မကြားနိုင်တဲ့ “အသံ”၊ မမြင်နိုင်တဲ့ “အလင်း”

“စစ်ရာဇဝတ်မှုတွေကြားက စစ်ဘေးရှောင်တွေ၊ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသူတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြားက မြန်မာပြည်သူတို့အသံ ကမ္ဘာက ကြားပါစေ”

ရန်နိုင်

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းအရပ်သား သုံးသန်းကျော်နစ်နာနေတယ်လို့ UN ရဲ့ ၂၀၂၄ မတ်လထုတ် အစီရင်ခံစာက ထုတ်ပြန်ထားတယ်။ အဆိုးရွားဆုံးထိခိုက်ခံစားရတဲ့လူမျိုးစုက ရခိုင်ဒေသမှာရှိတဲ့ လူနည်းစု မွတ်စလင်တွေပါလို့ ကမ္ဘာတဝန်းကသိခဲ့ကြတယ်။ အနစ်နာဆုံးလူမျိုးစု ဖြစ်တာကြောင့် လိုအပ်တဲ့ အထောက်အပံ့တွေ UN ဆီက အများအပြားရရှိခဲ့တယ်။

ရခိုင်ပြည်နယ်က မွတ်စလင် လူမျိုးစုတွေအပြင် ဒီကနေ့ တနိုင်ငံလုံးက စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကလည်း နစ်နာသူ လူမျိုးစုတွေအဖြစ် ကမ္ဘာတဝန်းက သိရှိသွားဖို့လိုပါတယ်။ စစ်တပ်ဗုံးကြဲလို့ ကျေးရွာအချို့မရှိတော့တဲ့ စစ်ကိုင်းတိုင်းက ပဇီကြီးရွာဖြစ်စဉ်လို ဂျက်ဖိုက်တာနဲ့ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ အနီးကပ် ပစ်တာကိုခံလိုက်ရလို့ သေဆုံးသွားကြတဲ့ ပြည်သူ ၁၇၀ ကျော်ရဲ့ နစ်နာရတဲ့အဖြစ်တွေကိုလည်း ကမ္ဘာတဝန်းက သိသွားဖို့လို နေပါပြီ။

စစ်တပ်ရဲ့ဖိနှိပ်မှုကို မခံနိုင်တော့လို့ လက်နက်စွဲကိုင်တော်လှန်ကြတဲ့ EAOs တွေနဲ့ တိုက်ပွဲကြောင့် စစ်ရှောင်ဘဝနဲ့ကြီးပြင်းနေရတဲ့ ကရင်၊ ကချင်၊ ရခိုင်နဲ့ အခြားတိုင်းရင်းသား မျိုးနွယ်စုတွေရဲ့နစ်နာမှုတွေကိုလည်း ကမ္ဘာကြီးက ထဲထဲဝင်ဝင်သိသွားဖို့လိုနေပါပြီ။ ပေါ်တာဆွဲသတ်ဖြတ်တာတွေ၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာတွေ၊ ရိက္ခာပြတ်ပြီးငတ်မွတ်စေဖို့ သီးနှံစိုက်ခင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာတွေကိုလည်း ကမ္ဘာပေါ်ကလူသားတိုင်း သိရှိဖို့လိုနေပါပြီ။ ဒီလူမျိုးစုတွေအတွက်လည်း ကမ္ဘာကြီးရဲ့အထောက်အပံ့တွေ လိုအပ်နေပါပြီ။

မြန်မာနိုင်ငံရဲ့လူဦးရေ ၁၉.၉ သန်းလောက်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး ၂၀၂၅ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁.၁၄ ဘီလီယံလိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့ ဘင်္ဂါးဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရခိုင်ဒေသမွတ်စလင်လူမျိုးစု ဒုက္ခသည်စခန်းကိုတော့ ၂၀၁၇ မှ ၂၀၂၃ ထိ ၁.၇ ဘီလီယံကျော် အမေရိကန်အစိုးရက ထောက်ပံ့ပေးခဲ့တယ်။ UNHCR, UNICEF ကလည်း အဲဒီလူမျိုးစုတွေအတွက် ရေရှည်အကူအညီတွေ ပေးခဲ့ကြတယ်။

