင်ကမကြိုက်ရင်လည်း အလုပ်ပြုတ်ခံပြီး အမှန်တရားကို ပြောရဲရမယ်။ အာဏာရှင်က မကြိုက်ရင်လည်း အဖမ်းခံ၊အသတ်ခံပြီး အမှန်တရားဘက် ပြတ်ပြတ်ရပ်ရမယ်။ ကျနော့်အနေနဲ့ မီဒီယာတွေကို အမှန်တရားနဲ့ ပြည်သူကလွဲပြီး ကျန်တာ ဘာကိုမှထပ်ပြီးမတောင်းဆိုတော့ပါဘူး”
ကျော်ကိုကို (၃ အောက်တိုဘာ ၂၀၂၆)
တော်လှန်ရေးကာလမှာ မီဒီယာရဲ့ တာဝန်ဟာ တော်လှန်ရေးဘက်မှ ဝါဒဖြန့်ချီဖို့ပဲ ဖြစ်သင့်တယ်လို့ ကျနော်တို့ရဲ့ ရဲဘော်ကြီး ကိုအောင်မှိုင်းဆန်းက အဆိုတင်သွင်းခဲ့တဲ့အတွက် အယူအဆရေးရာ အငြင်းအခုန်တွေ ဖြစ်နေကြရပါတယ်။
ကြိုတင်ဝန်ခံလိုတာကတော့ အခုလို အယူအဆရေးရာ အငြင်းအခုန်သော်လည်းကောင်း၊ အယူဝါဒဆိုင်ရာ တိုက်ပွဲလို့ခေါ်ဆိုမယ်ဆိုရင်လည်းရတဲ့ စကားစစ်ထိုးပွဲသော်လည်းကောင်း ဘာတွေပဲရှိရှိ ဝမ်းမြောက်ဝမ်းသာကြိုဆိုဖို့လိုအပ်တယ်ဆိုတဲ့အချက်ပါပဲ။
ကျနော်တို့ဟာ ကျနော်တို့ရဲ့ အကျိုးစီးပွားသက်သက်အတွက် အငြင်းအခုန်ဖြစ်နေကြတာမဟုတ်ကြဘဲ တော်လှန်ရေးအကျိုးစီးပွားအတွက် ငြင်းခုန်နေကြလို့ဖြစ်တယ်။ ဒီထက်ပိုရှင်းရရင် ကိုယ်ယုံကြည်တဲ့ နိုင်ငံရေးအယူအဆတွေ၊ ကမ္ဘာ့အမြင်တွေနဲ့ လက်ရှိတော်လှန်ရေးကို ပိုအားကောင်းလာအောင် ဖြည့်တင်းပေးဖို့ကြိုးစားနေကြတာကြောင့်မို့လို့ ကောင်းတယ်လို့ ကောက်ချက်ချရခြင်းဖြစ်တယ်။
ဒီလို အပြန်အလှန်ဆွေးနွေးတင်ပြမှုတွေမှာ တယောက်နဲ့တယောက် အမြင်အယူအဆမတူကြတာတွေရှိသော်လည်းပဲ တယောက်နဲ့တယောက် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တဲ့ဘက်ကို ဦးမတည်ဘဲ သဘောတရားရေးရာအရ တိတိကျကျ ဝေဖန်ပိုင်းခြားတာကိုပဲ လုပ်ကြဖို့လည်း အခြေခံစည်းမျဥ်းတရပ် (Ground Rule) အဖြစ် ထားရှိသင့်ပါတယ်။ ကျနော့်အနေနဲ့ ဒီစည်းမျဥ်းကို ဆုပ်ကိုင်ပြီး ရဲဘော်ကြီးရဲ့ အမြင်ကို ဝေဖန်သမှုပြုလိုပါတယ်ခင်ဗျာ။
မာ့က်စ်လောကအမြင်
ရဲဘော်ကြီး ကိုအောင်မှိုင်းဆန်းရဲ့ အယူအဆကို ဝေဖန်ဆန်းစစ်ကြည့်တဲ့အခါ မူရင်းအခြေခံကျောရိုးအရ ကားလ်မာ့က်စ်ပြောတဲ့ လူတန်းစားအမြင်ကနေ လာတာဖြစ်ပါတယ်။
ကားလ်မာ့က်စ်က သူ့ရဲ့ ဂျာမန်အိုင်ဒီယော်လော်ဂျီကျမ်းပါ “On ruling ideas” အုပ်စိုးသူလူတန်းစားအတွေးအခေါ်ဆိုတဲ့ အခန်းမှာ ခုလိုဖော်ပြခဲ့ပါတယ်။ “ခေတ်တိုင်းခေတ်တိုင်းမှာ လွှမ်းမိုးအုပ်စိုးနေတဲ့ အတွေးအခေါ်တွေဆိုတာ အဲ့ဒီခေတ်ကို အုပ်စိုးနေတဲ့ လူတန်းစားရဲ့ အတွေးအခေါ်ပဲဖြစ်တယ်။ မီဒီယာတွေနဲ့ ယဥ်ကျေးမှုအဆောက်အအုံတွေကနေ ကမ္ဘာလုံးဆိုင်ရာ အမှန်တရားကို ချပြဖို့ထက် အုပ်စိုးသူ အရင်းရှင်လူတန်းစားတွေရဲ့ အကျိုးစီးပွားအတွက် ဘယ်လိုဖော်ဆောင်ပေးနေသလဲဆိုတာကို မီးမောင်းထိုးပြနေတယ်။”လို့ ရေးခဲ့ပါတယ်။
