RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရေကြီးမှုအတွင်း သုဝဏ္ဏဘူမိလေဆိပ် သောင်းနှင့်ချီသည့် ခရီးဆောင်အိတ်များ စုပုံကြန့်ကြာနေမှုနေကြောင့် ထိုင်းအမျိုးသားလေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် ချိုင်းအေယမ်ဆီရီ (Chai Eamsiri) သည် ရာထူးမှ နုတ်ထွက်ခဲ့ရကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၂၅) ရက်မှ စတင်ဖြစ်ပွားခဲ့သည့် ဘန်ကောက်မြို့တွင်း ရေကြီးရေလျှံမှုများကြောင့် သုဝဏ္ဏဘူမိလေဆိပ်၌ လေကြောင်းခရီးစဉ် စီမံခန့်ခွဲမှု အမှားအယွင်းများနှင့် ခရီးဆောင်အိတ် သယ်ယူပို့ဆောင်မှုစနစ်လည်း ချို့ယွင်းမှုများရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်အပေါ် ထိုင်းအမျိုးသားလေကြောင်းလိုင်း ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Lavaron က ဦးဆောင်ပြီး ဘုတ်အဖွဲ့အစည်းအဝေးကျင်းပခဲ့ကာ ယခုဖြစ်စဉ်များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှီစေရန် အမှုဆောင်အရာရှိချုပ် မစ္စတာချိုင်းကို ရာထူးမှ နုတ်ထွက်စေခဲ့ခြင်း ဖြစ်သည်။
ဘန်ကောက်မြို့ ရေကြီးမှုအတွင်း လေဆိပ်ဝန်ထမ်းအများအပြားသည် လေဆိပ်သို့ မလာရောက်နိုင်ခဲ့ခြင်းကြောင့် ခရီးသည်ဝန်ဆောင်မှုများ အားနည်းချက်ဖြစ်ပေါ်ခဲ့ကာ ခရီးဆောင်အိတ် (၁၀၀၀၀) ကျော် လေဆိပ်၌ စုပုံကြန့်ကြာခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းခရီးဆောင်အိတ်များကို ရှင်းလင်းရန်အတွက် လေကြောင်းခရီးစဉ် (၂၄) ခုကို အောက်တိုဘာ (၁) ရက်နှင့် (၂) ရက်နေ့တို့တွင် ပယ်ဖျက်ခဲ့ပြီး အောက်တိုဘာ (၃) ရက်မှ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်ရန် ထိုင်းအမျိုးသားလေကြောင်း တာဝန်ရှိသူများက အစောပိုင်းက စီစဉ်ခဲ့ခြင်းဖြစ်သည်။
သုဝဏ္ဏဘူမိလေဆိပ်၌ ဝန်ဆောင်မှုများ ကြန့်ကြာမှုနှင့် စီမံခန့်ခွဲမှုအမှားအယွင်းမှာ ဖြစ်ပေါ်ခဲ့မှုအပေါ် ဘုတ်အဖွဲ့အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် အနာဂတ်၌ ယခုကဲ့သို့ ဖြစ်ရပ်မျိုးထပ်မံမဖြစ်ပွားစေရန်အတွက် လေဆိပ်၏ စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်စစ်ဆေးသုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြေပြင်ဝန်ဆောင်မှုများ၊ ကုန်ဂိုဒေါင်များ၌ ဝန်ထမ်းခန့်အပ်ထားမှုနှင့် ကန်ထရိုက် ပေးအပ်ခြင်းအပါအဝင် ပြင်ပမှ ဝန်ထမ်းငှားရမ်းခြင်းများကိုလည်း ပြန်လည်စစ်ဆေးသွားမည်ဟု ဆိုသည်။
ရာထူးမှ နုတ်ထွက်ခဲ့ရသည့် မစ္စတာချိုင်း၏နေရာတွင် လက်ရှိဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် PTT ကုမ္ပဏီ၏ အမှုဆောင်ဟောင်းဖြစ်သူ မစ္စတာ ဆမ်ရစ် (Samrit) ကို ခန့်အပ်ခဲ့ပြီး စုပုံကြန့်ကြာနေသည့် ခရီးဆောင်အိတ်များကို အမြန်ဆုံးရှင်းလင်းရန်နှင့် ခရီးသည်များအတွက် ကောင်းမွန်သည့် ဝန်ဆောင်မှုနှင့် ယုံကြည်မှုများ ပြန်လည်ရရှိစေရန် ညွှန်ကြားထားကြောင်း သိရသည်။