ဘီဘီစီ၊ စီအင်အမ်၊ အယ်ဂျားဇီးယား၊ ဂါးဒီးယမ်း စတဲ့ မီဒီယာကြီးတွေက အထက်က ပြောခဲ့တဲ့ လူနည်းစုအရေးကို အထူးဂရုပြု လေ့လာဖော်ပြကြတယ်။ ဘီဘီစီ က ၂၀၁၇ ခုနှစ် စစ်တပ်ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ရေးသားဖော်ပြကြတယ်။ အဲဒီဒုက္ခသည်တွေရဲ့ ဘဝအတွေ့အကြုံအခက်ခဲတွေကို မြေပြင်ထိကွင်းဆင်းလေ့လာကြတယ်။ ပစ္စည်းသက်သေ အသံသက်သေတွေကို စုဆောင်းပြီး သုတေသနပြု ဖော်ပြကြတယ်။

ကာတာနိုင်ငံအခြေစိုက်တဲ့ အယ်ဂျားဇီးယားကတော့ ရခိုင်ဒေသက မွတ်စလင်လူနည်းစု တွေအပေါ် အစ္စလာမ့်ကမ္ဘာရဲ့ ထောက်ခံမှုကို အဓိကဖော်ပြကြတယ်။ မြန်မာစစ်တပ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒယနဲ့ အခြားအာရှနိုင်ငံတွေရဲ့ သဘောထားကို ဖော်ပြကြပေမယ့် အဲဒီလူနည်းစုရဲ့ နစ်နာခံစားရမှုကို အဓိက အလေးပေးဖော်ပြကြတယ်။ အထူးသဖြင့် အစ္စလာမ့်ကမ္ဘာရဲ့ ရှုထောင့်ကနေဖော်ပြခဲ့ကြတယ်။

ဒီလိုကမ္ဘာ့မီဒီယာကြီးတွေက အလေးပေးဖော်ပြခံရတာကြောင့် အနောက်နိုင်ငံအများစုကလည်း အဲဒီလူမျိုးစုအရေးမှာ ပိုမိုအာရုံစိုက်အလေးထားကြတယ်။ ခေတ်သစ်လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အလေးထားစာနာကြတယ်။ မြန်မာစစ်တပ်က ကျူးလွန်ခံရတဲ့လူနည်းစုတွေအဖြစ် ဂရုဏာထားစောင့်ကြည့်ကြတယ်။ တစ်ကယ်လည်း လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်။ အလေးထားစာနာကြရမှာ မှန်ပါတယ်။ စစ်ရာဇဝတ်မှုတွေကိုလက်ခံလို့ မရဘူး။

စစ်တပ်ကျူးလွန်တဲ့အချိန်က အစိုးရအကြံပေး ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်တပ်ကျူးလွန်မှုအဖြစ် တိတိကျကျဝန်မခံခဲ့တာကြောင့် အဲဒီလူမျိုးစုအရေးမှာ မြန်မာအစိုးရနဲ့မြန်မာပြည်သူတွေက ဗီလိန်ဖြစ်ခဲ့ရတယ်။ နစ်နာသူတွေကို ပိုပြီးဂရုဏာသက်ခဲ့ကြတယ်။ နစ်နာသူတွေရှင်သန်ရေးအတွက် အလေးထားလာကြတယ်။ ဥရောပသမဂ္ဂ (အီးယူ)နဲ့ ယူကေက နှစ်စဉ်ဒေါ်လာသန်းချီထောက်ပံ့နေပြီး ကမ္ဘာ့ဘဏ်နဲ့ UN အဖွဲ့စည်းတွေကလည်း နစ်နာသူတွေအတွက် ရေရှည်အကူညီတွေပေးနေကြတယ်။