ဆရာကြီး ကားလ်မာ့က်စ်အဆိုအရ မီဒီယာမှန်သမျှ ဘက်မလိုက်ဘဲ ကြားနေတယ်ဆိုတာမရှိ၊ အမှန်တရားသက်သက်ကိုပဲ ဖော်ပြနေတယ်လို့ မယူဆခဲ့ဘူး။ သတင်းအချက်အလက်ဖော်ပြရုံသက်သက်မဟုတ်ဘူး။ လူတန်းစားတရပ်ရပ်ဘက်ကို လိုက်ကိုလိုက်နေတယ်လို့ ဆိုလိုတာပဲဖြစ်တယ်။ မီဒီယာတွေမှာ ဘူဇွာလူတန်းစားအသားတံဆိပ်ပါပြီးသားဖြစ်တယ်လို့ ဆိုလိုတာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် အဆိုပါမီဒီယာတွေကို ဘူဇွာလူတန်းစားရဲ့ ငွေကြေးနဲ့ တည်ထောင်ထားလို့ပဲလို့ ကားလ်မာ့က်စ်က ထောက်ပြချင်တာဖြစ်တယ်။
လီနင်ရဲ့ ပရာဗဒါနဲ့အစ္စကာရာ
လီနင်က မာ့က်စ်ရဲ့ အယူအဆတွေ တော်တော်များများကို လက်တွေ့အသုံးချပြီး နိုင်ငံရေးလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ မာ့က်စ်ရဲ့ ဆိုရှယ်လစ်၊ကွန်မြူနစ် အိုင်ဒီယော်လော်ဂျီတွေကို လီနင်အနေနဲ့ ပြန်လည်ရှင်းလင်းတင်ပြနိုင်စွမ်းလည်း ရှိသလို လက်တွေ့ကျကျ အလုပ်ရဲ့လမ်းညွှန်ကို ထုတ်နုတ်ဖော်ပြနိုင်စွမ်းလည်းရှိတယ်။
ဒါကြောင့် လီနင်က “ငါတို့ဘာလုပ်ကြမလဲ” ( What is to be done) မှာ သတင်းစာတစောင် ထုတ်ဝေဖြန့်ချိရေးလုပ်ငန်းကို လုပ်ကိုလုပ်ရမယ်။ အဲ့ဒီသတင်းစာဟာ ပါတီရဲ့ အာဘော်ကို ဖြန့်ဖြူးရမယ်လို့ ဆိုခဲ့တာဖြစ်တယ်။ သတင်းစာဆိုတာ သူတို့ခေတ်မှာတော့ အထိရောက်ဆုံး မီဒီယာအမျိုးအစားဖြစ်လို့ပါပဲ။ လီနင်ပြောတဲ့စကားလုံးအတိအကျဆိုရင် “သတင်းစာဆိုတာ သတင်းအချက်အလက်ဖြန့်ချိပေးရုံ သက်သက်မဟုတ်ပါ။ သတင်းစာသည် စုပေါင်းဝါဒဖြန့်ချီသူ (Collective Propagandist)၊ စုပေါင်း ဆော်သြလှုံ့ဆော်သူ (Collective Agitator) နှင့် စုပေါင်း စည်းရုံးစုဖွဲ့ သူ (Collective Organizer) လည်း ဖြစ်တယ်”လို့ ရေးခဲ့ပါတယ်။
လီနင်အနေနဲ့ ဒီနေရာမှာ မီဒီယာအမျိုးအစားအားလုံးလို့ မဆိုလိုပေမယ့် သတင်းစာတင်မက အခြားသောမီဒီယာအားလုံးကို ထည့်သွင်းတွက်ချက်ဖို့လိုပါတယ်။ ဒါပေမယ့် လီနင်က လက်တွေ့သမားဖြစ်တဲ့အတွက် နဂိုရှိရင်းစွဲ ဘူဇွာမီဒီယာတွေကို ကိုယ့်ဖက်ပါအောင် စည်းရုံးနေတဲ့လမ်းစဥ် (ဖြစ်နိုင်ခြေအလွန်နည်း)ကို မကျင့်သုံးဘဲ ပါတီကြွေးကြော်သံ မီးပွားတို့ အမှန်တရားတို့လို သတင်းစာတွေကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာ ပိုဦးစားပေးစဥ်းစားခဲ့ပါတယ်။
