သေဆုံးသူ လီလီနိုင်ကျော်နှင့် ပျူခေါင်းဆောင် သီတာယုမွန်အပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို မင်းအောင်လှိုင်က ဘွဲ့တံဆိပ်ချီးမြှင့်

RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။

သေဆုံးသွားပြီဖြစ်သော စစ်ကောင်စီလက်အောက်ခံ သတင်းပေး အမျိုးသားရေးလှုပ်ရှားသူ လီလီနိုင်ကျော်နှင့် မြင်းခြံမြို့မှ နာမည်ကြီး ပျူခေါင်းဆောင် သီတာယုမွန်အပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို မင်းအောင်လှိုင်က ယနေ့ (ဇူလိုင် ၃ ရက်) ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရဲဗလတံဆိပ်ချီးမြှင့်ခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင် ကြေညာထားသည်။

စစ်ကောင်စီတပ် သတင်းများပေး၊ အမျိုးသားရေးလှုပ်ရှားသူ လီလီနိုင်ကျော်အား ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်က ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်တွင် ပစ်သတ်ခံခဲ့ကြောင်း၊ ပျူခေါင်းဆောင် သီတာယုမွန်မှာ မြင်ခြံခရိုင်တွင် စစ်ကောင်စီတပ်ကိုယ်စား လက်နက်ကိုင်ဆောင်ပြီး ပြည်သူများကိုဖမ်းဆီးနှိပ်စက်ခြင်း၊ အဓမ္မငွေတောင်းခံခြင်း၊ စစ်ကောင်စီတပ်နှင့်အတူ ကင်းလှည့်ကာ ဒေသတွင်း တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ခြင်းစသည်တို့ လုပ်ဆောင်နေကြောင်း သိရသည်။

အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ချီးမြှင့်လိုက်သော ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဆုတံဆိပ်ရရှိသူများသည် စစ်ကောင်စီကို ထောက်ခံသည့်အပြင် စစ်ကောင်စီထောက်တိုင် ဝန်ထမ်းအများအပြားပါရှိကြောင်း၊ စစ်ကောင်စီနှင့် ဆက်ဆံရေးကောင်းမွန်သော ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP) ပါတီ ဦးဆောင်သူ ဒေါ်စောမြရာဇာလင်းကိုလည်း ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ထားပြီး၊ KNU/KNLA-PC ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူးကိုလည်း ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ထားသည်ကို တွေ့ရှိရသည်။

မင်းအောင်လှိုင်က ယနေ့ ချီးမြှင့်လိုက်သော ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဆုတံဆိပ်ရရှိသူများထဲတွင် လူမှုထူးချွန်တံဆိပ် (ပထမဆင့်) တွင် စိုးမြတ်သူဇာနှင့် မေသဉ္ဇာဦးတို့ ပါရှိပြီး၊ အနုပညာထူးချွန်တံဆိပ် (ပထမဆင့်) တွင် ဆွေဇင်ထိုက် ရရှိထားသည်ကို တွေ့ရှိရပြီး၊ အခြားဆုရရှိသူများသည် စစ်ကောင်စီလက်အောက်ခံများဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အမျိုးသမီးများ ပါရှိသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor