“အောင်မြင်စစ်ဆင်ရေး” နောက်ဆက်တွဲ ယနေ့ တိုက်ပွဲများတွင် ဒုညွှန်ကြားရေးမှူး (၁) ဦးအပါအဝင် သေဆုံးသူများရှိ

RNA_ဇန်နဝါရီ (၁၁)၊၂၀၂၆ခုနှစ်။

NUG/MOD/PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ စစ်တောင်းမြစ်ဝှမ်းဒေသ “အောင်မြင်စစ်ဆင်ရေး” နောက်ဆက်တွဲအဖြစ် ယနေ့ (ဇန်နဝါရီ ၁၁ ရက်) တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဒု -ညွှန်ကြားရေးမှူး (၁) ဦးအပါအဝင် အခြားသေဆုံးသူများ ရှိခဲ့သည်။

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်အတွင်း တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖော်ဆောင်သည့် အထွေထွေအုပ်ချုပ်ရေးရုံးကို ယနေ့ တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ဒုညွှန်ကြားရေးမှူး (၁)ဦးသေဆုံးပြီး အခြားဌာနဆိုင်ရာဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထန်းတပင်မြို့နယ်ရဲစခန်းကိုလည်း တိုက်ခိုက်ခဲ့သည့်အတွက် စစ်တပ်လက်အောက်ခံ (၂)ဦးသေဆုံးပြီး ဗိုလ်မှူး(၁)ဦး အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦးခန့် ထိခိုက်ခဲ့သည်ဟု အမှတ် -၂ စစ်ဆင်ရေးနယ်မြေမှ သတင်းထုတ်ပြန်ထားသည်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ အာဏာသိမ်းစစ်တပ်၏ ဆာဂွန်းဂိတ်အထိုင်စခန်းကိုလည်း ယနေ့ တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်လက်အောက်ခံများ သေဆုံးမှုရှိကြောင်း၊ မင်းလှမြို့နယ်တွင်လည်း တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လုံခြုံရေးယူပေးနေသည့် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များကိုလည်း ဟန့်တားဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်အတွင်း နေရာ(၃) ခုတွင်လည်း အတုအယောင် ရွေးကောက်ပွဲကို လုံခြုံရေးယူပေးနေသည့် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး၊ ပေါက်တောရွာရှိ အာဏာသိမ်းစစ်တပ် ခမရ (၁၀) တပ်ရင်းကိုလည်း လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ ပြုလုပ်သည့် “အောင်မြင်စစ်ဆင်ရေး” နောက်ဆက်တွဲ တိုက်ပွဲများကိုအမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ် (၃၅၀၂) တပ်ရင်း၊ ဒရုန်းအဖွဲ့၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၄)၊ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၆၀၁) တပ်ရင်း၊ အမှတ် (၃) ဧရာဝတီတပ်ရင်း၊ ဖြူးမြို့နယ်ပကဖ၊ မင်းလှမြို့နယ်ပကဖ တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#RNA #REDNEWS #RedNewsAgency

By RNA Editor