လီနင်ရဲ့ အယူအဆဟာ ထူးခြားတဲ့ဝိသေသလက္ခဏာရပ်တွေ ထုံမွှမ်းနေတဲ့ ( the special characteristics of media or Revolutionary media) တော်လှန်သောမီဒီယာအယူအဆတရပ်ဖြစ်တယ်လို့ ကျနော့်အနေနဲ့ သုံးသပ်လိုပါတယ်။ မီဒီယာမှန်သမျှကိုတော့ တော်လှန်ရေးအတွက် ဝါဒဖြန့်ချိပေးရမယ်လို့ လီနင်တောင်းဆိုခဲ့ပုံ မရပါဘူး။ တနည်းအားဖြင့် ဆိုရသော် တော်လှန်ရေးကို ယေဘုယျပြုခြင်း ( Generalization) လုပ်ခဲ့တာမဟုတ်ဘူးလို့ ပြောချင်တာပါ။
ဒီနေရာမှာ ယေဘုယျပြုခြင်းကို ထပ်မံရှင်းပြရရင် အလွယ်ဆုံးဥပမာက “လူတိုင်း နိုင်ငံရေးနဲ့မကင်းဘူး၊ကင်းလို့မရဘူး၊ခေါင်းရွက်ဗျပ်ထိုး စျေးသည်လည်း နိုင်ငံရေးနဲ့မကင်းနိုင်ဘူး၊ဒါကြောင့် ဘယ်သူမဆို နိုင်ငံရေးလုပ်ရမယ်၊နိုင်ငံရေးသမားဖြစ်ရမယ်”လို့ ပြောတဲ့ အယူအဆမျိုးကို ပြောတာပါ။ လီနင်ဆိုလိုတာ မီဒီယာတိုင်းသည် တော်လှန်ရေးအတွက် ဝါဒဖြန့်ရမည်လို့ ပြောတာမဟုတ်ပါဘူး။ တော်လှန်သောမီဒီယာသည်သာလျှင် တော်လှန်ရေးအတွက် ဝါဒဖြန့်ချိသူ၊စည်းရုံးသူ၊ဆော်သြသူဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
#အာခံတွင်းမှဝင်းဝင်းတောက်လျက်နဂါးစက်
လီနင်ရဲ့ အတွေးအခေါ်ကို နို့သက်ခံစို့ကြတဲ့ တော်လှန်ရေးသမားတိုင်း အဲ့ဒီလမ်းကြောင်းကို လိုက်ပြီး တော်လှန်သောမီဒီယာတွေ တည်ထောင်လာခဲ့ကြပါတယ်။ မော်စီတုန်းကိုယ်တိုင် ယင်အန်းမှာ စာပေနဲ့ အနုပညာညီလာခံမှာ မီဒီယာ၊စာပေနဲ့အနုပညာတွေအားလုံးဟာ တော်လှန်ရေးယန္တရားကြီးရဲ့ ဝက်အူရစ်နဲ့ ခွေးသွားစိတ်တွေဖြစ်ရမယ်လို့ ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ မော်စီတုန်းပြောတဲ့ မီဒီယာ၊စာပေနဲ့အနုပညာတွေအားလုံးကို တပ်ဦးပါတီရဲ့ လမ်းညွှန်မှုအောက်မှာထားရေးဆိုတာ နဂိုမူလက လီနင်ချမှတ်ခဲ့တဲ့လမ်းကြောင်းရေးရေးလေးကို မော်စီတုန်းက ပိုပြီး ပြတ်သားထင်ရှားအောင် ဖောက်လုပ်လိုက်ခြင်းပဲဖြစ်တယ်။ ဒီလို ဖောက်လိုက်တာ ပိုသွားလို့ ကောင်းသွားပေမယ်လို့ ထုံးစံအတိုင်း တပ်ဦးပါတီလမ်းညွှန်မှုအောက် အကုန်လုံးရောက်ရှိရေးဟာ လွယ်လင့်တကူဖြစ်လာနိုင်တဲ့အရာတော့မဟုတ်နေခဲ့ပါဘူး။
အရင့်အရင်ခေတ်ရဲ့ မီဒီယာဖွံ့ဖြိုးမှုနောက်ကျနေတဲ့ အနေအထားကိုလည်း ထည့်သွင်းစဥ်းစားဖို့ လိုပါသေးတယ်။ မီဒီယာသမားတွေက အခုခေတ်လို အတတ်ပညာနဲ့ ခေတ်မီနည်းပညာတွေကို အသုံးချနိုင်လောက်အောင်အတဲ့ မမာကြောသေးဘူး။ အစွမ်းမထက်သေးဘူး။ မီဒီယာလုပ်ငန်းကြီးတွေကို ပိုင်ဆိုင်ထားနိုင်တာကလည်း လီနင်ပြောသလို ဘူဇွာလူတန်းစားတွေကပဲ အဓိကဖြစ်နေတယ်။