ကမ္ဘာသိအောင် လှုံ့ဆော်ခဲ့တဲ့ ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာ ဂျိုလီ၊ နိုဘယ်ဆုရှင် မာလာလာ ယူဆွဖ်ဇိုင်း၊ နိုဘယ်ဆုရှင် ဒေါက်တာမူဟာမ္မဒ် ယူနွတ်စ် စတဲ့ပုဂ္ဂုလ်တွေကြောင့် ရခိုင်ဒေသရှိမွတ်စလင်လူနည်းစု အရေးကို ပိုပြီးသတိထားမိလာကြတယ်။ အကူညီတွေပေးလာကြတယ်။ ကမ္ဘာကြီးကတရားပါတယ်။ နစ်နာသူတွေဘက်က ရပ်တည်ကြတယ်။ နစ်နာသူတွေအတွက် စာနာပေးကြတယ်။ အကူညီတွေပေးကြတယ်။ ကမ္ဘာ့နိုင်ငံသားတွေရဲ့ မေတ္တာတွေ၊ အားပေးမှုတွေနဲ့ လိုအပ်တဲ့အခြေခံ အထောက်အပံ့တွေပေးကြတယ်။ နစ်နာသူတွေရဲ့ အခြေနေအမှန်ကိုသိတဲ့နောက်မှာ ကမ္ဘာကြီးကကူညီပေးဖို့ အသင့်ရှိနေကြတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အနောက်မီဒီယာတွေက စစ်တပ်ရဲ့ကျေးရွာမီးရှို့တဲ့ မှတ်တမ်းတွေကို ဖော်ပြခဲ့ကြတယ်။ အာဏာသိမ်းမှုကို ဆန္ဒပြတဲ့ ပဲခူးမြို့က အရပ်သား ၈၀ကျော် သတ်ဖြတ်ခံရမှုကိုလည်း BBC က အထူးတလည်ဖော်ပြခဲ့တယ်။ ၂၀၂၃ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းက ကျေးရွာတစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခံရမှုတွေ၊ လက်ယက်ကုန်းရွာက အရပ်သား ၁၇ ဦးကို မီးရှို့သတ်ဖြတ်တာတွေကို နယူးယောက်တိုင်းမ်က “Myanmar’s Military Burning Villages to the Ground” ဆိုတဲ့ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ကြတယ်။

ဧရာဝတီ၊ မြန်မာနောင်း၊ မဇ္ဈိမ၊ ဒီဗီဘီစတဲ့ လွတ်လပ်တဲ့သတင်းဌာနတွေက စစ်တပ်ရဲ့ကျူးလွန်မှုတွေကို နေ့စဉ်ဖော်ပြကြတယ်။ တွစ်တာ၊ ဖေ့ဘွတ်၊ တစ်တော့စတဲ့ ဆိုရှယ်မီဒီယာတွေကတဆင့် #WhatsHappeningInMyanmar #SaveMyanmar ဆိုတဲ့ ဟက်ရှ်တက်တွေနဲ့ ကမ္ဘာတဝှမ်းကိုတော့ ဖြန့်နေခဲ့ကြတယ်။ စစ်ကောင်စီတပ်သားတွေဆီက သိမ်းယူရရှိခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေ ပြန်လည်ဖြန့်ဝေခဲ့တဲ့နောက်မှာလည်း နိုင်ငံတကာကို ပျံ့နှံ့သွားခဲ့တယ်။

ဒါပေမဲ့ ရခိုင်ဒေသမှာရှိတဲ့ လူနည်းစုမွတ်စလင်လူမျိုးစုတွေကို မြန်မာစစ်တပ်က စနစ်တကျ ဖိနှိပ်မှုအဖြစ် စိတ်ဝင်စားကြတဲ့ အနောက်နိုင်ငံမီဒီယာတွေက အာဏာသိမ်းဆန့်ကျင့်မှုကြောင့် အရပ်သားတွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တာကိုတော့ နိုင်ငံရေးရှုပ်ထွေးမှုအဖြစ် ရှုမြင်ကြတယ်။ ရခိုင်ဒေသက လူနည်းစုတွေ အပေါ်ကျူးလွန်တဲ့ “လူမျိုးရေးအဆင့်ရာဇဝတ်မှု” အဖြစ် မသတ်မှတ်ခဲ့ကြဘူး။

