RNA_ဇွန်(၂၀)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာရှိ စစ်ကောင်စီ၏ မဟာဗျူဟာအရ အချက်အချာကျပြီး အရေးပါသော ရဲစခန်းမကျရေးအတွက် လေကြောင်းပစ်ကူများ၊ မြေပြင်စစ်ကြောင်းများဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း ဇွန်လ ၁၉ ရက်နေ့တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဦးဆောင်ပြီး မဟာမိတ်များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
ကန့်ဒေါင့်ရဲစခန်းသည် အချက်အချာကျသော အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ) လမ်းပိုင်းပေါ်တွင်တည်ရှိပြီး၊ အဆိုပါလမ်းသည် အိန္ဒိယနိုင်ငံအထိ သွားလာနိုင်သဖြင့် မဟာဗျူဟာအရ အလွန်အရေးပါသောနေရာဖြစ်ကြောင်း၊ ကန့်ဒေါင့်မှ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာတွင် ကပစ ၂၃ တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင်ခန့်တွင် ကပစ ၂၄ တည်ရှိကြောင်း၊ ကန့်ဒေါင့်ရဲစခန်းသည် ပုလဲမြို့မရဲစခန်းပြီးလျှင် ဒုတိယအကြီးဆုံး ရဲစခန်းဖြစ်ပြီး ဘန်ကာများ၊ မိုင်းကွင်းများ၊ ကတုပ်ကျင်းများဖြင့် ခံစစ်အထပ်ထပ်ပြင်ထားသော တပ်စခန်းတခုဖြစ်သည်ဟု PLA ကထုတ်ပြန်ထားသည်။
ကန့်ဒေါင့်ရဲစခန်းသိမ်း တိုက်ပွဲအတွင်း ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် တိုက်ပွဲသို့ လေကြောင်းပစ်ကူ လာပေးသော စစ်ကောင်စီ၏ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစီးကို PLA က ပစ်ချနိုင်ခဲ့ကြောင်း၊ ကန့်ဒေါင့်ရဲစခန်းကို PLA မှ သိမ်းပိုက်ရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နှင့် အညာမြေတပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ကန့်ဒေါင့်ရဲစခန်း မကျရေးအတွက် လေကြောင်းပစ်ကူ တရပ်စပ်သုံးကာ ခုခံသော်လည်း PLA နှင့် မဟာမိတ်တပ်ပေါင်းစု၏ မလျှော့သော ဇွဲလုံလ ဝီရိယများဖြင့် ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ် အချိန်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အမျိုးသမီးရဲဘော်များလည်း ရွပ်ရွပ်ချွံချွံ ပါဝင်ကာ တိုက်ပွဲဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency #REDNEWS #RNA