တပ်ဦးပါတီက မီဒီယာကို လက်နက်အဖြစ်နဲ့ အသုံးပြုရေးကြွေးကြော်သံကို လီနင်က စတင်ခဲ့ပြီး မော်စီတုန်းအပါအဝင် နောက်ပိုင်း တော်လှန်ရေးသမားအတော်များများက နှစ်ဆယ်ရာစုမှာ ပဲ့တင်ထပ်ခဲ့ကြတယ်။ ကျုးဘားက ချေဂွေဗားရားနဲ့ ဖီဒယ်လ်ကတ်စထရိုတို့က Radio Rebelde ( သူပုန်ရေဒီယို) ကို စတင်တည်ထောင်ပြီး “အမှန်တရားသည် တော်လှန်ရေးဝါဒဖြန့်ချီမှုရဲ့ အစွမ်းထက်လက်နက်”လို့ ထုတ်ဖော်ပြောကြားခဲ့သူဖြစ်ပါတယ်။ ဟိုချီမင်းကလည်း Thanh Nien (လူငယ်) သတင်းစာကို တည်ထောင်ခဲ့ပြီး သတင်းသမားတွေနဲ့ စာရေးဆရာတွေကို တော်လှန်ရေးစစ်မျက်နှာမှ တိုက်ပွဲဝင်စစ်သည်တော်များ”အဖြစ်ပုံဖော်ခဲ့ပါတယ်။
#တော်လှန်သောမီဒီယာအယူအဆ
နိုင်ငံရေးသိပ္ပံပညာအရ ခွဲခြမ်းစိတ်ဖြာလိုက်ရင် မာ့က်စ်-လီနင်-မော်စီတုန်း-ချေ-ဟို စသဖြင့် တော်လှန်ရေးသမားတွေအနေနဲ့ တော်လှန်သောမီဒီယာအယူအဆ( Revolutionary Media Model)ကို လက်ခံယုံကြည်ထားကြပါတယ်။ဒီအယူအဆကို ရဲဘော်ကြီး ကိုအောင်မှိုင်းဆန်းလည်း လက်ခံယုံကြည်တယ်လို့ ကျနော့်အနေနဲ့ သရုပ်ခွဲဆန်းစစ်ကြည့်လို့ရပါတယ်။
ဒါပေမယ့် အချက်နှစ်ချက်ကို စောဒကတက်စရာရှိပါတယ်။
(၁)လက်ဝဲတော်လှန်ရေးသမားတွေအနေနဲ့ တော်လှန်သောမီဒီယာကို ကိုယ်တိုင်တည်ဆောက်ပြီး ဝါဒဖြန့်ချိရေးလက်နက်အဖြစ် အသုံးချကြတာဖြစ်တယ်။
(၂) ပုံစံအမျိုးမျိုးနဲ့တည်ရှိနေသော မီဒီယာတွေကို တော်လှန်ရေးအတွက် ဝါဒဖြန့်ချိရေးလုပ်ရမယ်လို့ အတင်းအကြပ်တောင်းဆိုတဲ့အချက်ကို သူတို့ ဦးစားပေးလို့မရတဲ့အတွက် ရှေ့တန်းမတင်ခဲ့ကြပါဘူး။
ကျနော်တို့အခု ငြင်းနေရတဲ့အချက်က ဒုတိယအချက်ဖြစ်ပါတယ်။ ပထမအချက်ဖြစ်တဲ့ ကိုယ့်ဖာသာကိုယ် တော်လှန်သောမီဒီယာ (သို့) ဝါဒဖြန့်မီဒီယာတည်ဆောက်ရေးကို ကျနော်တို့ လက်မခံဘူးလို့ ငြင်းနေတာမဟုတ်ပါဘူး။ ဒါက လူတိုင်းတွေ့နေကြရတဲ့ ဥပမာပေးရရင် NUG မှာလည်း ကိုယ်ပိုင်မီဒီယာတွေရှိတယ်၊ PVTV တို့ People’s Spring တို့ဖြစ်သလို စကစဘက်မှာလည်း သူတို့ကိုယ်ပိုင် တန်ပြန်တော်လှန်ရေးမီဒီယာတွှေရှိတာပါပဲ။ ဥပမာ မြဝတီ၊မြန်မာ့အလင်း၊ကြေးမုံ၊MRTV တို့ဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့တိုင်းမှာ ပါတီအာဘော်သတင်းစာ၊ အသံလွှင့်လိုင်း၊ ရုပ်သံအစီအစဥ်တွေ၊ အင်တာနက်ဝဘ်ဆိုဒ်တွေရှိတယ်။ ကျနော်တို့ ရည်မှန်းချက်က ရန်သူကို ဖွင့်ချတိုက်ခိုက်ဖို့နဲ့ ပါတီပုံရိပ်ကိုမြှင့်တင်ဖို့လုပ်ကြတာပဲ။ လုပ်လို့ရပါတယ်။ ဒါဟာ Ethic ကိုချိုးဖောက်တာလည်း မဟုတ်ဘူးလိုမြင်ပါတယ်။
#မီဒီယာကိုအသုံးချသောအယူအဆ
ဒုတိယအချက်အနေနဲ့ မီဒီယာအားလုံးကို တော်လှန်ရေးအတွက် ဝါဒဖြန့်ချီရေးတာဝန် ထမ်းဆောင်ရလိမ့်မယ်လို့ ပြောတဲ့အယူအဆဟာ Instrumentalism လို့ ခေါ်ပါတယ်။
