RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနှင့် အပူချိန်မြင့်တက်လာမှုတို့ကြောင့် (၆) လအတွင်း ကမ္ဘာတစ်ဝန်း၌ လူပေါင်း (၄၅၁၀၀၀) ခန့် သေဆုံးနိုင်ကြောင်း ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များနှင့် သုတေသနရှင်များ ပူးပေါင်းပါဝင်သော Climate Impact Lab က အစီရင်ခံစာထုတ်ပြန်ထားသည်။
၂၀၂၆ ခုနှစ် စက်တင်ဘာလမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ စူပါအယ်လ်နီညို သက်ရောက်မှုဖြစ်စဉ်ကြောင့် အပူချိန်ပိုမိုမြင့်တက်လာနိုင်သည့်အတွက် ကမ္ဘာတစ်ဝန်း လူသိန်းနှင့်ချီ သေဆုံးမှုအန္တရာယ်ကို ကြိုတင်ကာကွယ်ပြင်ဆင်ရန် Climate Impact Lab က တိုက်တွန်းထားသည်။
ယင်းဖြစ်စဉ်အတွင်း မြန်မာနိုင်ငံရှိ လူပေါင်း (၁၂၀၀) ခန့်သည် (၆)လတာကာလအတွင်း ဆိုးရွားသည့် အပူချိန်မြင့်တက်မှုကြောင့် သေဆုံးနိုင်ခြေရှိကြောင်း ဖော်ပြထားပြီး အများဆုံး (၁၃၀၀) ဝန်းကျင်ထိ သေဆုံးနိုင်ခြေရှိကြောင်း အစီရင်ခံစာ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
Climate Impact Lab က ထုတ်ပြန်ထားသည့် အစီရင်ခံစာ၌ စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်လာမှုနှင့်အတူ တောမီးလောင်မှု၊ ရေကြီးရေလျှံမှုနှင့် မိုးရွာသွန်းသည့် အချိန်ကာလ ပုံမှန်မရှိခြင်းတို့ ကြုံတွေ့ရနိုင်ကြောင်း ဖော်ပြထားသည်။
“ဒါက အပူချိန်မြင့်တက်လာမှုကြောင့် သက်ရောက်နိုင်တဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့ ကြိုတင်ခန့်မှန်း တွက်ချက်ထားတာပါ။ လက်ရှိခန့်မှန်းချက်အရ လူပေါင်း (၄၅၁၀၀၀) ဝန်းကျင်ဟာ လာမယ့်လတွေအတွင်းမှာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် သေဆုံးနိုင်ချေရှိပါတယ်။ ဒါကြောင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မိသားစုတွေအပါအဝင် အိမ်နီးချင်းတွေဟာ အသက်ရှင်သန်ရေးအတွက် အားလုံးအတူတူ ဝိုင်းဝန်းကူညီစောင့်ရှောက်ဖို့ လိုအပ်ပါတယ်” ဟု Climate Impact Lab ပူးတွဲတည်ထောင်သူ Michael Greenstone က ပြောကြားထားသည်။
အပူချိန်မြင့်တက်လာမှုကြောင့် သေဆုံးနိုင်ခြေအများဆုံး နိုင်ငံပေါင်း (၅၀) စာရင်းတွင် အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားက ဒုတိယနေရာ၌ရှိနေပြီး လူပေါင်း (၁၉၃၀၀) ဝန်းကျင် သေဆုံးနိုင်ကြောင်း၊ ဖိလစ်ပိုင်က (၆၅၀၀) ဝန်းကျင်၊ ထိုင်းနိုင်ငံက (၅၀၀၀)ဝန်းကျင်နှင့် မလေးရှားက (၇၃၆) ဦးဝန်းကျင် ရှိနိုင်ကြောင်း ဖော်ပြထားသည်။
Climate Impact Lab ၏ အစီရင်ခံစာ၌ ဖော်ပြထားသော ကိန်းဂဏန်းအရေအတွက်သည် အပူချိန်မြင့်မားမှုကြောင့် သေဆုံးမည့်အခြေအနေထက် ၎င်းတို့၏ အသက်ရှင်သန်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပိုမိုအလေးထားပြင်ဆင်ရန်နှင့် အပူလှိုင်းကျရောက်နိုင်သည့် ဒေသများ၌ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန်အတွက်ဖြစ်ကြောင်း သုတေသနပညာရှင်များက သုံးသပ် ပြောကြားထားသည်။
အပူချိန်မြင့်မားမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း လူသေဆုံးမှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက အများဆုံးဖြစ်ပွားခဲ့ရာ ဧပြိတစ်လအတွင်း လူပေါင်း (၁၅၀၀) နီးပါးအထိ သေဆုံးမှုရှိခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြမှုနှင့် လူမှုကူညီရေးအဖွဲ့များ၏ အချက်အလက်များအရ သိရသည်။