အဲဒါအပြင် စစ်တပ်က နိုင်ငံခြား သတင်းထောက်တွေကို ကန့်သတ်ထားတာတွေ၊ အင်တာနက်အဖြတ်ခံရတဲ့နောက် သတင်းအချက်လက်ရရှိဖို့ အားနည်းလွန်းတာတွေနဲ့ ယူကရိန်းစစ်ပွဲ၊ ပါလက်စတိုင်းပြဿနာစတဲ့ ကမ္ဘာ့အရေးကိစ္စတွေကြောင့် လက်ရှိမြန်မာ့အရေးက စိတ်ဝင်စားမှုနည်းသွားစေခဲ့တယ်။ နောက်ထပ် အားနည်းချက်တခုအဖြစ် ကမ္ဘာ့အနှံ့က ဆိုရှယ်မီဒီယာအသုံးပြုသူတွေဆီကို ဒီကနေ့ မြန်မာ့အရေးတွေက တိုက်ရိုက်ရောက်မနေဘူး။ ဖေ့ဘွတ်မသုံးတဲ့ အနောက်နိုင်ငံသားတွေအတွက် ဖေ့ဘွတ်မှာပဲ ဖော်ပြတဲ့အကြောင်းအရာတွေက စိမ်းနေစေတယ်။ တစ်တော့ပလက်ဖောင်းမသုံးတဲ့ အနောက်နိုင်ငံသားတွေ အတွက်လည်း မြန်မာ့အရေးကို တစ်တော့မှာ စောင့်ကြည့်နေမှာမဟုတ်။

လူငယ်တွေ ဆယ်လီတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ယူအက်စ်၊ ယူကေ၊ ကနေဒါ နဲ့ ဩစတေးလျနိုင်ငံသားတွေက အင်စတာဂရမ်ကိုသုံးနေပေမယ့် မြန်မာနိုင်ငံအရေးကို ပြည်တွင်းဆယ်လီတွေက ဖေ့ဘွတ်မှာပဲ အာသာဖြေတင်နေကြတယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ၊ သတင်းအကြောင်းအရာတွေကို ဆိုခဲ့တဲ့ နိုင်ငံတွေက တွစ်တာမှာ ဝေမျှကြပေမယ့် မြန်မာနိုင်ငံသားအများစုကတော့ တော်လှန်ရေးနဲ့ပတ်သတ်တဲ့ သတင်းအစစ် အမှန်တွေကို ဖေ့ဘွတ်မှာပဲဖော်ပြနေကြတယ်။

ဒီလိုသတင်းအချက်လက်ပျံ့နှံ့မှုတွေက အာရုနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနဲ့အနောက်နိုင်ငံတွေမှာ ကွာဟနေကြတယ်။ မြန်မာ့အရေးကို အာရှနိုင်ငံအချို့လောက်ပဲ သိခဲ့ကြပြီး အနောက်နိုင်ငံအများစု ရှင်းရှင်းလင်းလင်း မသိကြဘူး။ အာရှတိုက်ကိုလွှမ်းမိုးနေသူ တရုတ်အစိုးရနဲ့ တရုတ်အစိုးရကို မလွန်ဆန်နိုင်တဲ့ အာဆီယံအဖွဲ့ အစည်းကလည်း ထိထိရောက်ရောက်ဖြေရှင်းမပေးနိုင်ကြဘူး။ မြန်မာ့နိုင်ငံရေးကို တိတိလင်းလင်းဝင်စွတ်နေတဲ့တရုတ်နိုင်ငံရဲ့ လောင်းရိပ်က ရုန်းမထွက်နိုင်ကြဘူး။