ဆိုလိုတာ ကိရိယာတန်ဆာပလာတခုအနေနဲ့ အသုံးချတဲ့ သဘောဆောင်ပါတယ်။ မီဒီယာဟာ ပဋိပက္ခကြားမှာ ကြားနေအသွင်မဆောင်ဘဲ သတင်းစစ်ပွဲကို ဘက်တဘက်ကနေ ရပ်ပြီး ဝင်တိုက်နေရတဲ့ သဘောဆောင်နေပါတယ်။
အချက်(၃)ချက်ကြောင့် ဒီလို အမြင်ရှိလာတယ်လို့ ပြောကြတယ်။
(၁) အားမတန်သောစစ်ပွဲကိုနွှဲနေရလို့ ဖြစ်တယ်။ ရန်သူ့ဘက်က ရင်းမြစ်တွေ ပြည့်စုံတယ်၊ဘဏ္ဍာငွေနဲ့ ဆော့ဖ်ပါဝါတွေအကုန်ထုတ်သုံးပစ်လိုက်လို့ရတယ်။ ကိုယ့်ဘက်က ဘာမှမရှိလို့ တပန်းရှုံးနေတယ်။ မီဒီယာတွေကို စစ်ကူတောင်းရမယ်ဆိုတဲ့ အမြင်ပေါ်လာတယ်။
(၂) စစ်ရေးလျှို့ဝှက်ချက်တွေကို ထိန်းချုပ်သင့်တယ်ဆိုတဲဲ့အမြင်ရှိကြတယ်။ EROs တွေမှာရော အခြားသော လက်နက်ကိုင်တော်လှန်ရေးမှာရော မီဒီယာလွတ်လပ်ခွင့်ရှိတယ်လို့ ပြောပေမယ့် စစ်ရေးလျှို့ဝှက်ချက်တွေ ပေါက်ကြားရင် ဖမ်းဆီးအရေးယူကြပါတယ်။ ကိုယ့်ဘက်က အနိုင်သတင်းတွေကို ဝေဝေဆာဆာဖော်ပြနိုင်ဖို့နဲ့ အရှုံးသတင်းတွေဆိုရင် ဖုံးဖုံးဖိဖိလုပ်တာမျိုးက ပရိသတ်ရဲ့ စိတ်ဓာတ်မကျဘဲ တက်ကြွလာအောင်လုပ်တာလို့ အကြောင်းပြချက်ပေးကြတယ်။တကယ်ကတော့ မီဒီယာတွေကို ထိန်းချုပ်လိုက်တာပါပဲ။
(၃) တတိယအကြောင်းပြချက်က မဟာဗျုဟာ အမှန်တရားကို ဖွင့်ချပစ်တဲ့နေရာမှာ တော်လှန်ရေးအကျိုးစီးပွားနဲ့ ချိန်ထိုးပြီး ရွေးရမယ်ဆိုတဲ့ သဘောတရားပါပဲ။ တော်လှန်ရေးထဲက ကိုယ့်ဘက်တော်သားတွေ မဟုတ်မဟတ်လုပ်တဲ့သတင်းတွေကို ရှောင်လွဲဲပြီး မထုတ်ပြန်ခြင်းအားဖြင့် တော်လှန်ရေးကို လက်ခံယုံကြည်သူတွေ စိတ်မပျက်သွားစေဖို့ပါလို့ အကြောင်းပြကြတယ်။
#ဘေးထွက်ဆိုးကျိုးများ
ရဲဘော်ကြီး ရပ်ခံနေတဲ့ မီဒီယာဟာ တော်လှန်ရေးဝါဒဖြန့်ဖို့အတွက် အသုံးချခံရေးဆိုတဲ့ သဘောတရားမှာ ဆိုးကျိုးတွေ ကြီးကြီးမားမားရှိနေတယ်။
(၁) လက်ကိုင်တုတ်မီဒီယာဖြစ်သွားခြင်း
နိုင်ငံရေးသိပ္ပံသဘောတရားအရ အာဏာရဲ့ မူလပိုင်ရှင်က ပြည်သူတွေပဲဖြစ်ပါတယ်။ နိုင်ငံရေးပါတီ၊နိုင်ငံရေးသမားက ပြည်သူရဲ့ ကိုယ်စားလှယ်တွေပဲ ဖြစ်တယ်။ ဒီအနေအထားက တော်လှန်ရေးလုပ်တဲ့အချိန်မှာလည်း မပြောင်းလဲသွားဘူး။ ပုံမှန်နိုင်ငံရေးအခင်းအကျင်းမှာလည်း မပြောင်းလဲသွားပါဘူး။ (Principal- Agent Theory) အရ မီဒီယာတွေဟာ အာဏာရဲ့မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူ ( Principal) ရဲ့ အကျိုးအတွက်ပဲ လုပ်ရမှာဖြစ်တယ်။
