စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ဝတ်မှုန်ရွှေရည်၏ဓာတ်ပုံများကို Vogue Thailand မှ ပြန်လည်ဖယ်ရှား

RNA_စက်တင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။

အာဏာသိမ်းစစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်နေသည့် မြန်မာအမျိုးသမီးသရုပ်ဆောင် ဝတ်မှုန်ရွှေရည်၏ ဓာတ်ပုံများကို Vogue Thailand ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် စက်တင်ဘာ (၁၅) ရက်၌ဖော်ပြခဲ့ပြီး တစ်ရက်အကြာ ယနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် ပြန်လည်ဖယ်ရှားလိုက်ကြောင်း သိရသည်။

ဝတ်မှုန်ရွှေရည်၏ အမျိုးသားဖြစ်သူ နိုင်ဖြိုးကျော်(ခ)အဲရစ်ယန်သည် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် ပါဝင်ကူညီထောက်ပံ့ပေးနေသူတစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်၏ Seventh Sense Creation ကုမ္ပဏီကိုလည်း ပူးတွဲတည်ထောင်ထားသူတစ်ဦးဖြစ်သည်။

ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များ၌ လိုက်ပါသွားရသည့် စီးပွားရေးလုပ်ငန်းရှင် ခရိုနီများထဲတွင် နိုင်ဖြိုးကျော်လည်း တစ်ဦးအပါအဝင်ဖြစ်ပြီး ခင်သီရိသက်မွန်နှင့်လည်း ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းအပြင် အခြားစီးပွားရေးလုပ်ငန်းများ၌လည်း အတူပူးတွဲလုပ်ကိုင်နေကြောင်း သိရသည်။

မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသော စစ်အုပ်စုနှင့် ဆက်နွယ်ပတ်သက်နေသည့် မြန်မာသရုပ်ဆောင် ဝတ်မှုန်ရွှေရည်၏ ဖက်ရှင်ဓာတ်ပုံများကို Vogue Thailand က ဖော်ပြခဲ့မှုအပေါ် Cinema Boulevard အပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

Vogue Thailand သည် အမေရိကန်အခြေစိုက် Vogue မဂ္ဂဇင်း၏ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း (၂၆) ခုတွင် လိုင်စင်ဖြင့် ထုတ်ဝေခွင့်ရရှိထားခြင်းဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံတွင်း ထုတ်ဝေခွင့်ရရှိထားသည့် အယ်ဒီတာချုပ်အားလုံးသည် Vogue ၏ စံတန်ဖိုးများ (Vogue Values) ကို လိုက်နာရကာ လက်မှတ်ရေးထိုးထားရကြောင်း သိရသည်။

Vogue ၏ စံတန်ဖိုးဖြစ်သော မတူကွဲပြားမှုများကို လက်ခံခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း၊ လူတစ်ဦးချင်းစီနှင့် အသိုက်အဝန်းများကို လေးစားခြင်းနှင့် သဘာပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းများကို အဖွဲ့ဝင် (၂၆) ခုစလုံးမှာ အယ်ဒီတာချုပ်များအနေဖြင့် လိုက်နာဆောင်ရွက်ရန် Vogue ၏ မိခင်ကုမ္ပဏီဖြစ်သည့် Condé Nast က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ထားသည်။

By RNA Editor