မြန်မာ့တနိုင်ငံလုံးရဲ့ ပြဿနာထက်ပိုထင်ရှားနေတဲ့ ရခိုင်ဒေသအတွင်းက မွတ်စလင်လူနည်းစုတွေရဲ့ ရေးရာလှုပ်ရှားသူတွေက တွစ်တာ၊ အင်စတာဂရမ်၊ ယူကျူ မှာ အဓိကဖော်ပြကြတယ်။ #Rohingya #SaveRohingya #GenocideInMyanmar ဆိုတဲ့ ဟက်ရှ်တက်တွေနဲ့ တွစ်တာကတဆင့် နိုင်ငံတကာ အသိုက်အဝန်းကို သတင်းစကားဖြန့်ကြနေတယ်။
တွစ်တာမှာ အဲဒီလူမျိုးစုခေါင်းဆောင်ကိုယ်တိုင်က စစ်တပ်ရဲ့ သူတို့အပေါ်ရက်စက်မှုကို တိုက်ရိုက်ရှုတ်ချဖော်ပြနေတယ်။ ဘီဘီစီ၊ စီအင်အမ်, အယ်ဂျားဇီးယား သတင်းဌာနေတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး သတင်းတွေကို အဆက်မပြတ်ဖော်ပြနေကြတယ်။ အင်စတာဂရမ်ကတဆင့်လည်း သူတို့ရဲ့ဒုက္ခသည်ဘဝ အခြေနေ၊ ကလေးငယ်တွေရဲ့အခက်ခဲတွေနဲ့ သူတို့ကိုနိုင်ငံတကာ လူသားချင်းစာနိုင်မှုဆိုင်ရာ အနုပညာရှင်တွေက ပံ့ပိုးကူညီနေတဲ့ပို့စ်တွေကို အားကောင်းကောင်းနဲ့ဖော်ပြနေကြတယ်။ ဒါတွေကြောင့် အနောက် နိုင်ငံသားအများစု ရိုဂျင်ဟာလူမျိုးစုရဲ့အရေးကို ‘ကကြီး’အစ၊ ‘အ’ အဆုံး သိနေကြတယ်။ နစ်နာသူတွေအဖြစ် ထင်ထင်ရှားရှား လက်ခံနေကြတယ်။

သတင်းအချက်လက်တွေ ကွာဟနေတဲ့နောက်မှာလည်း မြန်မာနိုင်ငံအရေးကို ရခိုင်ဒေသက မွတ်စလင် လူနည်းစုအရေးလောက် သိမနေကြဘူး။ စစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်တာ ခံရသူချင်းတူပေမယ့် အနောက်နိုင်ငံသား သာမန်ပြည်သူတွေက မြန်မာအရေးကို ရှင်းရှင်းလင်းလင်းမသိကြဘူး။ နစ်နာသူတွေကို ကူညီတတ်တဲ့ ကမ္ဘာ့အနှံ့နိုင်ငံသားတွေက မြန်မာပြည်သူတွေအပေါ် စစ်တပ်က လူမျိုးတုံးသတ်ဖြတ်နေတဲ့ အရေးကို ရှင်းရှင်းလင်းလင်း မသိကြဘူး။

စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် ကျည်ဆံတွေမတောင်းဆိုပေမယ့် စစ်အာဏာရှင်တွေကြောင့် ဆေးကုသခွင့်မရတဲ့ အကျဉ်းသားတွေ၊ နေစရာအိမ်မရှိ စားစရာအဟာရမလောက်ငှတဲ့ပြည်သူတွေ အတွက် လူသားချင်းစာနာမှု အထောက်အပံ့တွေတော့ လိုအပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို တကယ်ကူညီနိုင်မယ့် ပြည်ပနိုင်ငံသားတွေဆီက အကူညီတောင်းခံရမှာပါ။ ကမ္ဘာမှာလူသားအချင်းချင်း ကူညီချင်တဲ့သူတွေ အနှံ့အပြားရှိကြပါတယ်။ ကူညီမယ့်သူနဲ့ရင်ဘတ်ချင်း နီးဖို့ပဲလိုတာပါ။