တော်လှန်ရေးကာလမှာ Agent လို့ခေါ်တဲ့ တော်လှန်ရေးပါတီနဲ့ တော်လှန်ရေးသမားတွေက အရေးကြီးတာမှန်ပေမယ့် မီဒီယာကတော့ Agent တွေအတွက်အလုပ်လုပ်ပေးရတဲ့အဆင့်အထိ ကိုယ့်ကိုယ်ကို လျှော့ချပစ်စရာမလိုဘူးလို့ ကျနော်မြင်တယ်။
မီဒီယာသည် အလုပ်အကျွေးပြုချင်းပြု ပြည်သူကိုပဲ အလုပ်အကျွေးပြုရမယ်။ ပြည်သူကိုပဲ မျက်နှာမူရမယ်။ ပါတီသည်ပင်လျှင် ပြည်သူထက် ပိုကြီးမြတ်သောအရာ ဘယ်အခါမှမရှိပါလို့ ခံယူထားရမှာပဲ ဖြစ်တယ်မဟုတ်ပါလား။
အကယ်၍ Principal အတွက် မလုပ်ဘဲ Agent အတွက် အလုပ်လုပ်မယ်ဆိုရင် Henchmen (အလိုတော်ရိတွေ၊လက်ကိုင်တုတ်တွေ) ဖြစ်သွားနိုင်ပါတယ်။ ဗမာပြည်မီဒီယာသမိုင်းမှာ လူထုသတင်းစာတိုက်က ဖဆပလရဲ့ အလိုတော်ရိမလုပ်ခဲ့လို့ သတင်းစာစက်တွေ ရိုက်ချိုးဖျက်ဆီးတာတို့၊ သတင်းစာပုံနှိပ်စက်တွေကို ဗုံးခွဲခံရတာတို့ အကြိမ်ကြိမ်ကြုံခဲ့ရဖူးပါတယ်။
(၂) ပြည်သူတို့ရဲ့ တော်လှန်ရေးရေချိန်ကို ကျဆင်းစေခြင်း
တော်လှန်ရေးက လူထုအုံကြွပေါက်ကွဲမှုကြီးတရပ်ပါ။ အဟောင်းကိုဖြိုဖို့ ပါတီတခုထဲနဲ့ မရဘူးလို့ ဆိုရပါလိမ့်မယ်။ ပါတီတွေစုထားတဲ့ တပ်ပေါင်းစုနဲ့ တိုက်ဖြိုတာတောင် ပြိုမကျသွားတဲ့ အစိုးရတွေရှိတတ်ပါသေးတယ်။ ဗျုရိုကရေစီဟောင်းကို ဖြိုပြီး ဒီမိုကရေစီသစ်ကိုတည်ဆောက်ဖို့ဆိုရင် ပြည်သူရဲ့ အင်အား၊ပြည်သူတွေရဲ့ လှုပ်ရှားမှု၊ ပြည်သူတွေရဲ့ အခန်းကဏ္ဍကို ပေါင်းမထည့်လို့ကို မရပါဘူး။ ဒါကြောင့် ကျနော်တို့နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေရဲ့ လူထုအမြင်က “လူထုသည် သမိုင်းကိုဖန်တီးသူဖြစ်သည်” ဆိုတဲ့ အမြင်ပါပဲ။
မီဒီယာက တော်လှန်ရေးအတွက် ဝါဒဖြန့်ပေးတယ်ဆိုတဲ့နေရာမှာ တော်လှန်ရေးအင်အားစုဘက်က လွဲနေ မှားနေ ချော်နေတာတွေကို ရေငုံနှုတ်ပိတ်ပြီး နေလို့တော့မရပါဘူး။ အဲ့လို နေခဲ့မယ်ဆိုရင် တော်လှန်ရေးဘက်က အစစအရာရာ ခြောက်ပြစ်ကင်း သဲလဲစင် ထောင်မလဲ သဲကော်ဖြစ်နေပြီမို့လို့ ပြည်သူတွေက မဝေဖန်ရဘူးဆိုတဲ့ သဘောတရားတွေ ထူထောင်လာကြပါလိမ့်မယ်။ အဲ့ဒီအခါမှာ တော်လှန်ရေးသမားတွေရဲ့ အာဏာတည်ဆောက်မှုက အပေါ်စီးကနေ အောက်ကို အဆင့်ဆင့်ဖိနှိပ်တဲ့ပုံစံမျိုး ဖြစ်ထွန်းလာပြီး ကျနော်တို့ တိုက်နေရတဲ့ရန်သူနဲ့ ဘာမှကွာခြားတော့မှာမဟုတ်ပါဘူး။
တော်လှန်ရေးကို မီဒီယာအလုပ်အကျွေးပြုရေး၊ ဝါဒဖြန့်ချီရေးဆိုတာထက် အမှန်တရားဘက်က ရပ်တည်ရေး၊အချက်အလက်မှန်မှန်ကန်ကန်နဲ့ ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန်ရေး၊ ဘက်မလိုက်ပဲ ရေးသားတင်ပြရေးတို့ကို ပိုတိုက်တွန်းရပါမယ်။ ဒါမှသာ ဖောက်ပြန်တဲ့ဘက်နဲ့ တော်လှန်တဲ့ဘက် နှစ်ဘက်စလုံးကို စောင့်ကြည့်ပြီး အကဲဖြတ်ရာရောက်မှာပါ။ ဒီလိုလုပ်မှသာ ပြည်သူတွေရဲ့ စွမ်းအား (powers) ပိုတိုးလာပြီး ပြည်သူတိုင်းဟာ တော်လှန်ရေးသမားဖြစ််လာပါလိမ့်မယ်။ မီဒီယာကို ဝါဒဖြန့်ဖို့အတွက်သုံးရင် ပြည်သူတွေက အမိန့်နာခံသူသက်သက်ဖြစ်သွားမှာလို့ ယာဂန် ဟာဘားမာ့စ်က ပြောခဲ့ဖူးပါတယ်။