“စနစ်ကျတဲ့သတင်းအချက်လက် ဖော်ပြမှုတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ လှုပ်ရှားမှုတွေနဲ့ စိတ်ခံစားချက် ပါတဲ့ ရုပ်သံတွေတင်ဆက်ပြီး ကမ္ဘာ့အနှံ့က ဆိုရှယ်မီဒီယာသုံးသူတွေ အာရုံစိုက်လာအောင် ကြိုးစားနိုင်ရမယ်။ မီဒီယာပလက်ဖောင်းတိုင်းမှာ တင်ပြဖို့ကြိုးစားနိုင်ရမယ်။ နေ့စဉ်နီးပါးသတင်းအချက်လက်တွေ ဝေမျှနိုင်ရမယ်။ ဒါမှလည်း အခြားနိုင်ငံတွေရဲ့ စိတ်ဝင်စားမှုတွေရလာမယ်။ လိုအပ်တဲ့အကူညီတွေအတွက် ကမ်းလှမ်းလာမယ်။ ရေရှည်လိုအပ်တဲ့ အထောက်အပံ့တွေလဲ ရလာနိုင်တယ်“လို့ “ရှေ့တန်းစစ်မြေပြင်အတွင်း သတင်းဓါတ်ပုံယူနည်း” သင်တန်းပေးခဲ့တဲ့ အမေရိကန်နိုင်ငံသားတယောက် ပြောခဲ့ဖူးတယ်။

ဗီယက်နမ်သမိုင်းမှာ အစိုးရရဲ့ ပြည်သူတွေ၊ သံဃာတွေအပေါ် သတ်ဖြတ်ဖိနှိပ်နေတာကို ကမ္ဘာ့ပြည်သူတွေက သတိမမူကြတာကြောင့် ဘုန်းတော်ကြီး(Thich Quang Duc) က ဆိုင်ဂုံမြို့ရဲ့လမ်းမပေါ်မှာ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြပြီး ကမ္ဘာ့အာရုံကိုစုစည်းပြခဲ့တယ်။ ရလဒ်ကတော့ ကမ္ဘာကအာရုံစိုက်လာပြီး ဖိနှိပ်တဲ့အစိုးရကို ဖြုတ်ချဖို့ကူညီနိုင်ခဲ့ကြတယ်။
အိန္ဒိယလွတ်လပ်ရေးဖခင် မဟတ္တမ ဂန္ဓီ ရဲ့ ပထမဆုံး ဆန္ဒပြပွဲဖြစ်တဲ့ “ဆား ဆန္ဒပြပွဲ” မှာအနောက်နိုင်ငံ မီဒီယာတွေဖြစ်တဲ့ လန်ဒန်တိုင်းမ်သတင်းထောက်တွေ၊ အမေရိကန်သတင်းထောက် Webb Miller နဲ့ ချိတ်ဆတ်ခဲ့တယ်။ ဒီ မီဒီယာတွေရဲ့ဖော်ပြချက်နဲ့ အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှုက ကမ္ဘာ့နိုင်ငံရေးအခင်း အကျင်းမှာ အရေးပါတဲ့အရာတခုဖြစ်လာခဲ့တယ်။

ဆိုခဲ့တဲ့အတိုင်း ကမ္ဘာရဲ့တခြားဘက်အခြမ်းမှာ လူသားချင်းစာနာထောက်ထားတဲ့သူတွေ အများအပြား ရှိကြပါတယ်။ သူတို့ကြားနိုင်တဲ့ အသံနဲ့ သူတို့မြင်နိုင်တဲ့ မြင်ကွင်းတွေကို နစ်နာသူမြန်မာပြည်သူတွေက သေသေချာချာ ဖော်ပြနိုင်ဖို့ပဲလိုပါတယ်။ ဒါမှလည်း မြန်မာပြည်သူတွေရဲ့ နစ်နာနေတဲ့ဘဝအခြေနေမှန်ကို ကမ္ဘာပေါ်က လူသားတိုင်းလွယ်လွယ်ကူကူ သိရှိနိုင်မှာဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုတွေကြားက စစ်ဘေးရှောင်တွေ၊ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသူတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြားက မြန်မာပြည်သူတို့အသံ ကမ္ဘာက ကြားပါစေ သိပါစေ။

#RedNewsAgency #RedNews #RNA

By RNA Editor