(၃) မီဒီယာကို တော်လှန်ရေးက လမ်းညွှန်ခြင်းသည် one-way communication ဖြစ်နေခြင်း
မီဒီယာရဲ့ တာဝန်က ဝါဒဖြန့်ချီရေးလို့ တော်လှန်ရေးအင်အားစုတွေက ပြောတာဟာ အပေါ်က အောက်ကို ညွှန်ကြားတာဝန်ပေးသလိုဖြစ်နေရင်တော့ ဒါဟာ တဖက်သတ်ဆက်ဆံရေး (one-way communication) ပဲ ဖြစ်ပါတယ်။
တကယ်ဆို မီဒီယာက ပြည်သူကိုလည်း သတင်းပေးမယ်၊ နိုင်ငံရေး/တော်လှန်ရေးကိုလည်း စောင့်ကြည့်ထိန်းကြောင်းမယ်။ပြည်သူကလည်း မီဒီယာကို ဝေဖန်အကြုံပြုမယ်၊အကူအညီတောင်းမယ်၊အကူအညီလည်းပေးမယ်။နိုင်ငံရေး/တော်လှန်ရေးသမားတွေကလည်း မီဒီယာကို အားကိုးပြီး သတင်းတွေဖန်တီးမယ်။ဒီလို နည်းလမ်းမျိုးစုံနဲ့ ဆက်ဆံရေးကိုပဲ တည်ဆောက်သင့်ပါတယ်။
မီဒီယာက ကွန်ရက်ထဲက ဆက်ထုံးတခုဖြစ်ပါတယ်။အပေါ်ကနေ အောက်ကို ထိုးစိုက်ဆင်းနေတဲ့ မြှားလေးတစင်းမဟုတ်ပါဘူး။အပြန်အလှန် ဆက်ဆံတုံ့ပြန်နေတဲ့ (interactive relations) ရှိရပါလိမ့်မယ်။
#သတင်းမီဒီယာချုပ်ကိုင်မှုအပေါ် တုံ့ပြန်ချက်
ကျနော့်အနေနဲ့ မာ့က့်စ်-လီနင်တို့ရဲ့ လမ်းကြောင်းအတိုင်း တော်လှန်ရေးတပ်ဦးအဖြစ် တိုက်ပွဲဝင်နေတဲ့ ဘယ်ပါတီမဆို၊ ဘယ်အဖွဲ့အစည်းမဆို၊ ဘယ်လူပုဂ္ဂိုလ်ကိုမဆို ဆန့်ကျင်လိုတဲ့ သဘောထားမရှိပါဘူး။ ဒါပေမယ့် သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ စပ်လျဥ်းတဲ့ အမြင်အပေါ်မှာတော့ အော်သိုဒေါ့စ်မာ့က်စ်ဝါဒီတွေနဲ့ လုံးလုံးလျားလျား ဆန့်ကျင်ကွဲလွဲနေတယ်လို့ ပြောလိုပါတယ်။
ကျနော်ကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်ဘက်က ရပ်တည်ပါတယ်။ ဒါဟာ ဗျုရိုကရေစီကို ဆန့်ကျင်ပြီး ဒီမိုကရေစီဘက်က ရပ်တည်ပါ။ တပ်ဦးကျွံဝါဒ (vanguardism) ကို ဆန့်ကျင်ပြီး ဒီမိုကရေစီဗဟိုချုပ်ကိုင်မှု (Democratic Centralism) ဘက်က ရပ်တည်လိုက်တာပါ။ ရှင်းရှင်းပြောရရင် လီနင်ရဲ့ အယူအဆကိုပါ ဝေဖန်ပြီး ရိုဆာ လူဇင်ဘတ်ချ်ရဲ့ အမွေကို ဆက်ခံလိုက်တာပဲဖြစ်ပါတယ်။
လူဇင်ဘတ်ချ်က – “သတင်းစာ လွတ်လပ်ခွင့် မရှိ၊ စည်းရုံးဟောပြောခွင့် မရှိ၊ အမြင်မတူသူများ ဆွေးနွေးခွင့် မရှိပါက မည်သည့် အဖွဲ့အစည်းတွင်မဆို ပြည်သူ့သက်ဝင်လှုပ်ရှားမှုများ သေဆုံးသွားပြီး ဗျူရိုကရေစီ (Bureaucracy) သာလျှင် အသက်ရှင် ကျန်ရစ်လိမ့်မည်” ဟု ရေးသားခဲ့ဖူးပါတယ်။
လူဇင်ဘတ်ချ်က ဟောကိန်းတခုထုတ်ခဲ့ဖူးပါတယ်။သတင်းစာလွတ်လပ်ခွင့်ကို ပိတ်ပင်ပြီး တော်လှန်ရေးကို ဝေဖန်တဲ့သတင်းစာတွေကို ပိတ်ပင်ရမယ်ဆိုတဲ့ နှိပ်ကွပ်မှုတွေဖြစ်လာရင် ပြည်သူတွေရဲ့ နိုင်ငံရေးမှာပါဝင်လိုစိတ်တွေ သင်းသတ်ခံရသလို သေဆုံးသွားမှာဖြစ်တယ်။ အဲ့ဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကတော့ နိုင်ငံရေးအာဏာဟာ ဗျုရိုကရေစီယန္တရားပေါ်က ပါတီရဲ့ လက်တဆုပ်စာဗဟိုကော်မတီဆိုသူတွေ စိတ်ကြိုက်ခြယ်လှယ် စီမံအုပ်ချုပ်တဲ့ အခြေအနေကို ဆိုက်လာလိမ့်မယ်။ နောက်ဆုံး တနေ့မှာ ဗဟိုကော်မတီအားလုံးလက်ထဲက အာဏာကို လူတဦးတည်းကပဲ သိမ်းပိုက်သွားပြီး အာဏာရှင် (Dictator) ပေါ်ထွက်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ ရိုဆာ လူဇင်ဘတ်ချ် ဟောကိန်းထုတ်ခဲ့သလိုပဲ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာ ကျနော် အသေးစိတ်ထပ်ပြီး ရှင်းမနေလိုတော့ပါဘူး။
သတင်းမီဒီယာကို ချုပ်ကိုင်ပြီး ဝါဒဖြန့်ချီရေးလုပ်ရမယ်ဆိုတဲ့ အမြင်အယူအဆကို လက်မခံတာဟာ မီဒီယာတွေဟာ အရင်းရှင်အလိုကျလုပ်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ မီဒီယာတွေဟာ ပြည်သူလူထုအတွက် အမှန်တရားဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်ရမယ်လို့ ဆိုလိုတာဖြစ်တယ်။
အရင်းရှင်ကမကြိုက်ရင်လည်း အလုပ်ပြုတ်ခံပြီး အမှန်တရားကို ပြောရဲရမယ်။ အာဏာရှင်က မကြိုက်ရင်လည်း အဖမ်းခံ၊အသတ်ခံပြီး အမှန်တရားဘက် ပြတ်ပြတ်ရပ်ရမယ်။ ကျနော့်အနေနဲ့ မီဒီယာတွေကို အမှန်တရားနဲ့ ပြည်သူကလွဲပြီး ကျန်တာ ဘာကိုမှထပ်ပြီးမတောင်းဆိုတော့ပါဘူး။
အမှန်တရားနဲ့ ပြည်သူကိုမျက်ကွယ်ပြုတဲ့ မီဒီယာဟာ မီဒီယာမဟုတ်ဘူးလို့လည်း တလက်စတည်း သဘောထားအပြတ်ပေးလိုတယ်။ ပါတီအာဘော်စာစဥ်သည်ပင်လျှင် “အမှန်တရားနဲ့ ပြည်သူ”ဆိုတဲ့ သစ္စာနှစ်ပါး မြတ်တရားကို ဦးထိပ်ထားပြီး ဝါဒဖြန့်ချီဖို့လိုပါတယ်။ ဒါက ပါတီအာဘော်စာစဥ်တွေရဲ့ ရပ်တည်ချက်ကိုပါ တပါတည်း သတ်မှတ်ပေးတာပါ။ မီဒီယာရဲ့ လွတ်လပ်ခွင့်ကိုတော့ ဘောင်ခတ်စရာမလိုပါဘူး။ လွတ်လပ်ခွင့်ဆိုတာ ပါတီဝင်တွေ၊ ပါတီကို ထောက်ခံသူတွေအတွက် သက်သက်ပဲမဟုတ်ပါဘူး။ လွတ်လပ်ခွင့်ဆိုတာ ကိုယ်နဲ့အမြင်မတူသူတွေရဲ့ ပြောရေးဆိုခွင့်လည်းဖြစ်တယ်လို့ ရိုဆာ လူဇင်ဘတ်ချ်ပြောခဲ့တဲ့စကားနဲ့ပဲ နိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျာ။ ။
#RedNewsAgency #RedNews #RNA